Thursday, January 19, 2012

သျှမ်းပြည်တပ်မတော် RCSS ဒေသခံ လူ့အဖွဲ့အစည်းနှင့် ပထမဆုံးအကြိမ်တွေ့ဆုံ

သျှမ်းသံတော်ဆင့်

မြန်မာ အစိုးရနှင့် ပြည်ထောင်စု အဆင့် ဆွေးနွေး ခဲ့ကြသည့် သျှမ်းပြည် တပ်မတော် RCSS ကိုယ်စား လှယ်အဖွဲ့ ယမန်နေ့က ဒေသခံ လူထုနှင့် ပထမ ဆုံးအကြိမ် အဖြစ် တောင်ကြီး မြို့တော်မှာ တွေ့ဆုံ ခဲ့ကြကြောင်း ပြောခွင့် ရပုဂ္ဂိုလ် ကပြောသည်။

“ကျနော်တို့ သျှမ်းပြည်တပ်မတော်ရဲ့ ကိုယ်စားလှယ်တွေက တောင်ကြီးရောက်ပြီး အစိုးရနဲ့ ပြည်ထောင်စုအဆင့် ဆွေးနွေး တယ်။ ဆွေး နွေးပွဲနောက်ပိုင်း လူထုနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံရခြင်းဖြစ်ပါတယ်။ အဖွဲ့အစည်းတော်တော်များများနဲ့ ပုဂ္ဂိုလ် တော်တော် များ များကို တွေ့ဆုံခဲ့ရပါတယ်။ ဒီအတွက်ဝမ်းသာ ကျေနပ်မိပါတယ်။” - ဟု သျှမ်းပြည်တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က သျှမ်းသံ တော် ဆင့်အား ပြောသည်။

ယခုလ ၁၆ ရက် အစိုးရကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအဆင့်ဆွေးနွေးပြီးနောက် ယမန်နေ့ ၁၇ ရက်က တောင်ကြီး မြို့ ဒေသခံ လူမှုအဖွဲ့အစည်းများအား RCSS ကိုယ်စားလှယ်များက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မန္တလေး၊ ရန်ကုန်နှင့် မူဆယ် နမ့်ခမ်းမြို့ဒေသခံများအား သွားရောက်တွေ့ဆုံရန် ရှိကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

“တောင်ကြီးမှာ ကျနော်တို့တွေ့ခွင့်ရတာကတော့ သာရေးနာရေးအဖွဲ့၊ ကျားဖြူပါတီဝင်အချို့၊ သျှမ်းစာပေနဲ့ ယဉ်ကျေး မှုအသင်း၊ နမ့်ခုံး အဖွဲ့နဲ့ တခြားသော ဩဇာရှိပုဂ္ဂိုလ်အယောက် ၃၀ ကျော်ကို တွေ့ခဲ့ရတယ်။ ကျနော်တို့ ဆွေးနွေးမှု အောင်မြင်တဲ့အပေါ်ကို ဝမ်းမြောက် ဂုဏ်ယူတယ်လို့ပြောကြတယ်။ ရှေ့ဆက်လက်တွဲပြီးအလုပ်လုပ်သွားကြမယ်လို့ပြော တယ်”


ယခု လူထုနဲ့တွေ့ဆုံပွဲအတွက်ကျေနပ်အားရကြောင်း၊ ရန်ကုန်ရောက်ပါက တိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး ထံသွား ရောက်တွေ့ဆုံဂါရ၀ ပြုရန်လည်း စီစဉ်ထားကြောင်း၊ ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းရှိ မိမိတို့ တပ်မ တော် တပ်ဖွဲ့များနှင့်လည်းတွေ့ဆုံရန်ရှိကြောင်း - ပြောသည်။

ရှေ့ဆက်တွင်လည်း သျှမ်းပြည်လူငယ်များ၊ ဒေသခံလူထု များနှင့်လည်း ဆက်လက်တွေ့ဆုံသွားရန်ရှိပြီး မိမိအပေါ် လူထု ၏ ဆန္ဒ၊ သ ဘောထားများမေးမြန်းသွားမည်ဖြစ်ကြောင်း၊ မိမိအား မည်သို့ ဖြစ်စေသည်ကိုလည်း အကြံဉာဏ်များ ကောက် ယူသွား မည်ဖြစ် ကြောင်း ဆိုပါသည်။

၂၀၁၁ ဒီဇင်ဘာ ၂ ရက်က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်များနှင့် သျှမ်းပြည်တပ်မတော်တို့ ပဏာမ အဆင့် ဆွေးနွေး ခဲ့ ကြပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးမှုအား ယခုလ ၁၆ ရက်နေ့က ဖြစ်သည်။

No comments: