Tuesday, January 21, 2014

အနုပညာလှုပ်ရှားမှု ပရိသတ်သိလာစေရန် ဖေ့စ်ဘွတ်သုံးနေပြီဟု နိုဘယ်ကျော်ကျော် ဆို

ပန်းမြတ်ဇော်

ပရိသတ်ကို “ဖေ့စ်ဘွတ်မသုံးဘူး”ဟု ပြောခဲ့သည့် နိုဘယ်ကျော်ကျော်သည် ယခုလက်ရှိတွင် ပရိသတ်များ နှင့် ပိုပြီးထိတွေ့ခွင့် ရစေရန်အတွက် ဖေ့စ်ဘွတ် အကောင့်ဖွင့်ထားပြီး အသုံးပြုနေပြီဖြစ်ကြောင်း တရား ၀င်ပြောကြားလိုက်သည်။ ယခုလို သူမအသုံးပြု ခြင်းသည် သူမ၏အနုပညာနှင့် ပတ်သက်သည့် လှုပ်ရှား မှုများကို အမြဲတမ်း ပရိသတ်များသိရှိစေရန်အတွက် အသုံးပြုခြင်းဖြစ်ကြောင်း မဇ္ဈိမသို့ ပြောသည်။

“အရင်တုန်းကတော့ ဖေ့စ်ဘွတ်မသုံးဖြစ်ဘူး။ အခုတော့ သုံးနေပါပြီ။ ဘာလို့လဲဆိုတော့ ကိုယ်ဘယ်နေရာ မှာပဲဖြစ်ဖြစ် လှုပ်ရှားနေတဲ့ အနုပညာပုံရိပ်တွေကို ပရိသတ်တွေ သိရှိစေဖို့ လိုလာပြီထင်လို့ပါ” ဟု ယင်းက ပြောသည်။

သူမသည် ယခင်က ဆံပင်ရှည်ရှည်ဖြင့် အနုပညာလောကထဲသို့ ၀င်ရောက်လာစဉ်က ပရိသတ်အားလုံးက သတိထားမိပြီး အားပေးခြင်းခံရသူဖြစ်သည်။ ထိုစဉ်က ဆံပင်ရှည်ခေတ်စားခဲ့သည့် အချိန်လည်းဖြစ်သည့် အပြင် သရုပ်ဆောင် ဇင်မာဦးနှင့်လည်း ဆင်တူသည်ဟု ပရိသတ်များ၏ မှတ်ချက် အားပေးခြင်းခံရသူတစ် ဦးဖြစ်သည်။ ယင်းအပြင် သူမသည် တက္ကသိုလ်ကျောင်းဆရာမ တစ်ဦးအဖြစ် ၀ါသနာပါခဲ့သူ ဖြစ်သော် လည်း ယခုအချိန်တွင် အနုပညာအလုပ်များကို သေချာဇောက်ချ လုပ်ကိုင်နေခြင်းကြောင့် အနုပညာ လောကထဲတွင် ဆက်လက် လှုပ်ရှားနေဆဲဖြစ်ကြောင်း ပြောသည်။

သူမသည် အနုပညာလောကထဲတွင် လှုပ်ရှားနေသည့်အချိန်၌ ၂၀၁၀ တွင် အကယ်ဒမီ ဗန်းကိုင်အဖြစ် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ယင်းနောက်တွင် အနုပညာလှုပ်ရှားမှုများကို ဆက်လက်လုပ်ကိုင်ခဲ့သလို နယ် ရှိုးပွဲများစွာတွင်လည်း သီချင်းများကို လိုက်ပါသီဆိုခဲ့သူ တစ်ဦးဖြစ်သည်။

“အခုအချိန်မှာတော့ သီချင်းတွေပဲ ဆိုဖြစ်နေပါတယ်။ အဆိုဘက်ကိုလည်း ပြန်ပြီး လေ့ကျင့်နေပါတယ်” ဟု ယင်းကပြောသည်။ ၎င်းသည် ကိုယ်ပိုင်ရေးသားထားသည့် သီချင်းပေါင်းများစွာရှိပြီး ကိုယ်ပိုင်စီးရီး ထွက်ရှိရန်အတွက် စီစဉ်ဆောင်ရွက်မှုများရှိသော်လည်း ထွက်ရှိရန် ကြိုးစားနေဆဲဖြစ်ကြောင်း ပြောသည်။

ယင်းအနေဖြင့် ပန်းတိုင်ရောက်ရှိရန် ကြိုးစားနေခြင်းဖြစ်ရာ အနုပညာ ခြေလှမ်းများကို ပုံမှန်လျှောက်လှမ်း နေကြောင်း ထပ်မံပြောဆိုလိုက်သည်။

No comments: