Sunday, October 17, 2010

KNG

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုင်းမိ၍ လူနှစ်ဦး သေဆုံးသွားသည်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းအား နင်းမိခြင်းကြောင့် ဖြစ်သည်ဟု အောက်တိုဘာ ၁၅၊ ယနေ့ထုတ်ဝေသည့် စစ်အစိုးရပိုင် သတင်းစာများက စွပ်စွဲလိုက်သည်။

Kachin Independence Army (KIA) အား “သောင်းကျန်သူများ” ဟု ဖော်ပြရေးထားခြင်းသည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် စစ်အစိုးရကြား အပစ်ရပ်စဲကာလ ပြီးဆုံးသွားခဲ့ခြင်းဖြစ်သည် ဟု KIO ဒုတိယ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်းဒေါင်မှ ပြောသည်။

“ဒါက အရင့်အရင်ကျတော်တို့ အပစ်အခက်ရပ်စဲခြင်း မလုပ်သေးခင် သူတို့ပြောနေကြ နာမည်ဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျတော်တို့ နားလည်မှုအများကြီးပေးပါတယ်။ ဒီစက်တင်ဘာလ ၁ရက်၊ ပြီးခဲ့တဲ့ ၁လမှ စပြီးတော့မှ ကျတော်တို့ကို ပြန်ပြီးမှ သူတို့ရဲ့အသိအမှတ်ကတော့ မိတ်ဆွေမဟုတ်ပဲနဲ့ ရန်သူအသိအမှတ်ပြန်လုပ်လိုက်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်တယ်။” ဟု ဂျိမ်းစ်လွမ်းဒေါင်မှ ပြောသည်။

စစ်အစိုးရနှင့် KIO အပစ်အခတ် ရပ်စဲငြိမ်းချမ်းရေးယူထားခဲ့သည့် ၁၆နှစ်ကြာကာလတွင် စစ်အစိုးရမှ တရားဝင် “သောင်းကျန်းသူများ” ဟု ပထမဆုံးအကြိမ် ခေါ်ဆိုလိုက်ခြင်းဖြစ်သည်။

အခုလို ခေါ်ဆိုလိုက်ခြင်းသည် စစ်စိုးရမှ စက်တင်ဘာလ ၁ရက်နေ့နောက်ဆုံးထားကာ KIA အား နယ်ခြားစောင့်တပ် အသွင်ကူပြောင်းဖို့ရန်၊ အကယ်၍ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းခြင်းမရှိလျှင် အပစ်အခတ်ရပ်စဲ မတိုင်ခင်ကာလတို့ ရောက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပေါ် KIO မှ ငြင်းဆန်လိုက်ခြင်းကြောင့်ဖြစ်သည်။

အောက်တိုဘာ ၁၃ နေ့က ကချင်အထူးဒေသ (၂) နယ်မြေတွေ ဖြစ်ပျက်ခဲ့သည့် မိုင်းပေါက်ကွဲမှုမှာ ဒေသခံနှစ်ဦး သေဆုံးခဲ့ကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ဗုံးပေါက်ကွဲမှုသည် ဆင်ဘိုမြို့အနီးအခြေစိုက် KIA တပ်ရင်း ၅ ထိန်းချုပ်နယ်မြေအထဲတွင်ဖြစ်သော်လည်း KIA အရာရှိများ ကတော့ ၎င်းတို့၏ မိုင်းဟု အတည်မပြုနိုင်သေးကြောင်း၊ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဆင်ဝါးမှ ပြောသည်။

နယ်စပ်ရေးရာ စောင့်ကြည့်သူ ဦးအောင်ကျော်ဇောက “ဗုံးပေါက်တဲ့ ကိစ္စတော့ သိပ်မထူးပါဘူး။ သူတို့ အပြိုင်ထောင်ထားတာဖြစ်တယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရဘက်က စစ်ရေးပြင်ဆင်မှုရှိတယ် နောက်တော့ ကိုယ့်လူတွေလဲ ကိုယ့်ဒေသကာကွယ်ရေးအတွက်ပေါ့ အချို့နေရာတွေမှာပေါ့ ထောင်ထားပါတယ်။” ဟု ပြောဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA ကို ၁၉၆၁ တွင်ဖွဲ့စည်းပြီး လက်နက်ကိုင် တော်လှန်ခဲ့ရာမှ ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။

KIO အနေဖြင့် စစ်အစိုးရအား “ရန်သူအဖြစ်သက်မှတ်ခြင်းမရှိဘဲ မိသားစုတစ်ယောက် နောင်တော်ကြီး အကိုကြီးအနေဖြစ် ဆွေးနွေးသွားရန်သာရှိသည်” ဟု ဂျိမ်းစ်လွမ်းဒေါင်မှ ဆက်ပြောသည်။

No comments: