Wednesday, January 22, 2014

ကွာရှင်းရန်ပြင်ထားသည့် ယောက်ျားကို အကြမ်းဖက်ခေါ်ဆောင်မှုဖြင့် တိုင်တန်း

ဇော်ဇော်ထွေး

သမီးဖြစ်သူကို အကြမ်းဖက်ခေါ်ဆောင်မှုဖြင့် သမီးဖခင်က တရားဝင်ကွာရှင်းရန် ပြင်ဆင်နေသည့် ယောက်ျားကို ဇန်န၀ါရီ ၁၉ ရက်တွင် အမှုဖွင့်တိုင်တန်းသဖြင့် လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အမှုတွင် ဇန်န၀ါရီ ၁၈ ရက်က အတွင်းပဒံကျေးရွာ၊ အနော်ရထာလမ်း၊ တိုက်(၁)နေ ဦးဝင်းကြည် (၅၃)နှစ်သည် သမီးဖြစ်သူ မသင်းသင်းဆွေ (၂၆)နှစ်၊ အထည်ရောင်း နှင့် အတူရှိနေစဉ် နောက်ဖေးသို့ အိမ်သာသွားနေသည်ဟု အမှုဖွင့်ရာတွင် ထွက်ဆိုထားသည်။

အထိုအချိန်တွင် သမီးဖြစ်သူ၏အော်သံကြားသဖြင့် အိမ်သာမှ ဆင်းလာပြီး ကြည့်ရှုရာ သမီးဖြစ်သူနှင့် တရားဝင်ကွာရှင်းရန် တရားရုံးတွင် ရင်ဆိုင်ဖြေရှင်းနေရသူ အပြင်ပဒံကျေးရွာနေ ကျော်ထက် (၂၁) နှစ်နှင့် မျိုးချစ်(၃၀)နှစ် ယာဉ်မောင်းတို့က သမီးဖြစ်သူကို နေအိမ်တွင်းဝင်ရောက်၍ ပွေ့ချီခေါ်ဆောင်နေ သည်ကို တွေ့ရှိရသည်ဟုလည်း တရားလိုက အမှုဖွင့်ရာတွင် ပြောထားသည်။

ထို့ကြောင့် ၀င်ရောက်တားမြစ်ရာမရရှိဘဲ နေအိမ်ရှေ့ရှိ အသင့်ပါလာသော လိုက်ထရပ်ကားပေါ် တင် ဆောင်ခဲ့ကြသည်ဟုလည်း ဆိုသည်။ ထိုအချိန်တွင်ပင် ထပ်မံတားမြစ်ခဲ့ရာ ကျော်ထက်၏ ဖခင်ဖြစ်သူ ဦးအေးသောင်း(၄၆)နှစ်က ၎င်းအား တားဆီးမရအောင် လက်နှင့်ချုပ်ကိုင်ထားခဲ့သည်ဟုလည်း တိုင် တန်းထားသည်။

ထို့ကြောင့် သမီးဖြစ်သူကို အလိုမတူဘဲ နေအိမ်အတွင်း ၀င်ရောက်၍ ကားဖြင့်ခိုးယူသွားသူ သုံးဦးကို အရေးယူပေးရန် ဖခင်ဖြစ်သူ ဦးဝင်းကြည်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကြောင့် သောင်ကြီးနယ်မြေရဲစခန်းက (ပ)၄၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၆၆/ ၄၅၁/၁၁၄ တို့ဖြင့် အရေးယူရန် တိုင်တန်းခံရသူများ ဖမ်းဆီးရမိရေး လုပ်ဆောင်နေသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

No comments: