ABC
နိုင်ငံတကာ ငွေကြေးရံပုံငွေအသင်း IMF ရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်ဖို့ ရှိနေပြီး ပြည်တွင်းအသားတင် ထုတ်ကုန် GDP က ၇.၃ % ရှိရာကနေ လာမယ့်နှစ်မှာ ၇.၈% အထိ တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံသူတွေ လှိမ့်ဝင်လာတာကို လိုလားပေမယ့် ထင်သလောက် ဖြစ်မလားတဲ့ကြားက ၂၀၁၄-၂၀၁၅ မှာ စီးပွားရေး တိုးတက်လာနိုင်တယ်လို့ IMF က ခန့်မှန်းထားတာ ဖြစ်ပါတယ်။
မြန်မာဗဟိုဘဏ်ကို ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အနေနဲ့ အစိုးရက ဗဟိုဘဏ်ကို ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် တချို့ ပေးလာတဲ့အပေါ် IMF က ကြိုဆိုလိုက်ပြီး ဆုံးဖြတ်ပိုင်ခွင့်ပိုင်းမှာ ဒီထက် လုပ်ဆောင်ခွင့်ပေးသင့်ပေမယ့် ဒီကိစ္စမျိုးက အချိန်ယူရမှာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ GDP တိုးတက်မှုတွေရှိတယ်လို့ ခန့်မှန်းထားချိန်မှာပဲ တဖက်မှာလည်း ငွေကြေးဖောင်းပွမှုနှုန်း ၆% တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ငွေကြေးဖောင်းပွမှုတွေအပြင် လျှပ်စစ်မီတာခ ဈေးနှုန်း မြင့်တက်လာနိုင်ပြီး ဒီလို ဖြစ်စဉ်တွေဟာ အသွင်ကူးပြောင်းရေး လုပ်နေတဲ့ နိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးအတွက် အစိုးရအနေနဲ့ ကဏ္ဍပေါင်းစုံမှာ ငွေကြေးတွေ ပိုမိုသုံးစွဲဖို့ လိုအပ်ပေမယ့် ပိုမို သုံးစွဲနိုင်ဖို့အတွက် အခွန် ကောက်ခံတဲ့ စနစ်တွေ ဒီထက် ပိုလုပ်သင့်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
စိုက်ပျိုးရေး လုပ်ငန်းတွေမှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဝင်ရောက်လာဖို့ ဖိတ်ခေါ်
မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် မြန်မာ့စိုက်ပျိုးရေး ထိပ်သီးဆွေးနွေးပွဲကို မနေ့တုန်းက ရန်ကုန်မြို့ အင်းယားလိပ် ဟော်တယ်မှာ စတင်ပြုလုပ်ခဲ့ပါတယ်။
၂ ရက်တာ ပြုလုပ်မယ့် ဆွေးနွေးပွဲကို အရှေ့တောင်အာရှက နိုင်ငံတွေနဲ့ ဥရောပ နိုင်ငံတွေ အပြင် နိုင်ငံပေါင်း ၁၈ နိုင်ငံက လုပ်ငန်းရှင်တွေ တက်ရောက်ဆွေးနွေးမှာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲနဲ့ ပက်သက်ပြီး ဦးဆောင်ကျင်းပတဲ့ မလေးရှားအခြေစိုက် Confexhub ကုမ္ပဏီက အကြံပေး ဦးဇင်မင်းက အခုလို ပြောပါတယ်။
“ဒီနေ့ပွဲကတော့ အဓိကတော့ စိုက်ပျိုးရေးကို အဓိက Target ထားတဲ့ ပွဲပေါ့။ ဒီစိုက်ပျိုးရေးနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဘယ်လို ပေါ်လစီတွေရှိတယ်။ အစိုးရ ဘယ်လို ပေါ်လစီတွေ ချမှတ်ထားတယ်။ ပြီးတော့ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမယ့် သူတွေ အနေနဲ့လည်း ဒီပေါ်လစီတွေ သိရအောင် အခွင့်အလမ်းတွေ ဘယ်လိုရှိတယ်ဆိုတာသိရအောင် မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတာကတော့ နည်းပညာပေါ့နော်။ အဲဒီအတွက်လည်း ကျွန်တော်တို့က ဒီပွဲတွေကို လုပ်တာပေါ့နော်။ နိုင်ငံပေါင်း ၁၈ နိုင်ငံက လာပါတယ်။”
တက်ရောက်ဆွေးနွေးခဲ့တဲ့ ပြည်ပလုပ်ငန်းရှင်တွေရဲ့ စိတ်ဝင်စားမှုဟာ နယ်ပယ်အလိုက် ကွဲပြားပေမယ့် ဒီဆွေးနွေးပွဲဟာ နိုင်ငံတကာရဲ့ ရင်းနှီးမြုပ်နှံမှုကို အဓိက ဖိတ်ခေါ်နိုင်မယ်လို့လည်း ယုံကြည်တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေနဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေအတွက် ပို့ကုန်ပစ္စည်း သတ်မှတ်ပေးထားတဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်မှု ဌာနစိတ်၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။
နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ကုန်သွယ်မှု ဖြေလျှော့တဲ့ ကိစ္စရပ်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် ရင်းနှီးမြုပ်နှံသူ တွေအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေဟာ အာမခံချက် သိပ်မရှိဘူးလို့ စီးပွားရေး ပညာရှင်အချို့က ဝေဖန်ထားကြောင်း ရေဒီယို သြစတြေးလျ သတင်းထောက် စူးရှက သတင်းပေး ပို့ထားပါတယ်။

No comments:
Post a Comment