Thursday, October 14, 2010

ဓနသဟာယ အားကစားပွဲမှသည် ရှေ့သို့ချီ

ခိုင်စု

နယူးဒေလီ (မဇ္ဈိမ)။ ။ ၁၉ ကြိမ်မြောက် ဓနသဟာယ အားကစားပွဲတော်ကို အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ကျင်းပနေတာ ကနေ့အထိ သြစတြေးလျက ရွှေတံဆိပ် ၄၁ ခုနဲ့ ဦးဆောင်နေပြီး အိမ်ရှင် အိန္ဒိယက ရွှေ ၁၇ ခုနဲ့ ဒုတိယ လိုက်နေပါတယ်။ အင်္ဂလန် ရွှေ ၁၅ ၊ ကနေဒါက ၁၃ ခုနဲ့ တတိယ စတုတ္ထနေရာတွေမှာ ရှိနေပါတယ်။

ဒုတိယနေရာကို ရင်ဝယ်ပိုက်ပြီး အိနြေ္ဒမပျက် ထိန်းထားတဲ့ အိန္ဒိယဟာ ဒီပွဲကြီး လက်ခံကျင်းပရာမှာ တည်ဆောက်ရေး လုပ်ငန်းလာဘ်စားမှုတွေ၊ အစီအစဉ် ကမောက်ကမ ဖြစ်မှုတွေနဲ့ လူတကာမေးငေါ့စရာ ဖြစ်ခဲ့ပါသေးတယ်။ မီဒီယာလွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီနိုင်ငံကြီးပီပီ သတင်းစာနဲ့ ရုပ်သံ အစီအစဉ်တွေက ဆန်ရင်းနာနာဖွတ်တဲ့ အနေနဲ့ ဒီအကြောင်းတွေ အခုထိ ဖော်ထုတ်ရေးသားနေကြပါတယ်။

ပွဲမစခင်က ဆောက်လုပ်ရေးတွေ နှောင့်နှေးတယ်၊ တာဝန်ရှိသူတွေ အကျင့်ပျက်လာဘ်စားတယ်၊ သွေးလွန်တုပ်ကွေးတွေဖြစ်တယ်၊ အားကစားကွင်းနားက လူကူးတံတားကြီး ကျိုးကျတယ်၊ လုံခြုံရေး အားနည်းချက်တွေ ရှိတယ်ဆိုပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တာပါ။ အိန္ဒိယရဲ့ သန့်ရှင်းသပ်ရပ်မှု လျော့ရဲတာကလဲ နိုင်ငံတကာ အားကစားသမားတွေ၊ နည်းပြတွေနဲ့ အုပ်ချုပ်သူတွေအဖို့ နှာခေါင်းရှုံ့စရာပါပဲ။ ပြန်မယ်တကဲကဲ လုပ်တာတွေရှိလို့ ဖုတ်ပူမီးတိုက် ပြင်ရဆင်ရနဲ့ အချိုသတ်ရတာလဲ အမော။

ဒါပေမဲ့လဲ ဖွင့်ပွဲကိုတော့ အောက်တိုဘာ ၃ ရက်မှာ တခမ်းတနားကြီး ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဗဟိုအစိုးရက ပွဲဖြစ်မြောက်ရေးကော်မတီကို ရူပီး ကုဋေ ၁၆၂၀ (အမေရိကန်ဒေါ်လာ ၃၆၄.၄ သန်း) ထုတ်ပေးခဲ့တာပါ။ ဒီထဲက ဘယ်ရွေ့ဘယ်မျှ ခြစားကုန်လဲတော့ မပြောနိုင်ပါဘူး။

ကစားကွင်း အလယ်ခေါင်မှာ အုပ်မိုးလွင့်မျောနေတဲ့ လေပူဘောင်းကြီးကို ရူပီး ၃၈ ကုဋေ အကုန်ခံ ဆင်ယင်ခဲ့ပါတယ်။ စလိုက်မီးမောင်းတွေ၊ ကွန်ပျူတာ နည်းပညာတွေနဲ့ ချိတ်ဆက်ထားတဲ့ Aerostat ဟာ အိန္ဒိယ တေးသွားတွေ၊ လူမျိုးစုံ ယဉ်ကျေးမှု အကအလှ ပဒေသာတွေနဲ့ ပနံရခဲ့တာလည်း အမှန်ပါပဲ။

အကတွေမှာ လူများများသုံးပြီး နိုင်နိုင်နင်းနင်းနဲ့ ခင်းကျင်းသွားတာ အံ့မခန်းပါပဲ။ ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံး နိုင်ငံကြီး ပီသတယ်လို့ ဆိုရမှာပါ။ ၄ နာရီလောက် ပြသသွားတဲ့ အစီအစဉ်တွေ၊ ရောင်စုံမီးတန်းတွေ၊ တေးသံသာတွေနဲ့အတူ လူမျိုးစုံကို ထုတ်သုံးပြီး ဖျော်ဖြေသွားတာဟာဖြင့် နိုင်ငံတကာ ကစားသမားတွေနဲ့ ပရိသတ်တွေ တအံ့တသြဖြစ်ရသလို သူ့ပြည်သူတွေအတွက်ပါ ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်ခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် ဟောလိဝုဒ် ရုပ်ရှင်ပွဲတော်မှာ အော်စကာ ၈ ဆု ချိတ်ခဲ့တဲ့ Slumdog Millionaire ဇာတ်ကားက သီချင်းရေးဆရာ A. R. Rahman ရဲ့ တေးသွားတွေနဲ့လည်း အမှန်ပဲ လိုက်ဖက်တင့်တယ်ခဲ့ပါတယ်။ အားကစားစိတ်ဓာတ်နဲ့ အားမာန်နိုးကြားတက်ကြွစေသလို လူတကာအလယ် မျက်နှာမငယ်စေရဆိုတဲ့ အစီအစဉ်ဖြစ်လို့ ရုပ်မြင်သံကြားကနေ စောင့်ကြည့်နေတဲ့ အိန္ဒိယပြည်သူတွေလဲ အားရရွှင်လန်းကြမှာပါပဲ။ မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံကို ထုတ်ပြတဲ့ ပွဲလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ဖွင့်ပွဲနေ့မှာပဲ ကြိတ်ကြိတ်တိုး စည်ကားပြီး အားကစားပွဲစဉ် ရက်တွေမှာတော့ ပရိသတ်အင်အား အလွန်လျော့ကျသွားခဲ့ပါတယ်။ အားကစားပွဲကြီး စတဲ့ ဒီလ ၄ ရက်ကစလို့ နေ့တိုင်းပဲ တချို့ပွဲစဉ်တွေမှာဆို ကြည့်မယ့်သူတောင် တယောက်မှ မရှိပါဘူး။ ဒါတွေကိုလည်း အိန္ဒိယ မီဒီယာတွေက မချန်မလှပ် ရေးသားခဲ့ပါတယ်။

အားကစားသမားတွေဘက်က ပတ်ဝန်းကျင် မသန့်ရှင်းတာနဲ့ မလုံခြုံတာတွေကို တိုင်တန်းတာတွေလဲ ရှိနေဆဲပါ။ သြစတြေးလျနဲ့ အင်္ဂလန်က ရေကူးသမားတွေ အစာအိမ်ရောဂါဖြစ်လို့ နေမကောင်းဖြစ်ကြပါတယ်။ ပြိုင်ပွဲဝင် ရေကူးကန်ထဲက ရေအဆင့်အတန်း မမီလို့ ဖြစ်တာလို့ ကစားသမားတွေက ဆိုပေမယ့် ပွဲစီစဉ်သူတွေကတော့ ငြင်းချက်ထုတ်ပါတယ်။ အများဆုံးတိုင်ခံရတာက ရေကူးကန်နဲ့ ကာယလေ့ကျင့်တဲ့ နေရာတွေမှာ ဖြစ်နေတာပါ။

မနေ့ညတုန်းက ဗြိတိန်နိုင်ငံ ဝေလနယ်က အားကစားမယ်ကို ပွဲကြည့်ပရိသတ် ယောက်ျားတယောက်က မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားပါတယ်။ ကာယကံရှင်က ခွင့်မပြုလို့ သူနေတဲ့ အခန်းထိ လိုက်နှောင့်ယှက်တာမျိုး ရှိခဲ့ပါသေးတယ်။

ရဂ်ဘီ ဘောလုံးပွဲတွေ ကျင်းပတဲ့ နေရာက အမှတ်စာရင်းပြတဲ့ဆိုင်းဘုတ် သံကြိုးပြတ်ပြီး ပြုတ်ကျတာလည်း လူရယ်စရာပါ။ ဖွင့်ပွဲအခမ်းအနားကြောင့် ပျက်သွားတဲ့ ပြေးခုန်ပစ် ပြေးလမ်းတွေကိုတော့ ဗုဒ္ဓဟူးနေ့ (၆ ရက်နေ့) ပြိုင်ပွဲမစမီ ပြင်ဆင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်ကထဲက ပြင်ဆင်ချိန်ရခဲ့ပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်ကမှ ပြင်တာမို့ ချို့ယွင်းမှုတွေ ဖြစ်ရတယ်လို့ ဝေဖန်သံ၊ ရှက်ဒေါသသံတွေလဲ ထွက်နေတုန်းပါ။

အားကစား ကော်မတီ အထွေထွေ အတွင်းရေးမှူး Lalit Bhanot အဆိုအရ လက်မှတ် ၉ သိန်း ရောင်းထားခဲ့ပြီလို့ သိရပါတယ်။ ဒါပေမဲ့ အားကစားရုံတချို့မှာ ခုံလွတ်တွေအများကြီး ရှိနေပါတယ်။ ကျောင်းသားတွေနဲ့ လူမှုအထောက်အကူပြု အဖွဲ့တွေကိုလည်း လက်မှတ်တွေ အခမဲ့ ဝေပေးခဲ့ပါတယ်။ အခုလို ဖြစ်နေရတာကိုက အိန္ဒိယပြည်သူတွေ အားကစားမျိုးစုံကို နှစ်ခြိုက်မှုမရှိဘဲ ခရစ်ကက်လို ကစားပွဲမျိုးကိုသာ လွန်လွန်ကဲကဲ အားပေးနေတာကြောင့်လို့ သုံးသပ်သူတွေ ရှိပါတယ်။

ညနက်အထိ ကစားပွဲတွေ ရှိနေလို့ ပရိသတ် သွားရေးလာရေး လွယ်အောင် လိုင်းကားတွေ အစိုးရက စီစဉ်ပေးပါတယ်။ လုံခြုံရေး ဖိအားနဲ့ နာရီနဲ့ချီ လုပ်ရတဲ့အတွက် ယာဉ်မောင်း ၈၀၀ လောက် ဆန္ဒပြနေလို့ ကမန်းကတန်း လူစားထိုးရပါသေးတယ်။

၁၉ ကြိမ်မြောက် ဓနသဟာယ အားကစားပွဲမှာ ၇၁ နိုင်ငံက အားကစားသမား ၃,၀၀၀ ကျော်က အားကစားအမျိုးအစား ၁၇ မျိုး ကစားနေကြတာပါ။ အိန္ဒိယမှာ ပထမဆုံး ကျင်းပတဲ့ ဓနသဟာယ အားကစားပွဲကြီးလဲ ဖြစ်ပါတယ်။ နောက် ၄ နှစ်ကျရင် စကော့တလန်မှာ ကျင်းပမှာပါ။ ပထမဆုံး စတင်ကျင်းပခဲ့တဲ့ ဓနသဟာယ အားကစားပွဲကတော့ ၁၉၃၀ က ကနေဒါမှာပါ။

ဘယ်လိုပဲ အခက်အခဲနဲ့ အရှက်တကွဲတွေ ရှိခဲ့ပေမယ့် အိန္ဒိယပြည်သူတွေက သတင်းစာနဲ့ ရုပ်သံအစီအစဉ်တွေမှာ သူတို့အတွက် ရွှေတံဆိပ်ဆွတ်ခူးသူတွေ ပေါ်ထွက်လာရင် ဂုဏ်ပြုချီးကျူးနေကြဆဲပါပဲ။ အိန္ဒိယမြေမှာ ကုန်ကျစရိတ်အများဆုံး၊ အကြီးကျယ်ဆုံးနဲ့ ပထမဆုံး ကျင်းပတဲ့ နိုင်ငံတကာ အားကစားပွဲကြီးကနေ သင်္ခန်းစာတွေတော့ တလှေကြီး ရလိုက်မှာပါပဲ။

အဲဒီကတဆင့် နိုင်ငံတကာအလယ်မှာ သန့်ရှင်းသပ်ရပ်မှု၊ အားကစားပေါင်းစုံကို နှစ်သက်လိုလားမှုနဲ့ ပြင်ဆင်မှုတွေ မလွဲမသွေ ပေါ်လာမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

No comments: