Wednesday, January 22, 2014

နိုင်ကျဉ်းဟောင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ရရေး ထွေ/အုပ် ဆုံးဖြတ်သည်ဟု ဒု-၀န်ကြီးပြောခြင်း ဝေဖန်မှုများရှိလာ

ဉဏ်လှိုင်လင်း

နိုင်ငံရေးအရ ပြစ်ဒဏ်ခံခဲ့ရပြီးသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ(မိသားစုပင်စင် အပါအ၀င်) ခံစားနိုင်ရေးသည် သက်ဆိုင်ရာ တိုင်း၊ ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများ၏ သဘောထား မှတ်ချက်ပေါ် မူတည်သည်ဟု ပြည်သူ့လွှတ်တော်အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်၏ပြောဆိုမှုကို ဖြစ်သင့်သည့် ကိစ္စမဟုတ်ဟု ကာယကံရှင်အချို့က ဝေဖန်လိုက် သည်။

ကျွန်းစုမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်တင်ရီက နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံပြီ သော ပင်စင်စားဝန်ထမ်းများ၏ ခံစားခွင့်နှင့်စပ်လျဉ်း၍ ဇန်န၀ါရီ ၂၀ရက်က မေးမြန်းရာတွင် ဒေါက်တာ လင်းအောင်က “ပင်စင်စား နေထိုင်ရာ တိုင်း၊ ပြည်နယ် ထွေ-အုပ်သို့ ပြစ်ဒဏ်မှ လွတ်မြောက်လာသော ပင်စင်စား၏ ပင်စင်လစာ တစ်စိတ်တစ်ဒေသကို ဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ ရပ်ဆိုင်းထားရန် ရှိ၊ မရှိ သဘောထားမှတ်ချက် တောင်းခံရပါတယ်။ အဆိုပါ သဘောထား မှတ်ချက်နဲ့အညီ ပင်စင်စား၏ ပင်စင် လစာကို ပြန်လည်ထုတ်ယူခွင့် ပြုပါတယ်” ဟု ဖြေကြားခြင်း ဖြစ်သည်။

ယင်းသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်သကဲ့သို့ ဖြစ်နေပြီး နိုင်ငံ့ဝန်ထမ်းများ ၏ အခွင့်အရေးကို ကန့်သတ်သကဲ့သို့ ဖြစ်နေသည်ဟု ကာယကံရှင်အချို့က ဝေဖန်ကြခြင်း ဖြစ်သည်။ ဒုတိယ၀န်ကြီး၏ ထိုသို့ပြောဆိုမှုအပေါ် မေးခွန်းနှင့် အဆိုများ ထုတ်ဆင့်ဆောင်ရွက်ရန် စီစဉ်သွားမည်ဟု စစ်တက္ကသိုလ် ဗိုလ်သင်တန်းအမှတ်စဉ် (၅) ကျောင်းဆင်း ဗိုလ်ကြီးဟောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင် နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးဝင်းထိန်က ပြောသည်။

“ဒု-၀န်ကြီးဖြေသွားသလို ထွေအုပ်က ဆုံးဖြတ်ရမယ်ဆိုတာက မဟုတ်သေးပါဘူး။ ဒါမူဝါဒပဲ၊ သက်ဆိုင်ရာ ၀န်ကြီးရုံးတွေက လုပ်ရမှာလေ။ ထွေ-အုပ်က ဆုံးဖြတ်တယ် ဆိုကတည်းက မဟုတ်ဘူး။ ဒါမှမဟုတ် သမ္မတရုံးကနေ သတ်မှတ်ရမှာ” ဟု ၁၉၇၇ ခုနှစ်တွင် တပ်မတော်မှ ပင်စင်ယူခဲ့သူ ၎င်းကပြောသည်။

သူသည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီး တပ်မတော်ငွေစာရင်းရုံးသို့ ပင်စင်လစာ ခံစားခွင့်ပြုရန် လျှောက်ထားခဲ့ရာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လတွင် ခွင့်ပြုခံခဲ့ရသူ ဖြစ်သည်။

၎င်းနည်းတူ တပ်ကြပ်ကြီးစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အမျိုးသားဒီမိုကရေစီပါတီသစ် ရန်ကုန် တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကလည်း“သဘာဝမကျဘူး၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခွင့်အရေး ကို ကန့်သတ်တာလို့ ယူဆပါတယ်၊ ထွေ-အုပ်နဲ့ ဘာဆိုင်မလဲ၊ သက်ဆိုင်ရာဌာနကပဲ ကျွန်တော့်ကို ခွင့်ပြု ခဲ့တာပါ” ဟု ၎င်းကပြောသည်။

ဦးကျော်သည်လည်း ထောင် ခုနစ်နှစ် ကျခံခဲ့ရပြီး လွတ်မြောက်လာချိန်တွင် ပင်စင်ခံစားခွင့်ရရန် လျှောက် ထားခဲ့သူ ဖြစ်သည်။ ဦးဝင်းထိန်ကမူ နိုင်ငံရေးအရ အကျဉ်းကျခံခဲ့ရသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်ခံစားခွင့်အပေါ် လိုတစ်မျိုး၊ မလို တစ်မျိုး သဘောဆောင်သည့် သတ်မှတ်ချက်များ ကိုယ်တိုင်ကြုံ တွေ့နေရသည်ဟု ပြောသည်။

No comments: