Thursday, January 23, 2014

အစိုးရတင်သွင်းသည့်ပုံနှိပ်ထုတ်ဝေဥပဒေကြမ်း အတည်ပြုရေး ဆိုင်းငံ့ခံရ

ဉာဏ်လှိုင်လင်း

ပြန်ကြားရေးဝန်ကြီးဌာနမှ လွှတ်တော်သို့ တင်သွင်းခဲ့စဉ်ကတည်းက မီဒီယာလောကသားတို့ ကန့်ကွက် ခဲ့ကြသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဆိုင်ရာဥပဒေကြမ်း အတည်ပြုရေးအစီအစဉ်ကို ဆိုင်းငံ့ရန် ဇန်န ၀ါရီ ၂၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးက ဆုံးဖြတ်လိုက်သည်။

၂၀၁၂ ခုနှစ်၊ နှစ်ကုန်ပိုင်းအတွင်း လွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး အပြီးသတ်အတည်ပြုရေးမ ဆွေးနွေးမီ ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော်၊ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက် ဆံရေးကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ဆွေးနွေးမှုများကို ဆိုင်းငံ့ထား၍ ကျယ်ကျယ်ပြန့်ပြန့် ပြန် လည်ဆွေးနွေးရန် တင်ပြမှုကို လွှတ်တော်က လက်ခံလိုက်ခြင်းလည်းဖြစ်သည်။

“စုံစုံညီညီကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အကောင်းဆုံးနဲ့ အမှန်ကန်ဆုံး ရလဒ်ကို ရရှိ လာနိုင်မှာ ဖြစ်ပါတယ်”ဟု သူရဦးအေးမြင့်က လွှတ်တော်သို့ ပြောခဲ့သည်။ ယင်းကို ဥပဒေကြမ်းပူးပေါင်း ကော်မတီကလည်း လက်ခံခဲ့သည်။ လွှတ်တော်များအတွင်း တစ်နှစ်ကျော်ဆွေးနွေးခဲ့ပြီးနောက် ယင်း ဥပဒေကြမ်းပါ အချက် ၁၇ ခု အပေါ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲနေ ၍ ပြည်ထောင်စုလွှတ်တော်၌ ဆုံးဖြတ်ရန်ရှိလာခြင်းဖြစ်သည်။

အထူးသဖြင့် သတင်းအေဂျင်စီနှင့် ၀က်ဘ်ဆိုဒ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ထည့်သွင်းရန် သင့် မသင့်၊ တရားမ၀င် ထုတ်ဝေစာအပေါ် စီမံခန့်ခွဲရေး သို့မဟုတ် တရားစီရင်ရေး မည်သည့်နည်းလမ်းဖြင့် အရေးယူမည်စသည်တို့ကို အဓိကသဘော ကွဲလွဲကြခြင်းဖြစ်သည်။

လွှတ်တော်၏ ဆုံးဖြတ်ချက်ကို လက်ခံသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင် ကြည်က မဇ္ဈိမကို မှတ်ချက်ပြုခဲ့သည်။ “အခု မဆုံးဖြတ်ဘူး၊ ဆွေးနွေးမယ်ဆိုတော့လည်းကောင်းပါ တယ်။ ကျွန်တော့်ဘက်ကလည်း ကျယ်ကျယ်ပြန့်ပြန့် အများနဲ့ ဆွေးနွေးတာမျိုးဖြစ်စေချင်ပါတယ်။ အများနဲ့ ဆွေးနွေးတာက ဘယ်တော့မှ အကျိုးမယုတ်ပါဘူး”ဟု ၎င်းကပြောသည်။

ယင်းကို မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)အတွင်းရေးမှူး ဦးကျော်မင်းဆွေကလည်း ကြိုဆို လိုက်ပြီး မူလကတည်းက ရှိသည့်သင့် ဥပဒေမဟုတ်ဟု ပြောသည်။

“ကောင်းတဲ့အလားအလာလို့ပဲ မြင်တယ်၊ လိုကိုမလိုဘူး၊ ပြည်သူတွေရဲ့ သတင်းသိပိုင်ခွင့်ကို ကိုယ်စား ပြုရတဲ့ မီဒီယာလောကအတွက် ဒီဥပဒေမလိုဘူးဆိုတာ အစကတည်းက ပြောပြီးသားပါ”ဟု ၎င်းက ဆိုသည်။

ပုံနှိပ်ထုတ်ဝေခြင်းသည် သတင်းမီဒီယာဆိုင်ရာ ဥပဒေတစ်ခုတည်းအောက်တွင်သာ ကဏ္ဍတစ်ခုအဖြစ် ရှိသင့်သည်ဟု စာနယ်ဇင်းကောင်စီက ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။ မီဒီယာနှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ထုတ်ဝေဥပဒေကြမ်းနှင့် အများ ပြည်သူဝန်ဆောင်မှု ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ တင်သွင်းထားပြီး စာနယ်ဇင်းကောင်စီ (ယာယီ) က သတင်းမီဒီယာဥပဒေကြမ်းကို တင်သွင်းထားသည်။

“မီဒီယာသမားတွေပေါ်မှာ အပြစ်ရှာ တရားစွဲတာတွေ၊ ပုဂ္ဂလိကသတင်းစာတွေ ရပ်ဆိုင်းသွားအောင် သွယ်ဝိုက်လုပ်နေတာတွေ ကြုံနေရတဲ့အချိန်မှာ လွှတ်တော်က အခုလို ချင့်ချင့်ချိန်ချိန် စဉ်းစားလုပ် ဆောင်တာကို အများကြီးကြိုဆိုပါတယ်”ဟု ဦးကျော်မင်းဆွေက ပြောသည်။ ယင်းဥပဒေများအရေးနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သတင်းသိပိုင်ခွင့်ကို ကိုယ်စားပြုရသည့် မီဒီယာသမားတို့က လူထုဆန္ဒ ကောက်ခံခြင်း၊ ကန့်ကွက်ဆန္ဒပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသေးသည်။

အစိုးရက ပုံနှိပ်ထုတ်ဝေဥပဒေအပြင် အများပြည်သူ ၀န်ဆောင်မှုဆိုင်ရာဥပဒေကိုလည်း ပြဋ္ဌာန်းနိုင်ရန် စီစဉ်နေပြီး ယင်းသည် ၎င်းတို့ထုတ်ဝေနေသည့် သတင်းစာများ၊ ထုတ်လွှင့်နေသည့် ရုပ်သံနှင့် ရေဒီယို လိုင်းများကို ကာကွယ်ရန်နှင့် ထောက်ပံ့နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု မီဒီယာလောကသားတို့က ဝေဖန်ထားသည်။

ထို့ပြင် ယခုဆိုင်းငံ့ခံရသည့် ပုံနှိပ်ထုတ်ဝေဥပဒေကြမ်း တင်သွင်းစဉ်ကလည်း စာနယ်ဇင်းကောင်စီ (ယာ ယီ)ကို အသိပေးခဲ့ခြင်းမရှိ၍ ကန့်ကွက်မှုများနှင့် ကြုံတွေ့ခဲ့ရသေးသည်။ မြန်မာနိုင်ငံစာနယ်ဇင်း ကောင် စီ(ယာယီ)ကို နိုင်ငံတော်သမ္မတက သတင်းမီဒီယာဆိုင်ရာ ဥပဒေတစ်ခု ရေးဆွဲရန်နှင့် လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် အနာဂတ်တွင် ထူထောင်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

သမ္မတ တာဝန်ပေးထားသည့်အတိုင်း သတင်းမီဒီယာဆိုင်ရာ ဥပဒေကြမ်းတစ်ခုကို ကောင်စီက လွှတ် တော်သို့ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့် တင်သွင်းရန် စီစဉ်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။ ထို့ ပြင် ကောင်စီရေးဆွဲသည့် ဥပဒေကြမ်းတွင် နိုင်ငံတကာစံနှုန်းနှင့်မညီသော ၎င်းတို့ သဘောမတူနိုင် သည့်အချက်များ ပါဝင်သည်ဟုဆိုကာ ပြန်ကြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့သည်။

ထို့ကြောင့် သတင်းမီဒီယာလောကသားများ ဦးဆောင်ပါဝင်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာ ယီ)က ရေးဆွဲပြီးစီးသည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်မှ တစ် ဆင့် ၂၀၁၃ ခုနှစ်အတွင်း တင်သွင်းခဲ့ရသည်။ သို့သော် ယနေ့အထိ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ယင်း သည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူအချို့၏ စနစ်ဟောင်းမှစွဲလာသည့် အတွေး အမြင်များဖြင့် အချိန်ဆွဲသကဲ့သို့ ပင်ဖြစ်နေသည်ဟု မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ) အတွင်း ရေးမှူး ဦးကျော်မင်းဆွေက ဝေဖန်သည်။

No comments: