Thursday, January 16, 2014

လာမည့်ဘဏ္ဍာနှစ်တွင် စစ်အသုံးစရိတ်လျှော့မည်ဟု ကာကွယ်ရေးဝန်ကြီးပြော

အောင်သူရထွန်း

ကာကွယ်ရေးအသုံးစရိတ်အဖြစ် ပြီးခဲ့နှစ်က ပြည်ထောင်စုဘတ်ဂျက် စုစုပေါင်း၏ ၁၃ဒသမ ၆၆ ရာခိုင်နှုန်း သုံးစွဲခဲ့သော်လည်း လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင်မူ ၁၂ဒသမ၂၆ ရာခိုင်နှုန်းသာ လျှော့ယူသုံးစွဲမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ဇန်န၀ါရီ ၁၄ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အမျိုးသားစီမံကိန်း လျာထားချက် တင်ပြစဉ် ပြောသည်။

“ရငွေမှာ ၅၆ ဘီလီယံတိုးပြီးတော့ အသုံးစရိတ်မှာ ၆ ဒသမ ၃၉၆ ဘီလီယံ လျှော့နည်းပြီး တောင်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စု ဘတ်ဂျက်ထဲကနေ ၁၃ ဒသမ၆၆ သုံးပေမယ့် လာမယ့်နှစ်မှာတော့ ၁၂ ဒသမ၂၆ ရာခိုင်နှုန်းပဲ သုံးမယ်လို့ တင်ပြထားပါတယ်” ဟု ၄င်းက ပြောသည်။ မူလတင်ပြစဉ်က ကျပ် ၂၄၀၉ ဘီလီယံဖြစ်သော်လည်း ပြည်ထောင်စုအစိုးရအစိုးနှင့် ညှိနှိုင်းမှုဖြင့်ကျပ် ၁၂၇ဘီလီယံ လျှော့ချခဲ့ သည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

“ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမျိုးသားစီမံကိန်း ဥပဒေမူကြမ်းဟာ နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုး တက်မှုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ စီမံကိန်းမဟုတ်ကြောင်း တင်ပြလိုပါတယ်။ သို့သော်လည်း သွယ်ဝိုက် ပြီးတော့ သက်ဆိုင်နေပါကြောင်း တင်ပြလိုပါတယ်” ဟု ၄င်းက ဆိုသည်။

ယင်းကြောင့် လာမည့် ဘဏ္ဍာရေးနှစ် ကာကွယ်ရေးဝန်ကြီးဌာန၏ စီမံကိန်းများအတွက် ကျပ် ၂၂၈၂ ဘီလီယံ သုံးစွဲမည်ဟု လွှတ်တော်သို့ ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က တင်ပြခဲ့သည်။ အဆိုပါ အသုံးစရိတ်တွင် အဆောက်အအုံ တည်ဆောက်ရန် ကျပ် ၁၂၁၅ ဘီလီယံလည်း ပါဝင်သည်ဟု ဆိုသည်။

ထို့ပြင် ၀န်ကြီးဌာနမှ နိုင်ငံတော်သို့ ပေးသွင်းရန် ပမာဏကိုလည်း တိုးတက်လျာထားခဲ့ပြီး ကျပ် ၁၃၈ ဘီလီယံပေးသွင်းမည်ဟု ၄င်းက ပြောသည်။ ယင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံမှ ရငွေ၊ အခြားစက်ရုံ အလုပ်ရုံများမှရငွေ၊ တပ်မတော်ရုပ်သံနှင့် ပုံနှိပ်လုပ်ငန်းမှရငွေ၊ တပ်မတော်ဆက်သွယ်ရေး ကွန်ရက်မှ ရငွေတို့ ပါဝင်သည်ဟု ရှင်းလင်းတင်ပြမှုများက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ၂၀၁၂- ၂၀၁၃ ဘဏ္ဍာနှစ်အတွက် အသုံးစရိတ် ရာထားငွေမှာ ၁၈၇၇ ဒသမ ၇၁၃ ဘီလီ ယံဖြစ်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင်မူ ၁၁၀၁ ဘီလီယံကျော်သာ ရှိခဲ့သည်။

No comments: