Tuesday, January 24, 2012

RCSS ငြိမ်း ကိုယ်စား လှယ်များ တိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး အားသွားရောက် ဂါရဝပြု

သျှမ်းသံတော်ဆင့်


ရန်ကုန်ရောက် သျှမ်းပြည် တပ်မတော် ( RCSS ) ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စား လှယ်များ သျှမ်းတိုင်း ရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး ထံ သွားရောက် ဂါရ၀ ပြုကြကြောင်း ကိုယ်စားလှယ် တဦးက ပြောသည်။

“ကျနော်တို့ စနေနေ့ ညနေပိုင်းမှာ စဝ်ခွန်ထွန်းဦး ကိုသွားရောက် ဂါရ၀ ပြုကြတယ်။ ကျနော် တို့ကို ခွန်ထွန်းဦးက အားပေး စကားပြော တယ်။ ကျနော်တို့တောထဲမှာနေရင် အချင်းချင်းစကားမပြောနိုင်ဘူး။ ခုလိုမြို့ပေါ် ကို တရား ဝင် တက်လာ တော့ ပြောချင်တာ ပြောနိုင် တယ်။ ကျနော်တို့ သျှမ်းပြည်က လူထုအတွက်၊ ဗမာပြည် ရောက် သျှမ်းပြည်လူထုအတွက်နဲ့ ပြည်ပရောက် သျှမ်းပြည်လူထု အတွက် အကျိုးပြုလုပ်ငန်းတွေ ပူးပေါင်း လုပ်ဆောင်နိုင်တယ် လို့ ခွန်ထွန်းဦးကပြောတယ်” - ဟု သျှမ်းပြည်တပ်မတော် ငြိမ်းချမ်းရေး ဆွေးနွေး ရေး အဖွဲ့၏ နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ် စိုင်းပင်ခမ်းက သျှမ်းသံတော် ဆင့်အား ပြန်လည်ပြောပြပါသည်။

ဥက္ကဌကြီး ခွန်ထွန်းဦးနှင့်အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်၊ ဗဟို ကော်မတီ ဝင် တချို့ တို့နှင့် လည်းတွေ့ဆုံခွင့် ရရှိခဲ့ပြီး စိုင်းညွန့်လွင်မှာ -ထောင်မှ လွတ်မြောက် ခါစရှိ သဖြင့် ကျန်းမာရေး ဆေး စစ်ချက် လုပ်ရဦး မည်ဖြစ် ကြောင်း၊ အမျိုး သားရေး လုပ်ငန်း မှာလည်း ယခု နေရာ၌ ရပ်ဆိုင်း သွားမည် မဟုတ်ဘဲ ဆက်လက် လုပ်ဆောင် သွားရဦး မည်ဖြစ်ကြောင်း ပြောသည်ဟု ဆို၏။

ထို့အတူ ဂျန္နဝါရီ ၂၁ ရက်နေ့က ရန်ကုန်မြို့၌ သျှမ်းလူမှုအသိုင်းအဝိုင်းမှပုဂ္ဂိုလ်များ၊ သျှမ်းစာပေယဉ်ကျေး မှုအဖွဲ့ဝင်အချို့၊ သျှမ်း နိုင်ငံ ရေး ပါတီခေါင်းဆောင်အချို့ နှင့် RCSS ကိုယ်စားလှယ်တို့ နေ့လည်စာမိတ်ဆုံ ထမင်းဝိုင်း ဝိုင်းဖွဲ့ခဲ့သေးကြောင်း၊ အသက် ၈၀ ကျော် သျှမ်း သမိုင်းပညာရှင် စိုင်းအောင်ထွန်းအား လည်း တွေ့ဆုံ ကန်တော့ခွင့်ရခဲ့ကြောင်း စဝ်ပင်ခမ်းက ပြောသည်။

“ဆရာကြီးက ကျနော်တို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတဲ့အကြောင်းပြောတယ်။ ကျနော်တို့နဲ့ လက်ဆုံ ထမင်းစားဖို့ သူစောင့်လာတာ အသက် ၈၀ ကျော်ပြီတဲ့။ အရင်က အချင်းချင်းကြောက်နေကြရပြီး အခုတော့ လက်တွဲခွင့်ရတဲ့ အတွက် ဝမ်းသာ ပီတိဖြစ်ရတယ်တဲ့။ သျှမ်းပြည်လူထု ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ စာပေရေးရာ လုပ်တဲ့လူတွေရော၊ နိုင်ငံရေးလုပ်တဲ့ လူတွေရော၊ ယဉ်ကျေးမှုလုပ်တဲ့လူတွေရော ပူးပေါင်းလက်တွဲလုပ်နိုင်ပြီ လို့ပြောတယ် ” ဟုဆို၏။

ယခုလ ၁၆ ရက် တောင်ကြီးမြို့၌ အစိုးရ၏ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စု အဆင့်ဆွေးနွေး ပွဲအပြီး သျှမ်း ပြည်တပ်မတော်ကိုယ်စားအလှယ်အဖွဲ့ ၂ ဖွဲ့ခွဲကာ ရန်ကုန်၊ မန္တလေးနှင့် သျှမ်း ပြည်မြောက်ပိုင်းရှိ သျှမ်းမိ သားစုများအား သွား ရောက်တွေ့ ဆုံခဲ့ခြင်းဖြစ်သည်။

“ ကျနော်တို့ တောင်ကြီးမှာ သဘောတူညီချက်တွေလက်မှတ်ရေးထိုးပြီးတာနဲ့ ၂ ဖွဲ့ခွဲပြီး သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းဖက်ကို တဖွဲ့တက်သွားတယ်။ ဗိုလ်မှူးချုပ်စိုင်းလူး၊ ဗိုလ်မှူးကြီးစိုင်းအောင်မောင်း နဲ့ စိုင်းဟန်တို့ ၃ ယောက်ပေါ့။ စီးပွါးရေးကိုယ်စားလှယ်ရုံးစိုက်ဖို့နေရာနဲ့ စစ်တပ်ချထားရေးကိစ္စတွေအကြောင်း သွားဆွေးနွေး မှာပေါ့” - ဟု ဆို၏။

မန္တလေးနှင့်ရန်ကုန်ရှိ သျှမ်းအဖွဲ့အစည်းများခေါင်းဆောင်များအားသွားရောက်တွေ့ဆုံဂါရ၀ ပြုသည့် အဖွဲ့ကို မူ ကိုယ်စား လှယ်အဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်စိုင်းပေါင်ခေး ဦးဆောင်သည့် ၇ ယောက်ပါ အဖွဲ့ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ စိုင်းပန်းဆိုင် ဦးဆောင်သော သျှမ်းသာရေးနာရေးအဖွဲ့၊ သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ တက္ကသိုလ် ကျောင်းသားများအဖွဲ့ တို့နှင့် တွေ့ဆုံခဲ့ကြပြီး သျှမ်းစာပေပညာရှင် ဒေါက်တာစိုင်းခမ်းလိတ်မှာမူ မေမြို့၌ စိုင်းခမ်းလိတ်ဖောင်ဒေးရှင်း ဖွင့်ပွဲရှိသဖြင့် မတွေ့ဆုံလိုက်ရကြောင်း သိရသည်။

No comments: