Wednesday, January 22, 2014

ဖြေရှင်းပြီး လယ်ယာမြေအမှု ထက်ဝက်ကျော် ပွင့်လင်းမြင်သာမှု မရှိဟု လွှတ်တော်အမတ်များသုံးသပ်

စိုးသန်းလင်း

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေး ကော် မရှင်၏ အစီရင်ခံစာ ၁၊ ၂ ၊ ၃ ပါ အမှုတွဲများနှင့် ထပ်တိုင်အမှုတွဲများအပေါ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီက ဦးစီးလျက် နှစ်လအတွင်း အမှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့သည်ဟု သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ သို့ရာတွင် ဖြေရှင်းပေးသည်မှာ ပွင့် လင်းမြင်သာမှု မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်တို့က သုံးသပ် ပြောကြားသည်။

“အထူးသဖြင့် နေပြည်တော်မှာရှိတဲ့ လယ်ယာမြေ အငြင်းပွားမှုတွေမှာ ဘယ်အမှုတွေကို ဘယ်လိုရှင်း လိုက်တယ်ဆိုတာ ကျွန်တော်တို့ မသိရပါဘူး။ ပြည်သူတွေ ကျေနပ်အောင် လျော်ကြေးပေးတာလား။ အသုံးမပြုဖြစ်တဲ့ လယ်တွေကို တောင်သူ့လက်ထဲ ပြန်အပ်တာလား။ ဘယ်လို ဖြေရှင်းပေးလဲဆိုတာ ဘယ် သူမှ မသိရဘူး”ဟု နေပြည်တော် ရှစ်မြို့နယ်တွင် ပါဝင်သည့် ဥတ္တရသီရိမြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက မဇ္ဈိမကို ပြောသည်။

လယ်ယာမြေဆိုင်ရာ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာအပိုင်း(၁)တွင် ကော်မရှင်က အကြံပြုထားသည့် “လယ်ယာမြေ အငြင်းပွားမှုများကို ရှင်းလင်းရာမှာ အများပြည်သူသိအောင်ရှင်းပေးဖို့” ဟူသော အချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိတာ တွေ့ရကြောင်းလည်း အဆိုပါ ကော်မရှင်၏ အဖွဲ့(၄) အဖွဲ့ဝင်လည်း ဖြစ် သည့် ဦးမင်းသူက ဖြည့်စွက်ပြောသည်။

ဒီဇင်ဘာ ၂၂ ရက် နေ့စွဲပါ စာအမှတ် ၁၀၇(၁)/၈/သမ္မတရုံးဖြင့် သမ္မတက ပြည်ထောင်စုလွှတ်တော် လယ် ယာမြေ ကော်မရှင်ဥက္ကဋ္ဌထံသို့ ပေးပို့သော သ၀ဏ်လွှာတွင် နေပြည်တော်အပါအ၀င် ပြည်နယ်နှင့် တိုင်း ဒေသကြီး ၁၅ ခုတို့မှ လယ်ယာမြေ အမှုပေါင်း ၇၄၅ မှုအနက် ၄၁၈ မှုကို ရှင်းလင်းပေးပြီးဖြစ်ကြောင်း၊ နေ ပြည်တော်တွင် အမှုပေါင်း ၁၁၁မှုရှိသည့်အနက် ၁၀၄ မှုကို ၂၀၁၃ အောက်တိုဘာ ၂၆ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အတွင်း ရှင်းလင်းပေးပြီး ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

နေပြည်တော်နယ်မြေတွင် စစ်တပ်က သိမ်းထားသည့် မြေနှင့်ပတ်သက်၍ အငြင်းပွားနေသည့် မြေယာ အမှုတစ်မျိုးတည်းမှာပင် အမှုပေါင်း နှစ်ရာကျော် ရှိကြောင်း၊ မြို့တော်စည်ပင်ဖွံ့ဖြိုးမှုအတွက် နေပြည် တော်စည်ပင်နှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့က သိမ်းသည့်မြေ၊ စီမံကိန်းသီးနှံများအတွက် သိမ်းသည့် မြေများနှင့် ပတ်သက်၍ အငြင်းပွားလျက်ရှိသော အမှုတွဲများနှင့်ဆိုလျှင် အမှုတွဲ ရာပေါင်းများစွာ ရှိနိုင် သည်ဟု ဒေသခံတို့က ပြောကြားသည်။

၎င်းလယ်ယာမြေကော်မရှင်၏ အဖွဲ့ (၄)အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်သော ဦးမင်းသူ၏ မဲဆန္ဒနယ်ဖြစ်သော ဥတ္တရသီရိမြို့နယ်အတွင်းမှာပင် သရက်သီးဇုန်စီမံကိန်းအတွက် မြေအသိမ်းခံရသော တောင်သူဦးရေ ၃၀၀ ခန့်ရှိပြီး ၎င်းမြေများနှင့် စပ်လျဉ်းမည့် အမှုတွဲပေါင်း ၅၀ ကျော်ရှိကြောင်း ဦးမင်းသူ က ပြောသည်။

၎င်းက “ဒီတောင်သူ ၃၀၀ ရဲ့ အမှုတွေ နဲ့ပတ်သက်ပြီး ဒီနေ့အထိ တစ်မှုမှ မဖြေရှင်းရသေးပါဘူး။ နောက် ပြီး နေပြည်တော် ရှစ်မြို့နယ်ပေါင်းမှာ လယ်ယာမြေအမှု ၁၁၁ မှုဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ စုံစမ်းရေး ကော်မရှင်ကို ရောက်လာတဲ့ နေပြည်တော်က လယ်ယာမြေအမှုပေါင်းက ၂၀၁၂ ဒီဇင်ဘာကတည်းက အမှုပေါင်း ငါးရာကျော်ရှိခဲ့ပြီး မန္တလေးတိုင်းတစ်ခုတည်းမှာကိုပဲ အမှုပေါင်း ခုနစ်ရာကျော် ရှိခဲ့တာပါ။ နေ ပြည်တော်မှာ လယ်ယာမြေစုံစမ်းရေး ကော်မရှင်က စစ်ဆေးတဲ့အမှုဟာ ဒီနေ့ ဇန်န၀ါရီ ၂၀ ရက်အထိ ငါးမှုပဲ ရှိသေးတယ်လို့ သိရပါတယ်” ဟုလည်း ဖြည့်စွက် ပြောခဲ့သည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကလည်း“ကျွန်မမြို့နယ်မှာတင် လယ် ယာမြေအမှုပေါင်း တစ်ရာကျော်လောက် ကျွန်မ တင်ထားပါတယ်။ အဲဒီအထဲမှာ တောင်သူတွေ စိတ် ကျေနပ်တဲ့အထိ ဖြေရှင်းပေးတာမျိုး လုံးဝမရှိသေးပါဘူး။ စစ်ဆေးဖြေရှင်းတဲ့ အမှုတောင် ၁၀ မှု မပြည့် သေးပါဘူး။ ဒါကြောင့် အခု သ၀ဏ်လွှာမှာပါတဲ့ ကိန်းဂဏန်းတွေဟာ မှားနေတယ်လို့ ကျွန်မ ပြောချင်ပါ တယ်” ဟု ဖြေကြားသည်။

သမ္မတ၏ သ၀ဏ်လွှာနှင့် ပူးတွဲပါသော တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ဖြေရှင်း ဆောက်ရွက်ပြီးစီးမှု စာရင်းချုပ်တွင် မန္တလေးတိုင်းဒေသကြီး၌ လယ်ယာမြေအမှု ၅၄ မှုရှိပြီး လေးမှုကို ဖြေရှင်းပေးပြီးဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ကိုလည်း ကချင်ပြည်နယ်တွင် လယ်မြေ တစ်မှုရှိရာ တစ်မှုကိုရှင်းပြီး၊ ကယားတွင် တစ်မှုရှိ မရှင်းရသေး၊ ကရင် ၁၆ မှုရှိ ငါးမှု ရှင်းပြီး၊ ချင်းနှစ်မှုရှိရာ မရှင်းရသေး၊ စစ်ကိုင်း အမှု ၂၀ တွင် ၁၇ မှုရှင်းပြီး၊ တနင်္သာရီ ခုနစ်မှုတွင် တစ်မှုရှင်းပြီး၊ ပဲခူး ၆၅ မှုမှာ သုံးမှုရှင်းပြီး၊ မကွေး ၅၂ မှုတွင် ၂၇ မှုရှင်းပြီး၊ မွန် ၁၄၅ မှုတွင် ၁၃၈ ရှင်း ပြီး၊ ရခိုင် ၄၂ မှုရှိ တစ်မှုမှ မရှင်းရသေး၊ ရန်ကုန် ၉၈ မှုတင် ၃၀မှု ရှင်းပြီး၊ ရှမ်း ၇၄ မှုတွင် တစ်မှုရှင်းပြီးနှင့် ဧရာဝတီ ၅၇ မှု တွင် ၄၂ မှုရှင်းပြီးဟု ဖော်ပြပါရှိသည်။

ထို့ပြင် လယ်ယာမြေကော်မရှင်၏ အစီရင်ခံစာ ၁၊ ၂၊ ၃ တို့တွင် မပါဝင်သည့် ထပ်တိုးအမှုပေါင်း ၄၅ မှု တို့ကိုလည်း ရှင်းလင်းပြီးဖြစ်သည်ဟု ဖော်ပြထားရာ စုစုပေါင်းရှင်းလင်းပြီးသည့်အမှု ၄၁၈ မှု အတွက် မြေ ဧက ၂၃၅,၆၄၂ ဒသမ ၇၈၂ တို့ကို ရှင်းလင်းပြီးစီးကြောင်း ဖော်ပြပါရှိသည်။

No comments: