စိုးသန်းလင်း၊ မင်းမင်း
လက်ရှိတည်ဆဲဖြစ်သော ၁၉၇၄ခုနှစ်၊ ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၃ အရ “မြို့နယ်၊ တိုင်းဒေသကြီး၊ ပြည်နယ် အခွန်ဦးစီးမှူး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာ အခွန်ရုံးဌာနမှူးတို့သည် လည်းကောင်း၊ ပုဒ်မ (၇) အရ ဖွဲ့ စည်းထားသောအဖွဲ့နှင့် တာဝန်ပေးခံရသော ပုဂ်္ဂိုလ်နှင့် အဖွဲ့တို့သည်လည်းကောင်း တရားရုံး၏ လုပ်ပိုင် ခွင့်များကို ရရှိစေရမည်၊ ထို့ပြင် ယင်းပုဂ်္ဂိုလ် သို့မဟုတ် အဖွဲ့များအား လုပ်ငန်းဆိုင်ရာ တရားရုံးဖြစ်သည် ဟု မှတ်ယူရမည်” ဟုပါရှိရာ အုပ်ချုပ်ရေးဆိုင်ရာ ၀န်ထမ်းများအား တရားစီရင်ရေး အာဏာအပ်နှင်းထား ခြင်း ဖြစ်နေကြောင်း၊ အခွန်စည်းကြပ်သူကို ဆန့်ကျင်သော လုပ်ပိုင်ခွင့်နှစ်မျိုးပေးထားခြင်းမှာ လာဘ်စား ခွင့်ကို ပို၍များစေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက ပြောသည်။
“အခွန်စည်းကြပ်တဲ့သူကလည်း သူပဲ၊ အခွန်အယူခံရုံးအတွက် အယူခံတာလည်း သူ့ဆီမှာပဲ အယူခံရတယ် ဆိုတော့ သူတစ်ဦးတည်းကို လုပ်ပိုင်ခွင့် နှစ်ခုစလုံး ပေးထားသလို ဖြစ်နေတယ်။ သူ့ကိုပဲ ဖုံးခိုင်းလိုက်၊ သူ့ ကိုပဲ ပိတ်ခိုင်းလိုက် ဖြစ်နေတယ်။ တကယ်က အယူခံရုံးအဖွဲ့က အခြား တတိယအဖွဲ့ပဲ ဖြစ်သင့်တာ၊ တကယ်လို့ သူက လာဘ်စားချင်တယ်၊ အဂတိတရား လိုက်စားမယ်ဆိုရင် ပိုပြီးအခွင့်အရေးရ တာပေါ့” ဟု ၎င်းက ပြည်သူ့လွှတ်တော် န၀မအကြိမ်အစည်းအဝေး တတိယနေ့ (ဇန်န၀ါရီ ၂၀)ရက်တွင် မဇ္ဈိမကို ပြော ကြားခြင်း ဖြစ်သည်။
လုပ်ငန်းရှင်များက အခွန်ရှောင်လိုသဖြင့် ၀င်ငွေလိမ်လည်ပြသမှုကို အခွန်စည်းကြပ်သူက အလိမ်ဖြေနိုင် ခြင်း မရှိခဲ့လျှင်မူ တစ်နည်းအားဖြင့် လုပ်ငန်းမကျွမ်းကျင်ခဲ့ပါလျှင် အခွန်ဦးစီးအရာရှိသည် မျက်ကန်းတစ္ဆေ မကြောက်သကဲ့သို့ အဂတိလုပ်ရပ်များ လုပ်ရဲသွားနိုင်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။
၁၉၇၄ ခုနှစ် အခွန်ဥပဒေပါ အခွင့်အာဏာပေးခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်နှင့် လည်း ကိုက်ညီမှုမရှိသောကြောင့် ၎င်းကိုပြင်ဆင်နိုင်ရေးအတွက် ပြင်ဆင်သည့် ဥပဒေကြမ်းကို မည်သည့် အခါတွင် လွှတ်တော်သို့ တင်ပြပါမည်နည်းဟု ဒေါ်တင်နွယ်ဦးက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် အစိုးရ အဖွဲ့သို့ မေးမြန်းခဲ့သည်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၆)၊ ပုဒ်မ ၂၉၃ မှာ တရားရုံးများ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ပြဋ္ဌာန်းထားရာမှာ တရားစီရင်ရေးဆိုင်ရာ ခုံရုံးအသီးသီးထဲမှာ “လုပ်ငန်းဆိုင်ရာ တရားရုံးများ” ဆိုပြီး အလျဉ်းမပါတာ တွေ့ရပါမယ်။ ဒါကြောင့် ၁၉၇၄ အခွန်ဥပဒေဟာ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ကိုက်ညီမှု မရှိပါဘူး” ဟု ဒေါ်တင်နွယ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၉၃ တွင် ဖော်ပြထားသည့် တရားရုံးများနှင့် သဘောသဘာဝ မတူ ဘဲ တရားရေးသဘောဆောင်သော လုပ်ပိုင်ခွင့်ကို အပ်နှင်းခြင်း ဖြစ်ပါသဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း တွေ့ရပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့ပြီး ၀င်ငွေခွန် ဥပဒေပုဒ်မ ၄၃ ကို ပြင်ဆင်ရန် အစီအစဉ် မရှိကြောင်းလည်း ပြောကြားခဲ့သည်။
No comments:
Post a Comment