သျှမ်းသံတော်ဆင့်
ရွေးကောက်ပွဲ မဲရုံလုံခြုံရေးအတွက်အကြောင်းပြပြီး သျှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံပြည်သူ့စစ် ၂၀၀ ကျော်ကို စစ်သင်တန်းပေးနေတယ်လို့ ကြားသိရပါတယ်။
1997-98 ကတည်းကပြည်သူ့စစ်မဟာဗျူဟာစီမံချက်ထဲမှာပါတဲ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အနောက်တောင် ဘက် ဆိုင်ခိုက် အုပ်စုမှာ ရမခတိုင်းဗဟို ၈ က သင်တန်းပေးခြင်းဖြစ်ပြီး သင်တန်းသားအယောက် ၂၂၀ နဲ့ သင်တန်း ကာလ ၁ လကြာတယ်လို့ သိရပါတယ်။
လားရှိုးမြို့တောင်ဘက် ဆိုင်ခိုက်အုပ်စုဝင် ကျေးရွာ ၇ ရွာက ရွာသားတွေ ဖြစ်ပြီး ရယက ဥက္ကဌနဲ့ အတွင်းရေးမှူးမပါ မနေရ ရွာငယ်ဆိုရင် ၁၅ ယောက် ရွာကြီးဆိုရင် အယောက် ၂၀ သတ်မှတ် ဆင့်ခေါ်ခံရတာဖြစ် ပါတယ်။
ဘယ်အပစ်ရပ်/လက်နက်ကိုင်တပ်ဖွဲ့မှအခြေစိုက် လှုပ်ရှားခြင်းမရှိတဲ့ ဆိုင်ခိုက်အုပ်စုမှာ ယခုတကြိမ်စစ်သင်တန်းမှာ တော့ ရွေးကောက်ပွဲပြီး ရင် အသွင်ပြောင်းရေးငြင်းဆန်နေတဲ့ အပစ်ရပ် SSA တပ်မဟာ ၁ ကိုထိုးစစ် ဆင်တိုက်ခိုက်ဖို့ အတွက် အထူး လေ့ကျင့်ပေးနေတာဖြစ်နိုင်တယ်လို့ ဒေသခံရွာသားတွေကပြောဆို နေကြ ပါတယ်။
နအဖစစ်တပ်အတွင်းမှာ ရွေးကောက်ပွဲမတိုင်ခင် ၃ လ နဲ့ရွေးကောက်ပွဲပြီးနောက်ပိုင်း ၃ လကို အရေးပေါ် ကာလအဖြစ် နအဖ နေပြည်တော်ကနေ သတ်မှတ်လိုက်ပါတယ်။ ‘ဒီကြားကာလ ၆ လအတွင်း စစ်မှုထမ်း သက်ပြည့်၍ဖြစ်စေ စစ် သက်တမ်းမပြည့်သေးဘဲ ဆေးပင်စင်ယူလိုသူတွေဖြစ်စေ လူစားထိုးရှာနိုင်မှသာ ပင်စင် ယူခွင့်ပေးမယ်’ လို့ နေပြည် တော်က အမိန့်ထုတ်ထားကြောင်း သျှမ်းပြည်တောင်ပိုင်းအခြေစိုက် နအဖ စစ်တပ် မိသားစုဝင်တဦးက ပြောပါတယ်။ ဒါ့အပြင် စစ်သားတိုင်း အချိန်မရွေး တိုက်ပွဲဝင်ဖို့ အသင့်အနေ အထားမှာရှိနေ ရမယ်လို့လဲ အမိန့်ထုတ်ထားသေး ကြောင်း သူကပြောပါတယ်။
ဒီစည်းကမ်းချက်ဟာ ယခင်က အောက်ခြေအဆင့် တပ်သား၊ ပုလိပ်တွေအတွက်သာဖြစ်ပေမယ့်ယခုချိန်မှာတော့ အထက်အရာရှိကြီးတွေအတွက်ပါ အကြုံးဝင်တယ်လို့ ပြောပါတယ်။
တိုင်းရင်းသားနယ်မြေတွေဖက်ကိုလဲ စစ်အစိုးရက စစ်အင်အားအတော်အသင့်ဖြည့်တင်းနေတာဟာ အထူး သဖြင့် ပြည်သူ့စစ် ပြောင်းလဲရေးငြင်းဆန်တဲ့ အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေနဲ့မျက်နှာချင်းဆိုင် တလျှောက်မှာ ဖြစ်ပါတယ်။
No comments:
Post a Comment