Friday, January 3, 2014

လေးပွင့်ဆိုင်တွေ့ဆုံရေး တိုင်းပြည်အတွက်လိုအပ်ဟု ဒေါ်စုထပ်ပြော

စုမြတ်ဝေ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင်ဆွေးနွေးရေးသည် တိုင်းပြည်အတွက် လိုအပ် သောကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဇန်န၀ါရီ၂ ရက်က လွှတ်တော်ရုံးခွဲ(ရန်ကုန်)တွင် ဒေါ်အောင် ဆန်းစုကြည်က မီဒီယာများကို ဖြေကြားလိုက်သည်။

မီဒီယာများနှင့်တွေ့ဆုံစဉ် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို မျှော်လင့်နေတုန်းလားဆိုသည့် ပြည်ပမီဒီယာတစ် ခု၏ မေးမြန်းချက်ကို “လေးပွင့်ဆိုင်ဆွေးနွေးပွဲကို မျှော်လင့်တာမဟုတ်ဘူး။ တိုင်းပြည်အတွက် လိုအပ် တယ်လို့ထင်တာ။ အန်တီ့မျှော်လင့်ချက်အရ ဒါကို တောင်းဆိုတာမဟုတ်ဘူး။ တိုင်းပြည်အတွက်လိုအပ် တယ်ထင်လို့ တောင်းဆိုတာပါ”ဟု ဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှင့် တပ်မတော်ကြီးအကဲတို့နှင့် ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်ကို နိုဝင်ဘာ ၂၃ ရက်၌ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် နိုင်ငံတော်သမ္မတထံ စာဖြင့် တရားဝင်ပေးပို့ခဲ့သည်။ အဆိုပါကမ်းလှမ်းမှုအပေါ် အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာ ထွက်ပေါ်လာချိန်အထိ စောင့်ဆိုင်းရန် နိုင်ငံတော်သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘောထားရှိသည်ဟု တုံ့ပြန်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က နိုဝင်ဘာ ၂၇ ရက်တွင် မဇ္ဈိမကို ပြန် လည် ဖြေကြားခဲ့ဖူးသည်။

ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အင်းအားစုများပါဝင်သော ညီလာခံမျိုး ဖြစ်သင့်၊ မသင့်ကို မဇ္ဈိမက မေးမြန်းရာတွင်လည်း၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်သူများသာမက အင်အား စုပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်သော ညီလာခံမျိုး လုပ်ဆောင်ရန် တိုက်တွန်းမှုကိုမူ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ ပြည်ထောင်စုလွှတ်တော်ကို အကြံပြုမည့် အချက်များ ကို စောင့်ကြည့်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြစ်ဆုံစီမံကိန်း ပြန်လည်စတင်လျှင်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍လည်း မီဒီယာသမားတစ်ဦးက မေးမြန်း ရာတွင် “ဒီစာချုပ်ထဲမှာ ဘာပါလဲဆိုတာ ပထမ ကြည့်မယ်။ ပြီးမှ အဖြေပေးမယ်။ စာချုပ်ထဲမှာ ဘာပါမှန်း လဲမသိဘူး။ ပြည်သူလူထုလည်းမသိဘူး။ ဒါ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်းမြင်သာမှုဆိုတာ ဒါပဲ။ အဲတော့ ဘာတွေ ကတိက၀တ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိက၀တ်တွေခံရမှာ က ဒီနိုင်ငံကပဲ ခံရမှာ။ ပြည်သူကပဲခံရမှာပဲ။ အဲတော့ ဘာပဲပြောပြော ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့လူ တွေက တာဝန်သိစိတ်တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့မရဘူး။ မသိကျိုးကျွံပြုနေလို့မရဘူး” ဟု ပြောသည်။

အဆိုပါနေ့တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်နယ်နှင့်တိုင်းအသီးသီးတွင် တရားဥပဒေစိုးမိုးရေးစင်တာများ ဖွင့်လှစ်ရန်ကိစ္စနှင့် ပတ်သက်၍ လွှတ်တော်ရုံးခွဲ (ရန်ကုန်)တွင် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP) အပါအ၀င် လွှတ်တော်ကိုယ်စား လှယ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အစည်း အဝေးသည် ဒေါ်အောင်ဆန်းစုကြည်၏ ခြေထောက် အသေးစားခွဲစိပ်မှုအပြီး ပထမဦးဆုံး တက်ရောက် သော အစည်းအဝေးဖြစ်သည်။

No comments: