Tuesday, January 21, 2014

ရခိုင်ကမ်းရိုးတန်းတွင် ကမ်းဝေးရေယာဉ်များ ခိုးဝင်ငါးဖမ်းဆီးမှု မဖြေရှင်းနိုင်သေး

ကေဇူး

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကမ်းဝေးငါးဖမ်းရေယာဉ်များ ကမ်းနီးသို့ ၀င်ရောက် ငါးဖမ်းမှုကြောင့် ကမ်းနီး ငါးသယံဇာတများ ပျက်စီးကာ ရွက်လှေများ ဖမ်းဆီးမရရှိတော့သော်လည်း ခိုးဝင်ဖမ်းဆီးမှုများကို မဖြေ ရှင်းနိုင်သေးကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များအသင်းမှ ဦးသက်ရှင်းက ဇန် န၀ါရီ ၂၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ကမ်းဝေးငါးဖမ်းရေယာဉ်များသည် ကမ်းနှင့် ဆယ်မိုင်အကွာမှ မိုင် ၂၀၀ အတွင်း ငါးဖမ်းခွင့်ရှိပြီး ကမ်းနှင့် အနီးဆယ်မိုင်အတွင်းတွင် ကမ်းနီးငါးဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြရန် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ထားပြီး ငါးသားပေါက်ရာသီနှင့် ယင်းနေရာများတွင် ငါးဖမ်းဆီးခြင်းကိုလည်း တားမြစ်ထား သည်။

“သင်္ဘောကြီးတွေက ကမ်းနဲ့ တစ်မိုင်လောက်အထိ ကပ်တယ်။ သူတို့သုံးတဲ့ပိုက်က ရေအောက်ကြမ်း ပြင် တရွတ်တိုက်ဆွဲတဲ့ ပိုက်တွေဖြစ်တဲ့အတွက် ရေထဲမှာရှိတဲ့ သားငါးသယံဇာတ အားလုံးပါသွားတယ်” ဟု ဦးသက်ရှင်းက ဆိုသည်။

ကမ်းဝေးရေယာဉ်များ ဆိုက်ကပ် ဖမ်းဆီးသဖြင့် ပင်လယ်ရေအောက်ကြမ်းပြင် ပျက်စီးခြင်း၊ သန္တာ ကျောက်တန်းများ ပျက်စီးခြင်းအပြင် ငါးသားပေါက်များ၊ ငါး၊ ပုစွန်တို့ စားသုံးသော ရေညှိရေမှော်များ ပျက်စီးခြင်းတို့ ကြုံတွေ့ရသည်ဟု ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးညီထွေးက ဆိုသည်။

“ကမ်းနီးရေယာဉ်တွေ ကမ်းနဲ့ ၁၀ မိုင်အကွာမှာ ရပ်နားခွင့်မရှိပါဘူး၊ တချို့က ခိုးပြီး ဖမ်းတာတွေရှိတယ်” ဟု ဦးညီထွေးက ပြောသည်။

အဆိုပါပြဿနာများမှာ ၂၀၁၂ ခုနှစ်ကတည်းက ဖြစ်ပွားနေခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှ မောင်တင်နှင့် ဒေသဆိုင်ရာ လွှတ်တော်အမတ်များကို ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များက တင်ခဲ့သော် လည်း ယနေ့ချိန်ထိ ထူးခြားမလာခြင်း ဖြစ်သည်။

ကမ်းနှင့် ရေမိုင် ဆယ်မိုင်အတွင်းတွင် ကမ်းနီးရေလုပ်ငန်းရှင်များ လုပ်ကိုင်ကြပြီး မျှောပိုက်၊ ၀ိုင်းပိုက်၊ ကြမ်းပိုက်၊ သုံးထပ်ပိုက်၊ ကျောက်ကပ်ပိုက်များ အသုံးပြုကာ ဒေသတွင်း ရေလုပ်သားများက လုပ်ကိုင် ကြသည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် ကမ်းဝေး ငါးဖမ်းရေယာဉ် ၂၀၀ ခန့်ရှိပြီး အများစုမှာ တနင်္သာရီတိုင်းနှင့် ရန် ကုန်တိုင်းမှ လုပ်ငန်းရှင်များဖြစ်ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ်၏ မှတ်တမ်းများတွင် ဖော်ပြ ထားသည်။

No comments: