Friday, January 10, 2014

ရခိုင်ပြည်နယ် ဒုက္ခသည်တို့အတွက် ဘတ်ဂျက် တစ်လစာသာ ကျန်တော့

ကေဇူး

ဒုက္ခသည် ၁၃၀,၀၀၀ ခန့်ရှိသည့် ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများအတွက် ထောက်ပံ့နိုင်သည့်ကုန်ကျ စရိတ်သည် တစ်လစာသာ ကျန်ရှိတော့သည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးအောင် ကျော်မင်းက ဇန်န၀ါရီ ၈ ရက်တွင် မဇ္ဈိမကို ပြောကြားလိုက်သည်။

“တစ်ပတ်ကို သိန်း ၂၀၀ လောက် ကုန်တယ်။ တကယ်ဆိုရင်တော့ တစ်လစာတောင် မရှိတော့ဘူး။ ဒါ ပေမဲ့ ပြတ်ခါနီးပြီဆို အလှူရှင်တွေ လာလှူတာတွေတော့ရှိတယ်”ဟု ဦးအောင်ကျော်မင်းက ဆိုသည်။

လက်ရှိတွင် အမေရိကန်ဒေါ်လာ ၃,၀၀၀ ကျော်နှင့် မြန်မာကျပ်ငွေ သိန်း ၃၀၀ သာ ကျန်ရှိတော့ပြီး ယင်း ငွေပမာဏမှာ ဒုက္ခသည်များအတွက် တစ်လ ကျွေးမွေးစရိတ်သာ ရှိသည်ဟု ဆိုသည်။ ထို့ပြင် World Food Programmme ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP မှ ဆန်အဓိက ထောက်ပံ့လျက်ရှိသည်ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြောသည်။

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများကို ထောက်ပံ့မှုများအတွက် အခြားသော UNHCR အပါအ၀င် NGO, INGO စသည့် အဖွဲ့အစည်းများကလည်း ကူညီထောက်ပံ့မှုများ ပေးလျက်ရှိသည်။ အချို့သော NGO များက ဒုက္ခသည်စခန်းများသို့ တိုက်ရိုက် လှူဒါန်းမှုများလည်း ရှိနေသည်။

“WFP က နှစ်ပတ်တစ်ကြိမ် ဒုက္ခသည်စခန်းတွေကို ဆန်နဲ့ နို့ဆီ ထုတ်ပေးတယ်။ ကျန်းမာရေးနဲ့ အခြား လိုအပ်ချက်တွေကို ပြည်နယ်အစိုးရက ဖြည့်ဆည်းပေးရတယ်”ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြား ရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

၂၀၁၂ ခုနှစ်က စတင်ဖြစ်ပွားခဲ့သော လူမျိုးစုနှစ်ခုကြားဖြစ်ပွားခဲ့သည် ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် လက်ရှိအခြေအနေအထိ ဘင်္ဂါလီဒုက္ခသည် တစ်သိန်းကျော်နှင့် ရခိုင်ဒုက္ခသည် သုံးသောင်းကျော် ရှိနေ သေးသည်။ အဆိုပါ ဒုက္ခသည်စခန်းများသို့ အကူအညီပေးရေးအဖွဲ့တချို့ကို ပွင့်လင်းမြင်သာမှုမရှိဘဲ ဆောင်ရွက်သည်ဆိုကာ ဒေသခံများက ကန့်ကွက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သေးသည်။

မြေပုံမြို့နယ်တွင်းမှ မိသားစုပေါင်း ၇၅၂ စုရှိသည့် တောင်ပေါ်ဒုက္ခသည်စခန်းသည် လုံခြုံစိတ်ချရသော သောက်သုံးရေမရရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရရှိခြင်း၊ အာဟာရပြည့်ဝစွာ မ စားသုံးရခြင်းနှင့် စခန်းပြင်ပသို့ သွားလာလှုပ်ရှားမှု ကန့်သတ်ထားခြင်းအပါအ၀င် အလွန်နိမ့်ကျသော ပတ်ဝန်းကျင်အခြေအနေတွင် နေထိုင်နေကြရသည်ဟု ဒီဇင်ဘာလအတွင်းက ဆွစ်ဇာလန်သံရုံးကထုတ် ပြန်ထားသေးသည်။

ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများသို့ ကျန်းမာရေးစောင့်ရှောက်မှုအပါအ၀င်၊ စားနပ်ရိ- က္ခာများ၊ တစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို စီမံဆောင်ရွက်ပေးထားသည်ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးလှသိန်းက မဇ္ဈိမကို ပြောသည်။

ရခိုင်ဒုက္ခသည်စခန်းများကို စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ပေါက်တော၊ ကျောက်တော်၊ မောင်တော၊ဘူးသီး တောင်မြို့များတွင် အိမ်ထောင်စု ၁၀ စု နေထိုင်နိုင်သော ဒုက္ခသည်တန်းလျား ၁,၅၀၀ ခန့် UNHCR နှင့် ပြည်နယ်အစိုးရတို့ ပူးပေါင်း၍ ဆောက်လုပ်ပေးထားသည်။

No comments: