ညိုမြ
မင်းတုန်းမင်းနှင့် သီပေါမင်းခေတ်တို့၌ ထွန်းပေါ်ခဲ့သော ယောအတွင်းဝန် ဦးဘိုးလှိုင်ကို မြန်မာ့ စွယ်စုံကျမ်း၌ “ယခုခေတ် လူတို့သည် ယောအတွင်းဝန်အား နှလုံးရည် တော်လှန်ရေး ခေါင်းဆောင်တဦးအနေနှင့် ပူဇော် သက္ကာရ ပြုလျက်ရှိကြသည်” ဟု အကဲဖြတ်ထား၏။
နှလုံးရည် တော်လှန်ရေးဟူရာ၌ အတွေးအခေါ်တော်လှန်ရေး၌ အကျုံးဝင်လျက်ရှိ၏။ ထိုစွယ်စုံကျမ်း၌ပင် ဆက်လက်ပါရှိသည်မှာ “ဦးဘိုးလှိုင်သည် ရှေးနီတိကျမ်းတို့၌ ဖွင့်ဆိုသော ရှေးရိုးစဉ်လာ မြန်မာ့ အတွေးအခေါ် အယူအဆတို့ကို နိုင်ငံခြားနှင့် ကူးလူးဆက်ဆံရာမှ ရရှိအပ်သော နိုင်ငံရေး အုပ်ချုပ်ရေး စီးပွားရေး၊ လူမှုရေးအသိတရားများနှင့် နှိုင်းဆ၍ ထိုခေတ် မြန်မာနိုင်ငံသား တို့အား အမြင်သစ်တရပ် ပေးအပ်ခဲ့သည်။
“ဦးဘိုးလှိုင် ရေးသားစီရင်သော ရာဇဓမ္မသင်္ဂဟကျမ်း သည် ဤအချက်ကို သက်သေပြု၏။ ထိုကျမ်း တစောင်နှင့်ပင် သူ့ကို နိုင်ငံရေး သုခမိန်ခေါ်ထိုက်၏။ စင်စစ် ဦးဘိုးလှိုင်သည် သက္ကတ၊ ပါဠိ၊ မြန်မာစာပေတို့ ၌သာ နှံ့စပ်သည် မဟုတ်။ အနောက်တိုင်း ဝိဇ္ဖာနှင့် သိပ္ပံပညာရပ်တို့၌လည်း နှံ့စပ်သည်။
“သို့ဖြစ်၍ အနောက်တိုင်းမှ ရအပ်သော ပညာဗဟုသုတတို့ကို မြန်မာပစ္စည်းဖြစ်အောင် ကြံဆောင်ရင်းနှင့် မြန်မာ့ ရိုးရာကိုလည်း ထိန်းသိမ်း ပေးသည်။
“ဤ၌ နိုင်ငံခြားဗဟုသုတ ပြန့်ပွားအောင် ပြု၍ မြန်မာရိုးရာ ယဉ်ကျေးမှုတို့ကိုလည်း ပြန်လည်ဖော်ထုတ်သော မြဝတီဝန်ကြီးဦးစ၏ အစဉ်အလာကို ယောအတွင်းဝန်က ဆက်လက် ထိန်းသိမ်းသည်ဟု ဆိုရမည်ဖြစ်၏”
ပထမ အုပ်ချုပ်ရေး စည်းမျဉ်း
ဦးဘိုးလှိုင်က မြန်မာတို့၏ ရာဇဝင်ကိုယ်တွေ့နှင့် လက်ရှိ ဥရောပ အခြေအနေတို့ကို သုံးသပ်ညှိနှိုင်းကာ ပထမ မြန်မာ့ အခြေခံ အုပ်ချုပ်ရေး စည်းမျဉ်းကို ရေးဆွဲခဲ့ပေသည်။ ထိုမူကြမ်းကို ရာဇဓမ္မသင်္ဂဟကျမ်း ဟု ခေါ်၏။
သီပေါမင်း နန်းတက်သော ၁၂၄ဝ (ခရစ် ၁၈၇၈) ပြည့်နှစ်၌ပင် ရေးသားပြီးသော ထိုကျမ်း၌ နိုင်ငံတော် အုပ်ချုပ်ရေးကို အသက်ဦးဆံပိုင် ဘုရင်စနစ်မှ ဥပဒေဘောင်အတွင်း၌ စိုးစံသော ဘုရင်စနစ်သို့ ပြောင်းလဲရန် စီစဉ်လေသည်။ ဘုရင်နှင့် မိဖုရားကို အင်္ဂလိပ် ရှင်ဘုရင်များကဲ့သို့ လခ ရိက္ခာတော်ပေးထားပြီး ဘဏ္ဍာတော် အသုံးစရိတ် အရပ်ရပ်ကို လွှတ်တော်ဝန်ကြီးများက ပြည်သူ့ကိုယ်စား ချုပ်ကိုင်ထားရန် ရည်ရွယ်သည်။
အင်္ဂလိပ် နမူနာ
အင်္ဂလန်ပြည်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ထားရှိသကဲ့သို့ မြန်မာပြည်၌လည်း (၁) မျိုးရိုး စဉ်လာအတိုင်း မှူးကြီးမတ်ကြီး၊ ဆွေတော်မျိုးတော်တို့က တသင်း (၂) ပြည်သူပြည်သားတို့က သဘောတူ တင်မြှောက်သည့် လူကြီးစုကတသင်း ဟူ၍ ဘိလပ်ပါလီမန် ဖွဲ့စည်းထားရှိသလို စံထားလိုလေသည်။
ဤကား အင်္ဂလိပ်ကို အစစအထင်ကြီး၍ သူတို့ လုပ်နည်းများကို ခိုးချခြင်းဟု မယူဆအပ်ပေ။ အင်္ဂလိပ်ကို အနိုင်တိုက်လိုလျှင် အင်္ဂလိပ်၏ လုပ်ရပ်များကို ဦးစွာလေ့လာ၍ ထိုထက် သာလွန်ကောင်းမွန်သော စနစ်များ တီထွင်နိုင်ရပေမည်။ လက်နက်ကောင်းများလည်း သူတို့နှင့် ပြိုင်ဆိုင်ထုတ်လုပ်နိုင်ရမည်။ ဘဏ္ဍာရေးလည်း သူတို့ထက် တောင့်တင်းခိုင်လုံမှုရှိစေရမည်။ ထို့ကြောင့် ဘုရင်နှင့် မိဖုရားတို့၏ အဆီးအတားမရှိ သုံးဖြုန်းမှုတို့ကို ဘောင်ခတ်ရန် လိုအပ်လေသည်။
မြွေမသေ - တုတ်မကျိုး
တကြောင်းမှာလည်း ဥရောပတိုက်သည် အသက်ဦးဆံပိုင် ဘုရင်စနစ်မှ သူတို့ကိုယ်တိုင် သွေးထွက်သံယို တော်လှန်ကာ ဒီမိုကရေစီခေတ်သို့ အတင်းကူးပြောင်းခဲ့ရသည်။ အင်္ဂလန်ပြည်တွင် ၁၆ဝဝ ပြည့်ုနှစ်လောက်မှစ၍ (မြန်မာတို့၏ တောင်ငူခေတ်) လွှတ်တော်နှင့် ရှင်ဘုရင်တို့ အတိုက်အခံဖြစ်ခဲ့ရာမှ တိုက်ပွဲများဖြစ်ခဲ့ရသည်။ အနိုင်ရသော ပါလီမန်ခေါင်းဆောင် ကရွမ်းဝဲ (Cromwell) က သူတို့၏ ဘုရင် ချာလီ (Charles 1) ကို သေဒဏ်ပေးကာ ခေါင်းဖြတ်သတ်ခဲ့သည်။
၁၇၈ဝ လောက်၌ (ဘိုးတော်ဘုရားခေတ်) ပြင်သစ်အရေးတော်ပုံကြီး ဖြစ်ပွားရာ သက်ဦးဆံပိုင် လူဝီဘုရင် (Louis 16) ကို ပြည်သူ့လွှတ်တော်ကပင် စက်တိုင်တင်ခဲ့ရာ မိဖုရားလည်း အတူ ခေါင်းဖြတ်ခံခဲ့ရလေသည်။
မြန်မာပြည်၌ သီပေါခေတ်တွင် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်နှင့် ကင်းဝန်မင်းကြီးတို့ ဦးဆောင်ကာ ဥရောပမှာကဲ့သို့ လခစားဘုရင်စနစ်သို့ ကူးပြောင်းရန် ကြိုးစားခြင်းမှာ အခြေအနေကို စေတနာ ရှေ့ထား၍ ကြိုးပမ်းခြင်းဖြစ်သည်။
အခြားနိုင်ငံတို့၌ ရှင်ဘုရင်ကို ခေါင်းဖြတ်ပြီးမှ ပြောင်းလဲဖြစ်သော ကိစ္စမျိုးကို ဦးဘိုးလှိုင်နှင့် ဦးကောင်းတို့က မြန်မာပြည်၌ “မြွေမသေ တုတ်မကျိုး” စီမံလိုလေသည်။
လွှတ်တော်နှစ်ရပ် သတင်းစာနှစ်မျိုး
ဦးဘိုးလှိုင်၏ ပြုပြင်ရေး စီမံကိန်းတွင် “ဤသို့ မှူးမတ်လူကြီး နှစ်သင်းတို့ တိုင်းရေးပြည်မှု လုပ်ဆောင်မည့် ညှိနှိုင်းသည့်ကာလ သတင်းစာဆရာတို့လည်း ညှိနှိုင်းရာသို့ဝင်၍ နားထောင်စေပြီးလျှင် ပြောဆိုသမျှ စကားစုကို သတင်းစာရိုက်၍ နေ့စဉ်နိုင်ငံကို ထုတ်ဝေစေမည်။ နိုင်ငံသားတို့က မှူးမတ်တို့ စည်းဝေး တိုင်ပင်ကြရာတွင် ကြိုက်သည်မကြိုက်သည်တို့ကို မိမိတို့ကိုယ်တိုင် ထုတ်ဝေသော နိုင်ငံသားတို့ ပုံနှိပ်သည့် သတင်းစာမှ ပြန်လည်ဝေဖန်ရမည်။ ဤသို့မှူးမတ်နှင့် ပြည်သူတို့ တဖန်ညှိနှိုင်းပြီးမှသာလျှင် လူကြိုက်များသော ဆုံးဖြတ်ချက်ကို မင်းဧကရာဇ်ထံ သွင်းသည့်ကာလ သဘောတူ လက်မှတ်ထိုး၍ အမိန့်တော် အနေဖြင့် နိုင်ငံသို့ ထုတ်ပြန်ရသည်”
သို့လျှင် ဦးဘိုးလှိုင်က (၁) အထက်လွှတ်တော်နှင့် အောက်လွှတ်တော် (၂) အစိုးရ သတင်းစာနှင့် ပြည်သူ့ သတင်းစာ (၃) ညှိနှိုင်း၍ အများသဘောတူရာကို ရှင်ဘုရင်က လက်မှတ်ထိုးကာ အတည်ပြုဟူသော ထုံးစံသစ်ဖြင့် အုပ်ချုပ်ရေး၌ အားလုံးစုပေါင်း ပါဝင်နိုင်သော မူသစ်ကို ချပေးလေသည်။
ယဇ်နတ် ပူဇော်ခြင်းကို ပယ်
ဘုရားလက်ထက်က လိစ္ဆဝီမင်းတို့သည် အပရိဟာနိယ တရား ၇ပါးကို အဓိကထား၍ ကျင့်သုံးကာ မင်းနှင့် ပြည်သူ အကျိုးစီးပွားကို ရှာခဲ့၏။ မဟာပရိနိဗ္ဗာနသုတ်၌ မြတ်စွာဘုရားက ထို တရား ၇ပါးကို ဖေါ်ပြတော် မူသည်ကား -
၁) စည်းဝေးတိုင်ပင်ခြင်း
၂) အညီအညွတ်ဆောင်ရွက်ခြင်း
၃) ဥပဒေအတိုင်း ကျင့်သုံးခြင်း
၎) လူကြီးတို့၏ အဆုံးအမ၌ တည်ခြင်း
၅) အမျိုးသမီးများအား မနှိပ်စက်ခြင်း
၆) ယဇ်နတ်ပူဇော်ခြင်း
၇) ရဟန္တာတို့အား စောင့်ရှောက်ခြင်း
အပရိဟာနိယသည် “မဆုတ်မယုတ် မပျက်စီးနိုင်ခြင်း” ဟု အဓိပ္ပာယ်ရ၏။ ဗုဒ္ဓဘာသာ မြန်မာမင်း အဆက်ဆက်တို့သည် ဤမင်းကျင့်တရားကို ဦးထိပ်ထားခဲ့ကြသည်။
ဦးဘိုးလှိုင်က ခေတ်နှင့်လျော်ညီအောင် ထိုတရား ၇ပါးတို့၌ တပါး အပါအဝင်ဖြစ်သော “ယဇ်နတ်ပူဇော်ခြင်း” ကို ပယ်ဖျက်လို၏။ ဦးဘိုးလှိုင်က “နိုင်ငံမှာ ကောင်းရာကောင်းကြောင်း နည်းဥပဒေသစ် ပြုလုပ်မည်ရှိလျှင် အပရိဟာနိယတရား ပျက်လိမ့်မည် ထင်မှတ် ပြောဆိုနေကြသည်။ ဤစကားကို အလျဉ်းမမှတ်အပ်” ဟုဆို၏။
သူ့သဘောအရ “ဟောင်းသော်လည်း ပယ်သင့်မှ ပယ်မည်၊ သစ်သော်လည်း လိုက်သင့်မှ လိုက်မည်” ကို တွေ့ရသည်။ အပရိဟာနိယ တရား ၇ပါး၌ ၆ ပါးကို ဆက်လက် ကျင့်သုံးကာ ယဇ်ပူဇော်ခြင်းကိုသာလျှင် ခေတ်နှင့် မဆီလျော်တော့၍ ပယ်ရန်ဆိုခြင်းဖြစ်၏။
ထိုသို့ ပူဇော်ရာတွင် ရိုးသားစွာ ရွာစောင့်နတ်၊ အိမ်စောင့်နတ်များကို ဆီမီးခဲဘွယ် ပူဇော်ခြင်းကို မဆိုလို၊ လူကို စတေး၍လည်းကောင်း တိရစ္ဆာန်များကို သတ်၍လည်းကောင်း ယဇ်ပူဇော်ခြင်းကို ဆိုလိုသည်။
ဤအရေး၌ ပုဂံခေတ်တွင် အနော်ရထာမင်းသည်လည်းကောင်း၊ တောင်ငူခေတ်တွင် ဘုရင့်နောင်သည် လည်းကောင်း ဤအလေ့အထဆိုးကို ပိတ်ပင် ဖိနှိပ်ခဲ့ပြီး ဖြစ်လေသည်။
သို့သော် ခေတ်အဆက်ဆက်တို့၌ အဟောင်းသမား (conservatives) နှင့် အသစ်သမား (radicals) တို့သည် နိုင်ငံရေးလောက၌ အတိုက်အခံ အခြေအတင် ပြုစမြဲဖြစ်ရာ တဦးကိုတဦး ဆီလို အပေါက်ရှာ၍ ကန့်ကွက်စမြဲ ဖြစ်သည်။
ဦးဘိုးလှိုင်က အပရိဟာနိယ ၇ ပါး၌ တပါးပယ်ရန်ပြောသည်ကိုပင် “အားလုံး ပျက်ကုန်ပြီ” စသည်ဖြင့် ဝေဖန်ကြသည်။ သို့သော် ထိုအယူဝါဒကို ဦးဘိုးလှိုင်က ဘုရားဟော ပါဠိတော် အကိုးအကားများ အလုံအလောက် တင်ပြကာ ပယ်ခဲ့သည်။
နိုင်ငံရေးနှင့်ပတ်သက်သော ဦးဘိုးလှိုင်၏ အရပ်ရပ် သုံးသပ်ချက်တို့မှာ ပူအိုက်သော ပဒေသရာဇ်ရာသီတွင် လေပြေလေအေးလေး တိုက်ခတ်သကဲ့သို့ စိတ်ချမ်းသာစရာ ဖြစ်၏။
ဘုရားလည်း အလုပ်လုပ်ရသည်
လောက၌ လူတို့သည် အမိမွေးသည့်အတိုင်းဖြစ်၍ ဝီရိယဖြင့် မသုတ်မသင် မရှင်းမလင်းထားလျှင် ခြေသည်း လက်သည်း၊ ဆံပင်၊ အမွေးတို့သည် ရှည်၍ လူနှင့်မတူ၊ မျောက်ကဲ့သို့ ဖြစ်လိမ့်မည်။
လောက၌ လူတို့စားသောက်ရန်ကိုလည်း လုံ့လ ဝီရိယ ထုတ်၍ မလုပ်ဆောင်လျှင် လယ်ယာ မဖြစ်ထွန်း စားသောက်ရန် ဆန်စပါး မရှိဖြစ်လိမ့်မည်။ ဝတ်ဆင်ရန်ကိုလည်း လုံ့လ ထုတ်၍ မရက်လုပ်လျှင် အဝတ် ပုဆိုး ဝတ်ဆင်ရန်မရှိ၊ အချည်းအနှီးဖြစ်လိမ့်မည်။ နေထိုင်ရန် မြို့ရွာအိမ်ကျောင်းကိုမှသော်လည်း မဆောက်လုပ်လျှင် လွင်တီးခေါင်မှာ ထီးတည်းနေရလိမ့်မည်။
ဧကန်ဘုရားဖြစ်မည့် ဘုရားလောင်း သိဒ္ဓတ္ထ မင်းသားသော်လည်း လုံ့လ ထုတ်၍ ဒုက္ကရစရိယ ကျင့်ခြင်း ကမ္မဋ္ဌာန်း စီးဖြန်းခြင်းများကိုပြုမှ ဘုရားဖြစ်နိုင်သည်။
တကိုယ်ကောင်းနှင့်အများကောင်း
လောကကို ကောင်းအောင်ပြုရာ၌ တယောက်၊ နှစ်ယောက် ပြုလုပ်၍ မကောင်း၊ အများနှင့်ပြုမှ ကောင်းသည်။ လောကုတ္တရာအရေး၌ မဂ်ဖိုလ်ရအောင် ပြုလုပ်လျှင်လည်း တယောက်တည်း ပြုလုပ်မှကောင်းသည်။
တရားဆိုသည်မှာ ဆေးကဲ့သို့ဖြစ်၏၊ ရင်ဘတ်နာဆေးသည် ရင်ဘတ်နာကို ပျောက်စေနိုင်၏။ အဖျားကို မပျောက်စေနိုင်၊ အဖျားဆေးသည် အဖျားကို ပျောက်စေနိုင်၏။ ရင်ဘတ်နာကို မပျောက်စေနိုင်။
ထို့အတူ တရားသည်လည်း လောကကောင်းကြောင်းကျင့်လျှင် ပစ္စုပ္ပန်၌ ကောင်းသည်။ လောကုတ္တရာ၌ မကောင်း။ လောကုတ္တရာ ကောင်းကြောင်းတရားကို ကျင့်လျှင် လောက၌ မကောင်း၊ နိဗ္ဗာန် မဂ်ဖိုလ်ကားရ၏။ လောကကောင်းကျိုး အကျင့်နှင့် လောကုတ္တရာ ကောင်းကျိုး အကျင့်တို့သည် မုချ ဆန့်ကျင်ဘက်ဖြစ်သည်။
ဤကား လက်ရှိ ဆိုရှယ်လစ်လောက တည်ဆောက်နေချိန်တွင် မြန်မာပြည်တွင် လက်တွေ့ ကြုံကြိုက်နေရသော ပြဿနာများကို ဦးဘိုးလှိုင်က ကိုယ်တိုင် ရင်ဆိုင်ခဲ့ရသကဲ့သို့ရှိ၏။ မြန်မာ အစိုးရက ယခုအချိန်အတွင် ငါးမွေးမြူရေး ကြက်ဘဲ မွေးမြူရေး စသည်တို့ကို တိုင်းပြည်၏ စီးပွားရေး ဖူလုံမှုအတွက် အားပေးလျက်ရှိရာ ဗုဒ္ဓဘာသာဝင်တို့အတွက် နားဝင်မချိုပါချေ။ သို့သော် ဤကား လောကီရေး ဖြစ်သောကြောင့် ဦးဘိုးလှိုင်ကဲ့သို့သာ သုံးသပ်သင့်ပေသည်။
ထိုက်တန်အောင် မပေးလျှင် ထိုက်တန်အောင် မလုပ်
သီပေါမင်းခေတ်၌ အုပ်ချုပ်ရေးပိုင်းမှ ကုန်သည် လယ်လုပ်တို့၏ အကျိုးစီးပွား မသယ်ပိုးနိုင်သဖြင့် လူပေါင်း များစွာတို့သည် အောက်ပြည် အောက်ရွာ ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်း သွားကြသည်။ မြန်မာဘုရင် နယ်မြေကိုစွန့်ခွာကာ အင်္ဂလိပ် လက်အောက်သို့ ရောက်သွားကြလေသည်။ ဦးဘိုးလှိုင်က ထိုအခြေအနေကို မနှစ်သက်၍ အောက်ပါအတိုင်း သုံးသပ်ခဲ့၏။
“လောက၌ အလုပ်ကိစ္စများ ဆောင်ရွက်ရာတွင် အစိုးရပင် ဖြစ်စေကာမူ ထိုက်တန်အောင် ပေး၍ မခိုင်းလျှင် မည်သည့် အရာကိုမျှ နေရာကျအောင် ပြုလုပ်မည့်သူမရှိ။ အကယ်၍ အစိုးရ၏ ဂုဏ်အာဏာနှင့် နှိပ်စက်၍ ခိုင်းလျှင် လှန်ပြန်နိုင်က လှန်ပြန်လိမ့်မည်။ မလှန်ပြန်နိုင်လျှင် ထွက်ပြေးတိမ်းရှောင်လိမ့်မည်”
အစုအစပ်လုပ်ငန်း ကောင်း၏
စီးပွားရေး၌ အစုအစပ် (ဝါ) ကုမ္ပဏီများ ထူထောင် ကူးသန်းရောင်းဝယ်ရေးကို ဦးဘိုးလှိုင်က သဘောကျ၏။ “ကုမ္ပဏီ ဖွဲ့စည်း ဆောင်ရွက်သဖြင့် သိုးဆောင်း ဥရောပသားများသာမက ကုလား၊ တရုတ် လူမျိုးတို့သည် လည်း ယခုအခါ စည်းစိမ်ဥစ္စာများစွာ တိုးတက်သည်ကို မျက်မြင်ကိုယ်တွေ့ပင်ဖြစ်သည်” ဟုဆို၏။
ချစ်ခင်အောင် လုပ်တတ်ရာ၏
“ကုန်သည် လယ်လုပ်တို့၏ စိတ်နှလုံးသည် အခြားနိုင်ငံက မှူးမတ်အရာရှိတို့ကို အားကိုးခြင်း မရှိစေပဲ ကိုယ့်နိုင်ငံက မှူးမတ်တို့ကိုသာ ချစ်ခင်စုံမက်အောင် မြန်မာအစိုးရက သူတို့၏ စိတ်နှလုံးကို ကျော့ကွင်းနှင့် ချည်သကဲ့သို့ ပြုလုပ်တတ်ရာ၏”
ငွေကို သူ့နေရာနှင့်သူ သုံးစွဲပါ
“ကောင်းရောင်း ကောင်းဝယ်နှင့် လယ်ယာ လုပ်ဆောင်ရေးအတွက် သုံးသင့်သော ငွေကို အလိုရှိရာ အခြား တပါးသို့ ပေးကမ်းလှူဒါန်းခြင်း မလုပ်သင့်၊ မင်းမှူးမတ် ရဲမက် လက်နက်ကိုင်တို့သည် တိုင်းပြည် စောင့်ထိန်းရန် အခွန်ဘဏ္ဍာမှ လခရရှိသူများဖြစ်၍ ကူးသန်းရောင်းဝယ် လုပ်ဆောင်နိုင်အောင် ဧကန် စောင့်ရှောက်သင့်သည်။
“ထိုသို့ မစောင့်ရှောက်ဘဲ အလိုရှိရာ လှူဒါန်းပေးကမ်းသုံးစားပါက ခိုးခြင်း ၂၅ ပါးတို့တွင်
၁) လိမ်လည် လှည့်စား၍ယူသော ကုဋာဝဟာရ
၂) နှိပ်စက်၍ ယူသော ပသယှာဝဟာရတို့မှ လွတ်ကင်းရန် အကြောင်းမရှိ
“ကုန်သည် လယ်လုပ်တို့ ကူးသန်းရောင်းဝယ် အားရှိအောင် အပိတ်အပင်မရှိ ဖွင့်၍ပေးခြင်း စောင်မသင့်သမျှ စောင်မကြည့်ရှုခြင်း အရင်းအနှီး မရှိသူများကို အတိုးမရှိ ရင်းနှီးငွေ ပေးကမ်း မ,စခြင်းသည် သမ္ဗပါသ မည်၏။”
ဂါထာရွတ်၍ ရွှေမိုးငွေမိုး မရွာ
အလုပ်မလုပ်ဘဲ ဂါထာ မန္တရားများကို အားကိုးတတ်သူများကိုလည်း “ဤမန္တန်ကို ရွတ်လျှင် ရွှေမိုး ငွေမိုး ရွာသည်၊ အကာလ ဖလမန္တန်ဖြင့် ရေကိုမန်း၍ သစ်ပင်ကို ပက်လျှင် အချိန်မဟုတ်ဘဲ အသီးသီးသည်။ ပထဝီ ဇယမန္တာန်ကို ရွတ်လျှင် ရန်အပေါင်း အောင်သည်။ ပဒက္ခမည်သော ဂါထာကြောင့် ပေါရိသာဒမင်းသည် လေကဲ့သို့ လျင်မြန်သည်။ ဖုတ်သွင်းသော မန္တန်ကိုရ၍ ကျားသေကို ဖုတ်သွင်းရာ ကျားထ၍ ကိုက်သည်။ ရှေးအခါက မန္တန်တန်ခိုးရှိပုံများ ကျမ်းဂန်တို့၌ ဆိုသည်။ ယခုအခါမူကား ဤသို့စွမ်းသော မန္တန်တို့ကို မတွေ့မမြင်ဖူးကြလေ” ဟု ဆိုခဲ့၏။
ပြည်ပသို့ ငွေမထွက်စေနှင့်
သီပေါမင်းလက်ထက် နန်းတွင်းအခြေအနေကို ယောအတွင်းဝန် ဦးဘိုးလှိုင် မနှစ်သက်ချေ၊ နန်းတွင်း၌ နိုင်ငံ ခြားသားများ မပြတ်ဝင်ထွက် သွားလာနေကြသည်။ ညစဉ်ပင် နိုင်ငံခြား ဖာရစီ ကပွဲ၊ ပြပွဲများ ခင်းကျင်းလျက် ဆုတော်ငွေများ မပြတ်ပေးနေသည်။
“မိမိ နိုင်ငံမှ ငွေများ နိုင်ငံခြားသို့ မထွက်စေအောင် ကိုယ့်နိုင်ငံကငွေဖြင့် ကိုယ့်နိုင်ငံ ကြီးကျယ်စည်ပင်အောင် လုပ်ဆောင်မှ နိုင်ငံတော်အင်အား တောင့်ပေမည်။ ရှင်ဘုရင်ကို သတိပေးသင့်သည်” ဟု ဦးဘိုးလှိုင်ထင်၏။
သူရဲကောင်းက နမ်းချင်စရာ
ထို့အပြင် နယ်ချဲ့များ အန္တရာယ်နီးကပ်စွာရှိနေချိန်တွင် အစစအရာရာ သတိနှင့် နေသင့်သည်။ အထူးသဖြင့် အမှုထမ်း အရာထမ်းများသည် ဝံ့ဝံ့စားစား ရဲစွမ်းသတ္တိနှင့် ပြည့်စုံရမည်။ ဝတ်စားဆင်ယင်ပုံများ ယောက်ျား ပီသရမည်။ သူတပါး ရိုသေခန့်ညားသော အသွင်ရှိရမည်။ သီပေါမင်းလက်ထက်၌ ထိုသို့မဟုတ်ချေ၊ တနေ့သ၌ ဗြဲတိုက်တော်သို့ ရောက်ရှိရာတွင် ဦးဘိုးလှိုင်က “ယခင် တော်ကြီးဘုရား (မင်းတုန်းမင်း) လက်ထက်က လက်သုံးတော်ကြီးများကို ကြည့်လိုက်ရလျှင် ယောက်ျားပီပီ ခွန်အားဗလနှင့် သူတို့ကို မြင်သော် အလွန် ကြောက်ရွံ့ခန့်ညားဖွယ်ဖြစ်သည်။ ယခု ရွှေလက်ထက်ကလေး (သီပေါမင်း) မှာ လက်သုံးတော်ကလေးများကို ကြည့်လိုက်လျှင် ရွှေကျင်ခတ် ခေါင်းပေါင်းနှင့် ထိုင်မသိမ်း အင်္ကျီနှင့်၊ တို့ပတ်နှင့်၊ ပန်းပေါင်းနားဋောင်းကို ပန်လျက် နေကြသည်ကို မြင်ရတော့ ဖက်ပြီး နမ်းချင်စရာသာ ကောင်းတော့သည်” ဟုဆို၏။
ဘုရင်သုံးငွေ သိန်း ၄ဝ
သီပေါမင်း နန်းတက်ပြီး ၄ နှစ်အကြာ ၁၂၄၄ ခုအတွက် နိုင်ငံတော် ဘတ်ဂျက် ဘဏ္ဍာတော်ငွေ စာရင်းကား အောက်ပါအတိုင်းဖြစ်၏။
ဝင်ငွေ - ၉,၅၉၈,၁၈၂ ကျပ် ၂ မူး
ထွက်ငွေ - ၅,၄၇၄,၅၅၆ ကျပ် (အမှုထမ်းလခ)
ကျန်ငွေ- ၄,၁၂၃,၆၂၆ ကျပ် ၂ မူး (ဘုရင်သုံး)
ထိုကျန်ငွေကို ဘုရင်မင်းမြတ် ကိုယ်တော်တိုင် ပိုင်ဆိုင်သည်ဟု ယူဆစမြဲဖြစ်၏။ မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ အထိန်းတော်၊ အပျိုတော်များသို့ ချီးမြှင့်ငွေများပါဝင်၏။ ထိုမှ ပိုလျှံသည်တို့ကို ကျောင်း၊ ဘုရား၊ စာပေ ပိဋကတ် ရဟန်း သံဃာတော်တို့ကို လှူဒါန်းပြုစုတော်မူသည်။
နားသမင်္ဂလာ ၂၁ သိန်း
မင်းတုန်းမင်းလက်ထက် သမီးတော် သုံးပါး (စုဘုရားကြီး၊ စုဘုရားလတ်၊ စုဘုရားထွေး) တို့ကို နားသမင်္ဂလာ ပြုရာတွင် တဦးလျှင် ငွေ ၇ သိန်းစီ ဘဏ္ဍာတော်မှ ထုတ်ပေးခဲ့သည်။ စုဘုရားလတ်က မိဖုရားဖြစ်လာသော အခါ ပွဲထဲက လူပြက်ကို ငွေ ၁,ဝဝဝ ဆုချသည်။ ဤသို့သော အသုံးစရိတ်ကို မှူးကြီးမတ်ကြီးများက သဘော မကျချေ။
ပုဂံဦးတင်၏ ထုတ်ဖေါ်ချက်တွင် “မည်သည့် အခါမျှ စာရင်းပါသည့်အတိုင်း ဘဏ္ဍာတိုက်၌ လက်ကျန်မရှိ။ လာမည့်နှစ်အတွက် တင်ကူး၍ တောင်းခံရခြင်း ချေးငှားရခြင်း စာရင်းများလည်း သီးခြားရှိသေးသည်” ဟုဆို၏။
နှာခေါင်းရှည်များ လာလိမ့်မည်
ဝန်ကြီးများ အစည်းအဝေး၌ ဦးဘိုးလှိုင်ကပင် “သားတော် သမီးတော်တို့ကိုလည်း ဝန်စု၊ မှူးစု၊ မှုထမ်း ရာထမ်း များကဲ့သို့ လခနှင့် ထားရန် ဥပဒေပြုသင့်ကြောင်း၊ ပိုလျှံငွေကို ဘဏ်တိုက်ဖွင့်၍ ရန်ပုံငွေအဖြစ်ဖြင့် ဆောင်ထားသင့်ကြောင်း၊ သို့မှသာလျှင် အရေးကြုံက သုံးရန်ငွေအဆင်သင့် ရှိမည်။ ထိုငွေတို့ဖြင့် နယ်စပ်ဆိုင်ရာ တပ်များ ခိုင်ခံ့ရန် လက်နက်များ လုပ်ကိုင်၍ စစ်သည်များ စုဆောင်း သင်ကြားထားသင့်ကြောင်း၊ လက်နက်အင်အား ပြည့်စုံမှ ရန်သူတို့ ကြံဝံ့မည် မဟုတ်၍ တိုင်းပြည် စည်ကားတိုးတက်မည်၊ ဤသို့မဟုတ်လျှင် နှာခေါင်းရှည် သိုးဆောင်းလူမျိုးခြားတို့က မြန်မာ အမျိုးသမီးတို့ကို နမ်းရှုပ်ခြင်း ပြုမည်ဖြစ်ကြောင်း၊ ဤအကြံ အစည်အတိုင်း ပြုပြင်ပြောင်းလဲပါက ငါးနှစ်အတွင် မြန်မာနိုင်ငံကို ရှေးက ပိုင်သည့်အတိုင်းဖြစ်အောင် ကြံဆောင်နိုင်မည်” ဟု ရှင်းလင်းတင်ပြသည်။
ဤသို့ ဘဏ္ဍာရေး ပြောင်းလဲရန် ဦးဘိုးလှိုင်က တင်ပြကြောင်းကို သီပေါမင်းနှင့် မိဖုရားတို့ ကြားသိရာတွင် -“ခက်ကုန်ပြီ၊ ငါတို့ပိုင်တဲ့ငွေကို ငါတို့သဘောအတိုင်း မသုံးရ၊ သုံးလိုလျှင် ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်ထံ အမိန့်ခံ ပြီးမှ သုံးစွဲရတော့မည်။ သည်အတိုင်းမှန်လျှင် ငါတို့ကို ရှင်ဘုရင်အဖြစ်က ချတာပဲ” ဟု အမျက်တော် ရှိလေသည်။
ဘိုးလှိုင်ပေးမှ စားရမှာလား
ယခု မျက်မှောက်ခေတ်တွင် စိန်မဟာသဘင်အဖွဲ့က သီပေါမင်း ပါတော်မူဇာတ်ကို တင်ပြရာ အတော်ပင် လူကြိုက်များ၏။ ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင်က အခြေခံ စည်းမျဉ်းသစ် မူကြမ်းပါရှိသော ရာဇဓမ္မသင်္ဂဟကျမ်းကို အရှင်နှစ်ပါးသို့ တင်ဆက်ခန်း၌ စုဘုရားလတ်က ရာဇမာန်ရှလျက်
“သယ် ငဘိုးလှိုင်က ရာရာစစ၊ သူက မုန့်ဖိုးပေးမှ ငါတို့ စားရမှာတဲ့လား” ဟု အော်ဟစ် ငေါက်ငမ်းပြီး ဦးဘိုးလှိုင်အား ထိုစာအုပ်နှင့်ပင် ကိုင်ပေါက်ကာ ကားလိပ်ချသွားလေသည်။
ထို့နောက် မကြာမီပင် အရှင်နှစ်ပါး ပါတော်မူခန်းနှင့် ဇာတ်သိမ်း ကားလိပ်ကို နောက်ဆုံး ချသွား၏။ အဖြစ်မှန် ရတနာပုံသမိုင်း အတွေ့အကြုံတို့မှာ ဤအတိုင်းပင် ဖြစ်လေသည်။
“မြန်မာတွေ ဒီမိုကရေစီအကြောင်း နားမလည်ပါဘူး” ဟု အစွဲကပ်နေသူများအတွက် မန္တလေးဖြစ် ဒီမိုကရေစီလှုပ်ရှားမှုအကြောင်း အိုးဝေဦးညိုမြ (၁၉၁၄-၁၉၈၅) သတင်းစာပညာ မဟာသိပ္ပံ (ချီကာဂို) ၏ ကုန်းဘောင်ရှာပုံတော် (၁၉၈၂) မှ ကောက်နုတ်ဖော်ပြသည်။
No comments:
Post a Comment