အယ်ဒီတာခင်ဗျား-
မူစယ်လူထု တွေကြုံနေရတဲ့ လူမှုရေး ၊ ကျန်းမာရေး၊ ပညာရေး ဒုက္ခတွေအကြောင်း တစေ့တစောင်း တင်ပြလိုပါတယ်။
မူစယ်မြို့နဲ့ တရုတ်ပြည်ဂျယ်ဂေါင်အကြား နယ်စပ်ခြံစည်းရိုး အနီး မြေကွက်ကျဉ်းကျဉ်းပေါ်မှာ ၈ပေ အကျယ်အ၀န်း လောက်သာ ရှိတဲ့ ၂ ထပ်တိုက်ခန်းသစ်ဆောက်မယ်လို့ ကြားသိရပါတယ်။ အလျား ပေ ၁၀၀ ကျော်ရှိမယ်ဆိုပါတယ်။ ဘယ်နှစ်ခန်းဆောက်မလဲတော့ မသိ သေးပါ၊တိုက်ပြားလို့ခေါ်ရမှာပါ။ အဲဒီတိုက်ခန်း အကြောင်းနဲ့ တိုက်ဆောက်ပေး မယ့်သူအကြောင်း တင်ပြချင်ပါတယ်။
Ve Ve’ကုမ္ပဏီလို့အများသိကြတဲ့ နှင်းနှင်းခိုင်ကုမ္ပဏီကအဲဒီ တိုက်ခန်းကိုဆောက်မှာဖြစ်ပါတယ်။ အဲဒီဆောက်မယ့်နေရာ ဟာ ဖူလီ လိုက်ဟော်တယ်နဲ့ကားလမ်းခြားမျက်နှာချင်းဆိုင်မှာရှိပါတယ်။ တရုတ် ပြည်မှ ၁၀၅ မိုင်၊ ၁၀၅ မိုင်မှ တရုတ်ပြည် ကုန်ကားကြီးများ အစဉ်မပြတ် ဖြတ်သန်းသွားလာ နေတဲ့လမ်းမ ကြီးဖြစ်ပါတယ်။ ဂျယ်ဂေါင်မှ မူဆယ် ယဉ်ငယ် သုံးဘီး လူသွားလူလာ ရှုပ်ထွေးတဲ့နေရာလဲဖြစ်ပါတယ်။ လမ်း ကလဲကျဉ်းတော့တိုက်ခန်းဆောက်ပြီးစီးသွားရင် ယာဉ်အန္တရာယ် ပိုပြီး ဖြစ်မှာမလွှဲပါ။
ဒီလိုနေရာမှာ ဆောက်လုပ်နိုင်တာကလဲ တိုင်းမှူးရဲ့ ခွင့်ပြုမိန့် နဲ့ပါ။ ခွင့်ပြုသူနဲ့ဆောက်လုပ်သူဟာ ဦးဏှောက်မရှိဘူးပြော ရမှာပါ။ မဆောက်သင့်တဲ့နေရာမို့လို့ပါ။
Ve Ve ဟာ မူဆယ်မြို့နယ် အမှတ် ၂ ဈေးမြေနေရာကို ၀ါးမြို လိုက်ပြီးဖြစ်ပါတယ်။ အခုတခါ လူထုအတွက် အင်မတန် အန္တရာယ် ဖြစ်စေမယ့် မြေနေရာကို ထပ်မံဝါးမြိုလိုက်ပြန်ပါပြီ။
Ve Ve နှင်းနှင်းခိုင်ကုမ္ပဏီနဲ့ တိုင်းမှူးအပါအ၀င် စည်ပင်မှ ညွှန် ကြားရေးမှူးများ တိုင်းပြည် သာယာတိုးတက်စေလိုတဲ့ ဆန္န အမှန် တကယ်ရှိရင် အဲဒီဆောက်လုပ်ရေးကိုရပ်တန့်ပါလို့တောင်းဆိုပါတယ်။
ယာဉ်မောင်းတဦး
မူဆယ်
၁၉၊၀၉၊၂၀၁၀
သြဂတ်စ်လနှောင်းပိုင်းက ဗိုက်ကြီးသည်ဒေါ်နန်းငင်း (အမည် ရင်းမဟုတ်) ဗိုက်အောင့်လွန်းလို့ ဆေးရုံပို့ပေးရတယ်။ ခွဲစိတ်ဆရာဝန် ကျော်သီဟနဲ့တွေ့ပါတယ်။ ခွဲရမယ်လို့ပြောပြီး လူနာရှင် တယောက်သူ့ရုံးခန်းကိုလာပါလို့ခေါ်တော့ သွားလိုက်ပါတယ်။ ခွဲစိတ်မှုအပြီးအစီး ကျပ် ၂၂၀ ၀၀၀ (ကျပ် နှစ်သိန်းနှစ် သောင်း) ကျမယ်၊ တတ်နိုင်လားလို့ မေးတယ်။ လူနာကသေတော့မယ်။ ဟုတ်ကဲ့ လိုက်ရတယ်။ နှစ်သိန်း ခွဲမရှိရင် လူနာသေပြီ။
လူနာဆီက ငွေအပြည့်မရသေးရင် ဆေးရုံကနေ ပေးမဆင်းပါ။ ကျော်သီဟက မေ့ဆေးဆရာဝန်ကို ၅ သောင်း ဝေခွဲပေးရ တယ်။ ခွဲစိတ်အကူ သူနာပြု ၃-၄ ယောက်ကို ထောင်ဂဏန်းလေး ခွဲပေးတယ်။ လူနာတယောက်ခွဲရင် ကျော်သီဟ တသိန်း ကျော် အိတ်ထဲဝင်သွားပြီ၊ အရိုးဆရာဝန်အေးလွင်လဲ မအောင်မြင်တဲ့အရိုးခွဲစိတ်မှုတွေနဲ့ လူနာထံမှ ငွေရယူနေပါတယ်။
သားဖွား မီးယပ်ဆရာဝန် အေးဖေလဲ ခလေးတယောက် ရိုးရိုး မွေးခြောက်သောင်း၊ ခွဲစိတ်မွေး တသိန်းနှစ်သောင်း။ ဒီဆရာ ၀န်တွေဟာ ပြည်သူ့ဆေးရုံကိုကိုယ်ပိုင်ဆေးရုံလို သဘောထား အသုံးပြုနေပါတယ်။ ပြည်သူငွေမရှိရင် အသေပစ်ထား မှာလား မေးချင်ပါတယ်။
လူနာရှင်တဦး (မူဆယ်)
အရင်အမှတ် (၂) မူလတန်းကျောင်း၊ အခု အလယ်တန်း ကျောင်းဖြစ်လာတဲ့ မူဆယ်မြို့ ဆေးရုံအနီးကျောင်း မှာ လွန်ခဲ့တဲ့ ၁၉၉၇ သားကိုကျောင်းသွားအပ်တော့ စာရေးခုံလှူပါဆိုလို့ လှူလိုက်ရပါတယ်။ အခုသားက ကျောင်းပြီးတော့မယ်။ ၂၀၀၈ မှာတူလေးတယောက်ကို ကျောင်းထပ်သွားအပ်ပါတယ်။
ကျောင်းစာရေးခုံအတွက်လှူပါလို့ ထပ်မံကြုံရပြန်ပါတယ်။ ၂၀၁၀ အထိလဲ ကျောင်းအပ်ရင်ကြေးပေါင်းစုံ ပေးရ တယ်။ စုံစမ်းကြည့်တော့ နှစ်စဉ်စာရေးခုံကြေးကောက်တယ်တဲ့။ ၁၉၉၇ က ကျမလှူထားတဲ့ ခုံ ရှိလိုရှိငြား၊ တွေ့လိုတွေ့ငြားလိုက် ရှာကြည့်ပါတယ်။ တွေ့တယ်ရှင့်။ ဟောင်းပေမယ့် အကောင်းကြီးရှိသေး တယ်။
နှစ်စဉ်ကောက်တဲ့ကြေးပေါင်းစုံကို ဘယ်လို ဘယ်မှာ သုံးတယ် ဆိုပြီး ကျောင်းအုပ်ကြီးရဲ့ ရှင်းတမ်းလေးကိုဘဲ အတည် အသေယုံနေကြ တဲ့ ကျောင်းအကျိုးတော်ဆောင်များ မိဘဆရာအသင်းဝင်များ ရေငုံ မနေ ကြစေလိုပါ။ ရှင်တို့ရဲ့ခလေး တွေ မျက်နှာသာ အပေးမခံရမှာကို စိုးရွံ့ နေရင် ကျန်တဲ့ကျမတို့လို သာမာန်ကျောမွဲတွေအများကြီးနစ်နာရပါ တယ်။ ဆရာ/ဆရာမများလဲ ရတဲ့လစာမလောက်မငှပေမယ့် စာရိတ္တ၊ သိက္ခာမဏ္ဍိုင်လေးတော့ ရှိစေချင်ပါတယ်။ ကျောင်းသားနဲ့ မိဘများကို သားကောင်အဖြစ် သဘောမထားကြစေလိုပါ။
မိဘတဦး (မူဆယ်)
No comments:
Post a Comment