Wednesday, January 22, 2014

သစ်ခိုးထုတ်ရန် ခိုးဝင်လာသည့် တရုတ်နိုင်ငံသားနှစ်ဦးကို ထီးချိုင့်တွင် ဖမ်းဆီး

ကိုတိုးကြီး

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ ချိတ်သင်းကျေးရွာ၊ ကြာအင်းကြီး ယာခင်းတောအတွင်း လူမနေသည့် တဲတစ်လုံးကို သတင်းအရ ရဲတပ်ဖွဲ့ဝင်းများက ရှောင်တခင် ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသည့် တရုတ်နိုင်ငံသားနှစ်ဦးနှင့်အတူ မူးယစ်ဆေးဝါးများကို တွေ့ရှိရသည့်အတွက် ထီးချိုင့်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ခဲ့ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ လူမနေသည့်တဲအတွင်း မူးယစ်ဆေးဝါးကိစ္စအတွက် ရောက်ရှိနေသူများမှာ ကိုမာကန်၊ ကိုထွန်းခိုင်၊ ရန်အိုက်လို့၊ ကိုလော်တုန်နှင့် ကိုရန်စီချန်း တို့ကို နယ်ထိန်းရဲ ခေါင်းဆောင် ဒုရဲအုပ် သောင်းထိုက်ဦးက မှုခင်းမှတ်တမ်း များရယူထားသည်ဟု သိရသည်။

ဖမ်းဆီးထားသည့် တရုတ်နိုင်ငံသားနှစ်ဦးမှာ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်၊ ယွမ်ယွမ်ရှန်ကျေးရွာမှ အသက် ၄၂ နှစ် အရွယ်လောတုံနှင့် ထိန်ချုံးပြည်နယ်၊ ပယ်ဟိုင်းရှာစွေး ကျေးရွာမှ ၄၁ နှစ်အရွယ် ရန်စီချန်းတို့နှစ်ဦးတို့ဖြစ်သည်။

ထိုသူတို့ထံမှ ဘိန်းဆီခဲ နှစ်တုံး အလေးချိန်( ၁၄၆ ဒသမ ၉၆၃၇၉) ဂရမ်၊ wy စာတမ်းပါ မူးယစ်စိတ်ကြွဆေးပြားလေးပြား၊ ပိုက်ဆံ လေးသိန်းခုနှစ်သောင်းကျော်နှင့်အတူ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ရဲအဖွဲ့က သိမ်းဆီးရရှိခဲ့ပြီး ထီးချိုင့်မြို့မရဲစခန်း မူးယစ် (ပ) ၁/၂ဝ၁၄ မူးယစ်ပုဒ်မ ၁၅/ ၁၉(က) /၂ဝ(က)/ ၂၁ အရ အမှုဖွင့် အရေးယူခဲ့သည်။

ထို့နောက် ရဲဌာနက တရုတ်နိုင်ငံသားများကို စစ်ဆေးမေးမြန်းရာတွင် မူးယစ်ကိစ္စရပ်ဖြင့် ဖမ်းဆီးခံထားရသူ လူ ငါးဦးအနက် လူနှစ်ဦးမှာ တရုတ်နိုင်ငံ ရွှေလီမြို့မှတဆင့် မြန်မာနိုင်ငံ မန်စီမြို့နယ်၊ မဘိမ်းမြို့နယ်တို့ကို ဆိုင်ကယ် စီးနင်း၍ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုသူတို့သည် တရားမဝင် သစ်ခုတ်ထုတ်ယူရန် လာရောက်သူများ ဖြစ်သည်ဟုလည်း ရဲစခန်း မှတ်တမ်းများတွင် ဖော်ပြထားသည်။


ထီးချိုင့်မြို့နယ် လဝက ဦးစီးမှူး ဦးကျော်မြင့်က မှတ်တမ်းများရယူ၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/(၁) အရ အရေးယူပေးရန် တိုင်တန်းခဲ့ရာရဲစခန်းက ယခုလ ၁၉ ရက်နေ့ ညနေ ၅ နာရီ အချိန်တွင် (ပ) ၂၂/ ၂ဝ၁၄ အရ လက်ခံရေးဖွင့်ခဲ့သည်။

No comments: