Wednesday, January 22, 2014

မြောက်ဥက္ကလာပ တရားရုံး မီးလောင်

နန်းမြင့်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် တရားရုံးတွင် စီမံရေးရာဌာန အခန်းမီးလောင်မှု ဇန်နဝါရီ ၂ဝ နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှ ကျပ် ၁၈ သိန်းခန့် ရှိခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ဒုတိယ ညွန်ကြားရေးမှူး ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးကြည်ဝင်းက“ မီးလောင်မှုက ရုံးပိတ်ရက်မှာ ပန်ကာမပိတ်ပဲ ဖွင့်ထားရာကနေ ခလုပ်ခုံအပူလွန် ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားတာပါ” ဟုပြောသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ် ဆ/၆၆၂၊ မြောက်ဥက္ကလာပမြို့နယ် တရားရုံး မီးလောင်မှုသည် ဇန်နဝါရီ ၂ဝရက် နံနက် ၃နာရီခန့်တွင် စတင်ခဲ့ပြီး ၁ဝမိနစ်ခန့် လောင်ကျွမ်းခဲ့သည်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက မှတ်တမ်းများအရ သိရသည်။

မီးလောင်မှု ဖြစ်ပွားသည့် မြောက်ဥက္ကလာပမြို့နယ် တရားရုံး အကျယ်အဝန်းသည် ၂ဝx ၅ဝပေရှိသော သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း တစ်ထပ် အဆောက်အအုံတွင် ဖြစ်ပြီး ယင်းမီးလောင်မှုကြောင့် အကျယ်အဝန်း ၂ဝx၂ဝ ပေရှိ အခန်း တစ်ခန်း၊ မျက်နှာကြက်နှင့် လိုင်စင်မဲ့ သက်သေခံဆိုင်ကယ် ၅ဝစီး၏ ဆိုင်ကယ်ကူရှင်များ အနည်းငယ် မီးလောင်ခံရသည်။

ယင်းမီးလောင်ရာသို့ သွားရောက်မီးငြိမ်းသတ်သူ မီးသတ်သမားတစ်ဦးက “တရားသူကြီးရုံးခန်းကို မီးလောင်တာ”ဟု မဇ္ဈိမကို ပြောသည်။

မီးလောင်မှုကို မြင်တွေ့ခဲ့သူ မြောက်ဥက္ကလာပမြို့နယ်၊ (ဆ)ရပ်ကွက်၊ ခေမာသီလမ်းတွင် နေထိုင်သူ ဦးမောင်မောင်က “နှစ်နာရီလောက်နိုးတော့ ဘေးအိမ်က မီးလောင်နေတယ်လို့ပြောတယ်။ မီးကခေါင်မိုးပေါ်မှာ တစ်ပေလောက်ဖြစ်နေပြီ။ မြို့နယ်တရားရုံးမီးလောင်တယ်။ မီးသတ်က အချိန်မီ မီးငြှိမ်းသတ်နိုင်တယ်”ဟု ပြောသည်။

ယင်းမီးလောင်မှု ဖြစ်ပွားရာနေရာသို့ မီးငြှိမ်းသတ်ယာဉ် ၂၇ စီး၊ အထောက်အကူပြုယာဉ် သုံးစီး၊ ကွပ်ကဲအုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ် ၂ဝ၇ဦး၊ အရန်မီးသတ် ၇၈ဦးဖြင့် သွားရောက်မီးငြိမ်းသတ်ပြီး နံနက် ၃နာရီ ၁၁မိနစ်တွင် မီးငြိမ်းခဲ့သည်။ ယင်းမီးငြှိမ်းသတ်ရာတွင် ရေဂါလန် ၂၄ဝဝဝ အသုံးပြုခဲ့သည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် မြောက်ဥက္ကလာ တရားရုံး၏ ဆင့်စာလုလင်ကို မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ပ-၄၈/၂ဝ၁၄ ပုဒ်မ-၂၈၅ဖြင့် အရေးယူထားသည်။

No comments: