Monday, January 16, 2012

မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ဂုဏ်သိက္ခာအတွက် မျိုးဆက်သစ်တွေ မွေးထုတ်ဖို့ အချိန်တန်ပြီ

နေမင်း​သစ်

မြန်မာ တို့ရဲ့ ရိုးရာ အမွေ အနှစ် မြန်မာ့ ရိုးရာ လက်ဝှေ့ဟာ ၂၀၀၀ ပြည့်လွန် ကာလ တွေက စလို့  တကျော့ပြန် ဦးမော့ လာတဲ့ အနေ အထားကို တွေ့ရ ပါတယ်။

နိုင်ငံခြားသား လက်ဝှေ့သမားတွေကို မကြာခဏ ဖိတ်ခေါ်ယှဉ်ပြိုင်မှုတွေ ရှိခဲ့ပြီး ပြည်တွင်းမှာလည်း လက်ဝှေ့ပွဲတွေ အဆက်မပြတ် ကျင်းပလာနိုင်တဲ့ အနေအထားမျိုး ဖြစ်လာခဲ့တာပါ။

မြန်မာပြည် အနှံ့ အပြားမှာ တနှစ် ပျမ်းမျှ လက်ဝှေ့ပွဲ ပွဲ ၅၀ လောက် အထိ ကျင်းပနေပြီး ပထမတန်း လက်ဝှေ့ သမား တဦးရဲ့ တပွဲထိုး သတ်ကြေး ကလည်း၁၀ သိန်းအထက် ဈေးပေါက် နေပါတယ်။ ဖိုးကေ၊ စောငမန်း၊ တွေ့မရှောင် တို့ရဲ့ ထိုးကြေး တွေဆိုရင် ၁၅ သိန်းနဲ့ ၂၅ သိန်းကြား အထိ မြင့်တက် နေတာ တွေ့ရတယ်။

ဘယ်လို ပဲဖြစ်ဖြစ် မြန်မာ့ ရိုးရာ လက်ဝှေ့ဟာ ရိုးရာ အမွေ အနှစ် ကိုယ်ခံပညာ သက်သက် မဟုတ်တော့ဘဲ အသက်မွေး ၀မ်းကြောင်းမှု ပြုနိုင်တဲ့ အနေ အထား တရပ် အထိ တိုးတက် ရောက်ရှိ လာတာ ၀မ်းသာ စရာပါပဲ။

ဒါပေမယ့်​ ​လက်ရှိ​ ​မြန်မာ့ရိုးရာ​ လက်ဝှေ့သမားတွေရဲ့ အရည်အသွေးနဲ့ ခံယူချက်၊ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ လက်ရှိ ဂုဏ်သိက္ခာနဲ့ အဆင့် အတန်းကတော့ ​မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ၂၀၁၂ ဒဂုံရွှေအောင်လံလက်ဝှေ့ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို ရန်ကုန်မြို့က အမျိုးသား အားကစား ပြိုင်ပွဲရုံ ၁ မှာ ကျင်းပခဲ့တယ်။

ပထမတန်းနဲ့ ​ ​အလွတ်တန်း​ ​အောင်လံဆုတွေအတွက် ဒီနှစ်မှာ မြန်မာတွေသာမက နိုင်ငံခြားသားလက်ဝှေ့သမား အချို့ကိုလည်း ဖိတ် ခေါ်ပြိုင်ပွဲ​ ​၀င်စေခဲ့ပါတယ်။ ​ဒီဇင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ ပထမတန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ရုရှားလက်ဝှေ့သမား ချာရီကော့ဗ်က မြန်မာလက်ဝှေ့သမား ထွန်းထွန်းကို အမှတ်ပြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲဆီ ခရီးဆက်ခဲ့သလို အလွတ်တန်း ဆီမီးဖိုင်နယ်ပွဲစဉ်မှာလည်း အာမေးနီးယားလက်ဝှေ့သမား ဒါဗစ်ကရန်ကြီးအောင်မြန်မာကို ဒိုင်ပွဲရပ်နဲ့ အနိုင်ယူခဲ့တယ်။

ထွန်းထွန်းဟာ ၂၀၁၀ ဒဂုံရွှေအောင်လံ ပထမတန်းချန်ပီယံဖြစ်ပြီးရန်ကြီးအောင်ကလည်း​ ​ရွှေခါးပတ်ချန်ပီယံရထားတဲ့ ပထမတန်း လက်ဝှေ့ သမားတယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦးလုံးဟာ ရုရှားနဲ့ အာမေးနီးယား လက်ဝှေ့သမားတွေကို လက်ရည်ခြင်း မယှဉ် နိုင်ခဲ့ဘဲ ရှုံးသင့်ရှုံးထိုက်စွာ​ ​အရှုံးပေခဲ့ကြရတာ​ ​ဖြစ်ပါတယ်။ ဒီနေရာမှာ ထွန်းထွန်းနဲ ​ ​ရန်ကြီးအောင်တို ​ ​အရှုံးဆိုတာထက် မြန်မာ တွေရဲ့ အရှုံး၊ အထူးသဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပညာရပ်ရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ အရှုံးဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကမှာ အကောင်းလက်ဝှေ့သမားတွေထဲမှာ ပါဝင်တဲ့ ထွန်းထွန်း နဲ့ ရန်ကြီးအောင်တို့ဟာ​ ​မြန်မာပြည်မှာ​ ​မြန်မာပရိသတ်နဲ့ မြန်မာဒိုင်တွေရှေ့မှာ​ ​မြန်မာ့ရိုးရာလက်ဝှေ့ စည်းကမ်းအတိုင်း ယှဉ်ပြိုင်ရင်း အရှုံးပေခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီနှစ်ယောက်ထက်ကောင်းတဲ့ လက်ဝှေ့ သမား ရှိဦးမယ်ဆိုရင်တောင် ၂ ဦး၊ ၃ ဦးထက် မပိုပါဘူး။ လုံးချော၊ တွေ့မရှောင်၊ ဖိုးကေတို့နဲ့ ဆိုင်ပေးမယ်ဆိုလည်း မြန်မာဘက်က အနိုင်ရဖို့ အခွင့်အလမ်း နည်းပါတယ်။

ချန်ပီယံဟောင်း လုံးချောက အသက်အရွယ်အရ အကျပိုင်း ရောက်နေပြီ​ ​ဖြစ်သလို တွေ့မရှောင်အနေနဲ့လည်း အရပ်အမောင်း အလုံး အထည်ကွာဟမှုကြောင့် ဆိုင်ပေးလို့မရပါဘူး။ မန္တလေးသား ဖိုးကေကလည်း သူ့ထက်ခေါင်းတလုံးလောက် နိမ့်တဲ့ ထိုင်းလက်ဝှေ့သမား ပါဝိကို ပထမအချီမှာတင် ရှုံးချက်နာခဲ့တာ မကြာသေးလို့ အခုပြိုင်ပွဲမှာ ပွဲထွက်ခွင့်မရခဲ့တဲ့ လက်ဝှေ့သမား ဖြစ်ပါတယ်။

သေချာတာကတော့ လက်ရှိမြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ အနေထားကငွေကြေးကြောင့်ကြိုးဝိုင်းပေါ် တက်လာကြသူတွေ မရှားပေမယ့် အမှန်တကယ် လက်စွမ်းထက်မြက်ပြီး အရည်အချင်းရှိတဲ့ လက်ဝှေ့သမားကောင်းတွေ ရှားနေတာ အမှန်ပါပဲ။ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲတွေဟာ ပွဲသွင်းသူ (စီးပွားရေးသမား) တွေရဲ့ ကြိုးကိုင်မှုအောက်မှာသာ အဓိက သက်ဝင်လှုပ်ရှားနေရကာ မြန်မာနိုင်ငံ ရိုးရာ လက် ဝှေ့အဖွဲ့ချုပ်ရဲ့​ ​ကြိုးပမ်းဆောင်ရွက်မှုတွေကတော့​ ​မှေးမှိန်လျက်ရှိနေတယ်​။ ​မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်မှာ စနစ်ကျတဲ့ လူငယ် စီမံ ကိန်းတွေ ရှိသင့်တယ်။ မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့ အစီအမံတွေ ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ ၀ါသနာအလျောက် စင်ပေါ်ရောက်လာသူတွေထဲက နာမည်လေးရလာသူတွေကိုရွေးကာ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံခြားသားတွေနဲ့ ယှဉ်ပြိုင် ခိုင်းနေ တာမျိုးကလည်း​ ​မှန်ကန်တဲ့ လုပ်ဆောင်မှုလို့ မဆိုနိုင်ပါဘူး။

မြန်မာ့ ရိုးရာ လက်ဝှေ့ အဖွဲ့ ချုပ်မှာ ဒုတိယတန်း၊ ပထမတန်း၊ အလွတ်တန်း လက်ဝှေ့ သမား တွေရဲ့ အဆင့်ကို စနစ်တကျ ပြုစု ထားရ မှာဖြစ်ပြီး သက်ဆိုင်ရာ အတန်း အလိုက် ချန်ပီပံ ဘယ်သူ၊ စိန် ခေါ် သူ နံပါတ်တစ် ဘယ်သူ၊ နံပါတ် နှစ်က ဘယ်သူ ဆိုတာ မျိုးကို တိတိ ကျကျ ရှိအောင်​ ​ဆောင်ရွက် ထားရမှာ​ ​ဖြစ်ပါတယ်။ ဒါမှသာ ပြည်တွင်းကို နိုင်ငံခြား သားတွေ​ လာရင် ပဲဖြစ်ဖြစ်၊ ကိုယ်က ပြည်ပ ထွက်ပြီး ယှဉ်ပြိုင်စရာ ပေါ်လာတဲ့ အခါမှာ ပဲဖြစ်ဖြစ် မြန်မာ ပြည့်ရဲ့ အကောင်း ဆုံးလက်ဝှေ့ သမား တွေကသာ မြန်မာ နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။မြန်မာ နိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခွင့် ရနေတဲ့ လက်ဝှေ့ သမား တွေ ကို မြန်မာ နိုင်ငံ လက်ဝှေ့ အဖွဲ့ ချုပ်က ရွေးချယ်ခြင်း မျိုးမ ဟုတ်ဘဲ စီစဉ်သူ စိတ်တိုင်းကျ ဖြစ်နေတဲ့ သဘော သဘာဝ ကလည်း ပြင်ကိုပြင် ရမယ့် အနေ အထား​ ​ဖြစ်နေတာ သေချာ ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာကောင်းတဲ့ လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အနေအထားကတော့ မြန်မာအမျိုးသမီးလေးတွေအတွက် အခွင့် အရေးနဲ့ မျှော်လင့်ချက် ပျောက်ဆုံးနေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၄၊ ၅ ရက်တွေမှာ​ နိုင်ငံတကာ စိန်ခေါ်ပွဲတရပ် ရန်ကုန်မှာ လုပ်ခဲ့ ပါတယ်။ ဩစတြေးလျသူ တဦးနဲ့ မြန်မာအမျိုးသမီးတို့ ယှဉ်ပြိုင်တဲ့ ပွဲစဉ်တပွဲလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီလို ယှဉ်ပြိုင်ရာမှာ မြန်မာ လက်ဝှေ့မယ်ဟာ မြန်မာပရိသတ်ရှေ့မှာ တဖက်သတ်ခံနေရလို့ ဒုတိယအချီမှာတင် ပွဲကိုရပ်ပြီး ဩစတြေးလျသူကို အနိုင်ပေးလိုက်ရပါတယ်။

အခုလို မြန်မာအမျိုးသမီးတယောက် အရှက်တကွဲရှုံးနိမ့်ခဲ့ရခြင်းအပေါ်ဂရုပြုဆောင်ရွက်မှုတွေ လက်ရှိအချိန်အထိ မကြားရ မမြင်ရ သေး ပါဘူး။ မြန်မာပြည်မှာ မြန်မာအမျိုးသမီးတွေ လက်ဝှေ့ထိုးသတ်ခွင့်ရဖို့ အရမ်းခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ စီးပွား ရေး သမား ပွဲသွင်းသူတွေက အမျိုးသမီးပွဲတွေကို ထည့်သွင်းကျင်းပမှုမရှိလို့ပါပဲ။ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ကလည်း အမျိုး သမီး လက်ဝှေ့မယ်တွေအတွက် အခွင့်အလမ်းနဲ့ အလားအလာတွေ ဖန်တီးပေးနိုင်ခြင်း လုံးဝမရှိဘူးဖြစ်နေတယ်။ လက်ရှိ မြန်မာပြည်ရဲ့  အမျိုးသမီး လက်ဝှေ့ချန်ပီယံ ဘယ်သူလဲလို့ မေးရင် မှန်မှန်ကန်ကန်ဖြေနိုင်မယ့်သူရှိနိုင်မယ်မထင်ပါဘူး

မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်က ပြိုင်ပွဲကြီးတခု ကျင်းပတိုင်း အမျိုးသမီးပွဲစဉ် ၂ ပွဲလောက် ထည့်သွင်းကျင်းပစေဖို့ ပွဲစီစဉ် သူတွေ အပေါ်သတ်မှတ်စည်းရုံးနိုင်မယ်​ ဆိုရင်တော့​ ​မြန်မာအမျိုးသမီးလေးတွေလည်း မြန်မာတို့ရဲ့ ရိုးရာအမွေအနှစ် မြန်မာ့ရိုးရာလက်ဝှေ့အပေါ် အခုထက်ပိုမို​ ​လေ့လာ​ လိုက်စားလာနိုင်ကြမှာ​ ​ဖြစ်ပါတယ်။ ထိုးမယ့်သူ​ ​မရှိလို့ ပွဲမစီစဉ်တာပါလို့​​ ​ပြောကြမယ်ဆိုရင်တော့ …..၊ ပွဲမရှိလို့ ထိုးမယ့်သူ မရှိတာလို့သာ ဆိုရမှာ​ ​ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့ရိုးရာလက်ဝှေ့လောကရဲ့ အနေအထားဟာအကောင်းဘက်က ကြည့်ရင် ပရိသတ်စိတ်ပါဝင်စားမှု အရင်ကထက် ပိုမိုလာတဲ့ အနေအထားကို ၀မ်းမြောက်ဖွယ် တွေ့နေရပါတယ်။ ဒီအနေအထားအပေါ်မှာ ငွေးကြေးအကျိုးအမြတ်ရဖို့သက်သက် ဆောင်ရွက် နေ တာမျိုးတွေ လျှော့ချပြီး မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာအတွက် လက်ဝှေ့ လူချွန်မျိုးဆက်သစ်တွေ စနစ်တကျ မွေး ထုတ်ပေးနိုင်ရေး အတွက်လည်း ဆောင်ရွက်ချိန်တန်ပြီ ဖြစ်ပါကြောင်း…..

No comments: