Tuesday, January 14, 2014

မိတ်္ထီလာပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သူများကို ဧပြီလတွင် နောက်ဆုံးထား၍ ပြန်လည်နေရာချမည်

ဖိုးစိုးသူ

၂၀၁၃ ခုနှစ် မတ်လအတွင်းက မန္တလေးတိုင်း မိတ်္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်သွားသည့် ဒုက္ခသည်များအတွက် ဧပြီလနောက်ဆုံးထား၍ ပြန်လည်နေရာချပေးသွားမည်ဟု မိတ်္ထီလာခရိုင် အုပ်ချုပ်ရေးမှူးဦးတင်မောင်စိုးက ဇန်န၀ါရီ ၁၃ တွင် မဇ္ဈိမကို ပြောသည်။

ပဋိပက္ခဖြစ်စဉ်များကြောင့် မိတ်္ထီလာတွင် ကယ်ဆယ်ရေးစခန်း ငါးခုဖွင့်လှစ်ထားရပြီး ဒုက္ခသည်ပေါင်း ၄,၀၀၀ ခန့် ရှိနေသည်။

“ချမ်းအေးသာစည်ရပ်ကွက်မှာတော့ ပြီးသလောက်ရှိနေပါပြီ။ မိုးမကျခင်အပြီးတည်ဆောက်ပြီး ပြန်လည် နေရာချပေးမှုတွေ လုပ်ပေးသွားမှာပါ”ဟု ပြောသည်။

ပြန်လည်နေရာချထားရေးအတွက် လုံးချင်းအိမ် အလုံး ၂၀၀ နှင့် ခြောက်ခန်းတွဲသုံးထပ်တိုက် အလုံး ၃၀ (အခန်း ၅၄၀) ဆောက်ပေးမည်ဖြစ်ပြီး စုစုပေါင်း ၇၄၀ ဖြစ်သည်။ ပြန်ပေးရမည့်စာရင်းတွင် မြေကွက်ပိုင် ရှင် ၂၀၀ ကျော်၊ တိုက်ခန်းပိုင်ရှင် ၄၀၀ ကျော်နှင့် ကျူးကျော်နေ အိမ်မဲ့များရှိရာ အခန်းအရေအတွက် လုံ လောက်သည်ဟုလည်း ဆိုသည်။

ဒုက္ခသည်များကို ပြန်လည်နေရာချပေးခြင်းများ ရှိသော်လည်း နေရာပိုင်ဆိုင်မှု အထောက်ထားများ စာ ရွက်စာတမ်းသက်သေများ ပြရန်အတွက် ဒုက္ခသည်အချို့တွင် အခက်အခဲများရှိနေသည်ဟု မိတ်္ထီလာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆိုသည်။

“အိမ်ပိုင်ဆိုင်မှု ဂရန်စာရွက်စာတမ်းတွေ မီးထဲပါတဲ့လူတွေ၊ တိုက်ခန်းပိုင်ဆိုင်တဲ့စာချုပ်တွေ မီးလောင်ခံ ရတဲ့ လူတွေအနေနဲ့ ပြန်လည်ပြီး ပိုင်ဆိုင်မှုအထောက်ထား ပြရတဲ့အပိုင်းမှာ အခက်ခဲရှိနေကြတယ်။

ချမ်းအေးသာစည်ဘက်မှာတော့ အကွက်တွေရိုက်လို့ ပြီးနေပြီလို့တော့ ကြားတယ်။ အကုန်လုံးအတွက် ပြန်လည်နေရာချထားပေးဖို့ ၂၀၁၄ ခုနှစ်ထဲမှာ ပြီးနိုင်မယ်မထင်ဘူး”ဟု ဆိုသည်။

ပိုင်ဆိုင်မှုအထောက်အထား ပျောက်ဆုံးပါက အမွေခံအိမ်ရာများဖြစ်ခြင်း၊ ဘိုးဘွားစဉ်ဆက်လက်ထက် ကစပြီး နေထိုင်ခဲ့ခြင်း၊ ထောက်ခံပေးမည့်သူများနှင့် ခိုင်လုံစွာပြောပြနိုင်ပါကလည်း စစ်ဆေးမှုပြုလုပ်ပြီး ပြန်လည်နေရာချထားပေးမည် ဖြစ်သည်ဟုလည်း ဦးတင်မောင်စိုးက ဆိုသည်။

“ကျွန်တော်တို့အပိုင်းမှာလည်း ဒီလိုပိုင်ဆိုင်မှု ပြဿနာတွေကြောင့် ပြန်လည်နေရာချထားပေးမှု ကြန့် ကြာနေနိုင်တယ်ဆိုတာကို သိပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ မိုးမကျမီမှာတော့ အကုန်လုံးကို ပြန်ပြီး နေရာအတည်တကျဖြစ်အောင် လုပ်ပေးသွားမှာပါ”ဟု ဆိုသည်။

မိတ်္ထီလာတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများမှာ သာသနာ့ရက်္ခိတ ကယ်ဆယ်ရေးစခန်း၊ အုတ်ဖိုကယ်ဆယ်ရေးစခန်း၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေး ကယ်ဆယ်ရေးစခန်း၊ ရေအရင်းအမြစ် ကယ် ဆယ်ရေးစခန်း၊ ခရိုင်အားကစားကွင်း ကယ်ဆယ်ရေးစခန်းတို့ ဖြစ်သည်။

မိတ်္ထီလာပဋိပက္ခသည် ၂၀၁၃ ခုနှစ် မတ်လအတွင်းက ရွှေဆိုင်တစ်ဆိုင်တွင် ရွှေရောင်းရာမှ စတင်ဖြစ် ပွားခဲ့ပြီးနောက် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄၀ ကျော်ရှိခဲ့သည့်အပြင် နေအိမ်၊ ဆိုင်၊ ဘာ သာရေးအဆောက်အအုံ အများအပြား ပျက်စီးခဲ့သည်။

No comments: