Wednesday, January 22, 2014

လယ်ယာမြေဥပဒေသစ်ကြောင့် မြေသိမ်းယူမှု ထင်သလို လုပ်မရတော့ဟု သမ္မတရုံး ဒု-၀န်ကြီးပြော

မင်းမင်း

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ပြည်ထောင်စုလွှတ်တော်က အသစ်ပြဋ္ဌာန်းလိုက်သည့် လယ်ယာမြေဥပဒေ ကြောင့် လယ်ယာမြေများအား ယခင်ကအတိုင်း လိုအပ်သလို သိမ်းယူ၍ မရတော့ဟု သမ္မတရုံး ၀န်ကြီး ဌာန(၄)မှ ဒုဝန်ကြီး ဦးအောင်သိမ်းက ပြောဆိုလိုက်သည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုပြီး နေစရာအခက်အခဲရှိနေသော ဆိပ်ဖြူမြို့နယ်အတွင်း ရှိ သံဇလုံ ရွာသားများအတွက် ကျေးရွာပြောင်းရွှေ့ နေထိုင်ရန် မြေနေရာရရှိရေး ဆောင်ရွက်ပေးရန် မကွေးတိုင်းမှ အမျိုးသားလွှတ်တော်အမတ် ဦးသော်ဇင်ဦး၏ မေးခွန်းထုတ်မှုကို ဇန်န၀ါရီ ၂၀ ရက်က ပြု လုပ်သည့် လွှတ်တော်တွင် ဒု-၀န်ကြီးက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

လယ်ယာမြေများကို ယခင်ကကဲ့သို့ လိုအပ်သလို သိမ်းယူ၍မရတော့သည့်အတွက် ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ နေထိုင်လိုသူများအနေဖြင့် ထိုဒေသရှိ ယာမြေပိုင်ရှင်များနှင့် နှစ်ဦးသဘောတူမှုဖြင့်သာ ပြောင်းရွှေ့နေထိုင်နိုင်မည်ဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။

လယ်ယာမြေဥပဒေ အခန်း(၃)၊ ပုဒ်မ ၉(ခ)တွင် “လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ် စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့်ပြု ထားသည်” ဟု ပြဋ္ဌာန်းထားသည်။

အဆိုပါ ကမ်းပါးပြိုကျမှုနှင့် ကြုံတွေ့နေရသည့် သံဇလုံရွာမှာ ၂၀၁၂ ခုနှစ် အတွင်းကစပြီး ကမ်းပါးပြိုကျမှု ကြောင့် ၂၀၁၃ နှစ်ကုန်ပိုင်းထိ အိမ်ခြေ ၄၈ လုံးမှာ နီးစပ်ရာ ကားလမ်းဘေးများတွင် ယာယီတဲများထိုး ကာ နေထိုင်နေကြရသည်ဟု အထက်လွှတ်တော်အမတ် ဦးသော်ဇင်ဦးက လွှတ်တော်တွင် ပြောဆိုသည်။

ထိုရွာတွင် အိမ်ခြေ ၁၁၇ လုံးနှင့် လူဦးရေ ၅၅၂ ဦးရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကစပြီး ဒေသခံ များ နေထိုင်သည့် ကျေးရွာ တစ်ရွာဖြစ်သည်။

“ကားလမ်းဘေးမှာ ယာယီတဲများ ဆောက်လုပ်ပြီး လူရော၊ ကျွဲနွား တိရစ္ဆာန်များပါ ခက်ခဲပင်ပန်းစွာ နေ ထိုင်နေခဲ့ကြ ရပါတယ်။ ပြောင်းရွှေ့ခြင်းမပြုသေးတဲ့ ကျန်အိမ်ထောင်စုများမှာလည်း လာမယ့် ၂၀၁၄ခုနှစ် မြစ်ရေတက်ချိန်မှာ မြစ်ကမ်းပါးပြိုကျမှုကို စိုးရိမ်နေကြရပါတယ်။ ကျေးရွာပိုင်မြေနေရာလည်း လုံးဝမရှိ ဖြစ် နေကြရပါတယ်” ဟု ဦးသော်ဇင်ဦးက ဒေသအခြေအနေကို ရှင်းပြသည်။

သို့သော် လယ်ယာမြေများအား ယခင်ကကဲ့သို့ သိမ်းယူ၍မရသည့်အပြင် ”အနီးပတ်ဝန်းကျင်တွင် အစိုးရ စီမံခန့်ခွဲ ခွင့်ရှိသော မြေလွတ်မြေရိုင်းများ မရှိသောကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းမှ ဖြေရှင်း ဆောင် ရွက်ပေးရန် အခက်အခဲရှိနေသည်” ဟု ဒု-၀န်ကြီးက ဆိုသည်။

ဒေသခံများ ပြောင်းရွှေ့နေထိုင်ရန် ထို ဒေသအနီးရှိ ယာမြေများမှာ တစ်ဧကလျှင် တစ်ဆယ့် ငါးသိန်းထိ သာ ပေါက်ဈေး ရှိသော်လည်း ယာပိုင်ရှင်များက သိန်း၁၅၀ ထိ တိုးမြှင့်တောင်းခံမှုကြောင့် ကမ်းပါးပြိုမှု နှင့် ကြုံတွေ့နေရသည့် သံဇလုံရွာသားများအတွက် အခက်အခဲဖြစ်လျက် ရှိနေသည်။

ထို့ကြောင့် ပြောင်းရွှေ့နေထိုင်လိုသူများနှင့် ယာပိုင်ရှင်များ ညှိနှိုင်းမှု လိုအပ်မည်ဖြစ်ပြီး “အဆင်ပြေမှုရရှိ ပါက အစိုးရ အဖွဲ့အစည်းအနေဖြင့် လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လယ-၃၀(က)နှင့်အညီ အခြား နည်း အသုံးပြုခွင့်ရရှိရေး စီစဉ်ဆောင်ရွက်ပေးသွားမည်” ဟု သမ္မတ ရုံး ဒု-၀န်ကြီးက ပြောသည်။

No comments: