ရန်ကုန်သားတာတေ
ဦးရုက္ခစိုး … စိုးရိမ်နေသည်။
ဖိုးရှုပ်တယောက် ဘီယာကို ရေသောက်သလို ကမူးရှုးထိုးသောက်ပြီး သီးတာကို ကြည့်၍ စိုးရိမ်သည်၊ ကြွက်စုတ် ချင်းမိုင်သူလေးများ အငမ်းလွန်ပြီး အုန်းလွဲသွားတာကို စိုးရိမ်သည်။ အခုတလော ဘာကိုပဲ ကြည့်ကြည့်၊ ဘာပဲ ကြားကြား … ဘယ်ကိုပဲ သွားသွား စိုးရိမ်၍သာ နေတော့သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး … ဘယ်လိုဖြစ်လို့ ဒီလောက်တောင် စိုးရိမ်နေတာလဲ။ နှလုံးရောဂါများ ရနေလို့လား။ နတ်က နှလုံးရောဂါ ရတယ်လို့လည်း မကြားဖူးပါဘူး။
ရုက္ခစိုး။ ။ ခေတ်မီအောင် စိုးရိမ်ကြည့်နေတာပါ။ အင်တာနေရှင်နယ်မှာ စိုးရိမ်တယ် တခွန်းပြောတတ်ရင် အလုပ်ဖြစ် တယ်လေ။ အမေရိကန် သမ္မတ လုပ်မလား၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးပဲ လုပ်မလား၊ စိုးရိမ်တယ်လို့တော့ ပြောတတ်ရမယ်။
ကြွက်စုတ်။ ။ သြော် ဒီလိုလား ...။ ဖိုးရှုပ်ရေ … ငါလည်း ဦးရုက္ခစိုးကို စိုးရိမ်လာပြီ။ အခုရလာတဲ့ ရောဂါက အဆန်းပဲ။
ရုက္ခစိုး။ ။ မဆန်းပါဘူးကွာ … ခေတ်မီသူတိုင်း စိုးရိမ်ကြသည်တဲ့။ မယုံရင် မင်းလည်း နည်းနည်းလောက် စိုးရိမ် ကြည့်ပါလား။
ဖိုးရှုပ်။ ။ ဟုတ်ပါ့ ကျနော်တောင် နည်းနည်း စိုးရိမ်ချင်သလို ဖြစ်လာပြီ။
ကြွက်စုတ်။ ။ မင်းက ဘာတွေ စိုးရိမ်ပြန်ရတာလဲ။ ဦးရုက္ခစိုးဆီက ရောဂါကူးတာ ထင်တယ်။
ဖိုးရှုပ်။ ။ လစာ မှန်မှန်မရမှာတို့၊ ရည်းစားတယောက်မှ မရလိုက်ဘဲ သေသွားမှာတို့ကို စိုးရိမ်တာပေါ့။
ရုက္ခစိုး။ ။ မဆိုးဘူး ဖိုးရှုပ်လည်း ခေတ်မီလာပြီ။
ထိုစဉ် သူတို့ ရှိရာနေရာသို့ အိပဲ့ အိပဲ့နှင့် လူတဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။
ကြွက်စုတ်။ ။ ဟာ ချိုကုပ်ဒူးကြီးပါလား။ ချင်းမိုင်ကို ဘာလာလုပ်တာလဲ။
ချိုကုပ်။ ။ ရွေးကောက်ပွဲက နီးပြီဆိုတော့ အိမ်နီးချင်းတွေကို လိုက်ဖားရမယ်လေ။ ဒီကနေတဆင့် လာအိုကိုသွားမယ်၊ အဲဒီက ပြန်ရင် ဘင်္ဂလားဒေ့ရှ်ကို ဝင်မယ်၊ ပြီးရင် ဖိလစ်ပိုင်ကို သွားပြီး ဗီယက်နမ်ကို သွားမယ်၊ ဗီယက်နမ်က ပြန်ရင် ကမ္ဘောဒီးယား ပြီးရင် အိန္ဒိယကို တခေါက်ပြန်ကျော့ပြီး စင်ကာပူကိုပတ် ပြီးရင် တရုတ်မှာ ဂိတ်ဆုံးမယ်။
ရုက္ခစိုး။ ။ အာရှ တခွင်ပတ်တဲ့ ဘတ်စ်ကား စပယ်ယာလုပ်မလို့ ကျင့်နေတာလားဟင်။
ချိုကုပ်။ ။ မဟုတ်ပါဘူး။ အဲဒီနိုင်ငံ တခုချင်းစီကို လိုက်ပြောရမယ် ... မစိုးရိမ်ပါနဲ့ ဆိုတဲ့အကြောင်း။ မဟုတ်ရင် အလကားနေရင်း အစည်းအဝေးတွေလုပ်လုပ်ပြီး စိုးရိမ်နေမှာစိုးလို့။ အခုလောက်ဆို ကုလသမဂ္ဂမှာလည်း ထပ်ဆင့် စိုးရိမ် နေလောက်ပြီ။ သူတို့ စိုးရိမ်တယ်လို့ ပြောမှာကို ကျုပ်ကလည်း စိုးရိမ်ပါတယ်။
ကြွက်စုတ်။ ။ ဘာဖြစ်လို့ သူတို့ စိုးရိမ်တယ် ပြောတာကို စိုးရိမ်တာလဲ။
ချိုကုပ်။ ။ စိုးရိမ်ရတာပေါ့။ သူတို့က စိုးရိမ်တယ်ပြောလိုက် ပြည်ပက မီဒီယာတွေက ရေးလိုက် ...။ အဲဒါတွေကို ဖတ်ဖတ်ပြီး ကွိုင်ကွိုင်က စိုးရိမ်လိုက်နဲ့ ...။ အဲဒါနဲ့ အခု ကျုပ်လည်း ပိုက်ဆံတွေ သောက်သောက် လဲ ကုန်ပါရောလား။
ဖိုးရှုပ်။ ။ ဘာဆိုင်လို့လဲ။
ချိုကုပ်။ ။ ဆိုင်တယ်လေ … ဆိုက်ဘာအတက် ဆိုလား စနိုက်ပါ အတက်ဆိုလား … အတက်တော့ အတက်ပဲ အဲဒီအတက် လုပ်ရတာနဲ့ သောက်သောက်လဲ ကုန်တာ။ ဟက်ကာတွေက ဒေဝါလီ မဂ္ဂဇင်းကို ပစ်မှတ်ထားပြီး တိုက်မယ်ဆိုပြီး ပိုက်ဆံတွေ တောင်းသွားတာလေ။ ကျုပ်ကတော့ ထိရင်ပြီးရောဆိုပြီး ပုံပေးလိုက်တာပဲ။
ရုက္ခစိုး။ ။ စိုးရိမ်လိုက်တာနော်။
ချိုကုပ်။ ။ နေဦး ဦးရုက္ခစိုး … မစိုးရိမ်နဲ့ဦး။
ရုက္ခစိုး။ ။ ကျုပ်က တာဝန်ကျေအောင် စိုးရိမ်တယ်လို့ ပြောပေးတာပါ။ ဒေဝါလီ မဂ္ဂဇင်းလောက် အတွက်တော့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က စိုးရိမ်တယ်လို့ ပြောမှာ မဟုတ်ဘူးလေ။
ချိုကုပ်။ ။ ကျုပ်လည်း အခု စိုးရိမ်တဲ့ရောဂါ ကွိုင်ကွိုင့်ဆီက ကူးနေပြီဗျ။
ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးက ဘာတွေများ စိုးရိမ်စရာ ရှိလို့လဲ။ ရွေးကောက်ပွဲ နိုင်ဖို့ကိုလည်း ရှိသမျှ အောက်လမ်းနည်း အကုန် သုံးပြီးပြီ မဟုတ်ဘူးလား။
ချိုကုပ်။ ။ ဟုတ်တယ်လေ။ သုံးတာတော့ သုံးတာပေါ့ ...။ ဒါပေမယ့် ယိုပေါက် ဟာပေါက် မရှိမှ ဖြစ်မယ်လေ။ အခု နောက်ဆုံး ဖမ်းမိတဲ့ ဆင်ဖြူတော်က အထီးလား၊ အမလား အခုထိ မသိသေးဘူးတဲ့။ အဲဒါ စိုးရိမ်စရာပေါ့။ တော်ကြာ လိင်တူချစ်သူ ဆင်ဖြူတော် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ အဲဒါ စိုးရိမ်တယ်။
ကြွက်စုတ်။ ။ ဟုတ်သားပဲ ...။ အဲဒါ စိုးရိမ်စရာပဲ။
ချိုကုပ်။ ။ စိုးရိမ်တာတွေ ရှိသေးတယ်။ အခု နိုဗဲလ် ဆုပေးခါနီးပြီမဟုတ်လား။ တော်ကြာ မြန်မာအဖွဲ့တခုခုကို ငြိမ်းချမ်းရေးဆု ပေးလိုက်မှာကို အရမ်း အရမ်း စိုးရိမ်နေတယ်။ တော်ကြာ ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ရတုန်းကလို အတိုက်အခံတွေက ဝိုင်းအော်၊ အမေရိကန်က တခုခု ထအော်မှာကို ထပ်တခါ စိုးရိမ်နေရလိမ့်မယ်။
ဖိုးရှုပ်။ ။ အတိုက်အခံတွေနဲ့ အမေရိကန်ကလည်း စိုးရိမ်တယ်လို့ပဲ အော်မှာပါ။
ချိုကုပ်။ ။ အဲဒါကိုပဲ ကျုပ်က စိုးရိမ်နေတာလေ။ ဒါနဲ့ စိုးရိမ်ရတာတွေက ကုန်ကို မကုန်နိုင်သေးဘူး သိလား။ အခု ချင်းမိုင်အထိ လာပြီး အမေရိကန်ကို ရောက်နေတဲ့ ဉာဏ်ပျင်းတို့ အတွက် စိုးရိမ်နေတာ။ ညာမှ ချရဲကြပါ့မလား၊ ပြောလိုက်တဲ့အတိုင်း အလွတ်ကျက်သွားရဲ့လား ဆိုတာတွေ အရမ်း စိုးရိမ်တယ်။ နေပူတော်ကနေ စိုးရိမ်ရတာ အားမရတာနဲ့ ချင်းမိုင်အထိ လာစိုးရိမ်တာ။
ကြွက်စုတ်။ ။ ဘာလို့ အမေရိကန်အထိ သွားမစိုးရိမ်တာလဲ။
ချိုကုပ်။ ။ အမေရိကန်က ကမ်ပိန်းအဖွဲ့တွေ ဆန္ဒပြမှာ စိုးရိမ်လို့ပါ။ နာမည်လေးလုံးနဲ့ မင်းသမီးလေးတောင် စတိတ်ရှိုး ဆိုမရအောင် ဆန္ဒပြတာ ကျုပ်သာသွားလို့ကတော့ အမှုန့်ကြိတ်လိမ့်မယ်။
ရုက္ခစိုး။ ။ ဒါနဲ့ ချိုကုပ်ဒူးကြီး စိုးရိမ်စရာ ကျန်သေးလားဟင်။
ချိုကုပ်။ ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအတွက် စိုးရိမ်တယ်ဗျာ။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့ပါလိမ့်။ သူတို့ဘာသာ သူတို့ ဟိုလူ့အတွက် စိုးရိမ်လိုက်၊ ဒီနိုင်ငံအတွက် စိုးရိမ်လိုက်နဲ့ အဆင်ပြေ နေသားပဲ။
ချိုကုပ်။ ။ တခြားသူတွေအတွက် စိုးရိမ်တာက အကြောင်းမဟုတ်ဘူးလေ၊ ကျုပ်အတွက် စိုးရိမ်တာက အကြောင်းဗျ။ မြန်မာနိုင်ငံအတွက် စိုးရိမ်ရင်း စိုးရိမ်ရင်းနဲ့ ရူးသွားမှာကို ကျုပ် အရမ်း အရမ်းကို စိုးရိမ်တယ်လို့ ပြောပြလိုက်စမ်းပါ ဦးရုက္ခစိုးရယ်။
ထိုစဉ် “မောင်တော် … မောင်တော် … ဆေးသောက်ဖို့ အချိန်ကျပြီ။ ဘယ်တွေလျှောက်သွား နေတာလဲ။ စိတ်ပူလိုက်ရတာ” ဟု ပြောရင်း ဒေါ်ကွိုင်ကွိုင် ပျာယီးပျာယာဖြင့် ရောက်လာသည်။
ရုက္ခစိုး။ ။ ဒေါ်ကွိုင်ကွိုင်ပါလား။ ဘယ်လိုဖြစ်တာလဲဗျ။
ဒေါ်ကွိုင်ကွိုင်က သူ့ခေါင်းကို လက်ညှိုးထိုးကာ လက်ကို ခါပြရင်း “သိပ်မမှန်တော့လို့ ရွာသာကြီးမှာ ဆေးရုံတင်ထားတာ။ လစ်တုန်းမှာ အဲဇလုံနဲ့ လိုက်သွားတာထင်တယ်။ ချင်းမိုင်ကို ဘယ်လိုရောက်လာလဲမသိပါဘူး။ စိတ်ပူအောင် သိပ်လုပ်တာပဲ။ စိတ်ပူလိုက်တာ မောင်တော်ရယ်” ဟု ပြန်ဖြေသည်။
ထိုအခါ ချိုကုပ်ဒူးကြီးက မျက်လုံးကြီးကို ပြူးရင်း “စိတ်ပူတယ်လို့မပြောနဲ့ … စိုးရိမ်တယ်လို့ပြောစမ်း” ဟု ဝမ်းခေါင်း သံကြီးဖြင့် အမိန့်ပေးလိုက်ရာ ဦးရုက္ခစိုးက “ကဲ ဖိုးရှုပ်နဲ့ ကြွက်စုတ်ရေ … ငါတို့လည်း ဒီအရူးဆီကနေ ရောဂါကူးမှာ စိုးရိမ်တယ်ဟေ့ လစ်ရအောင်” ဟု ပြောရင်း တချိုးတည်း လစ်ပြေးကြလေတော့ သတည်း။
မှတ်ချက်။ ။ ဤစာကိုရေးရင်း ရန်ကုန်သားတာတေလည်း မြန်မာပြည်အရေး၊ ကမ္ဘာ့အရေး၊ စကြဝဠာအရေး၊ ရှိသများ အရေးများနှင့် ပတ်သက်၍ အရမ်းအရမ်းကို မတရားသဖြင့် စိုးရိမ်နေပါကြောင်း … အကြိမ်တသန်း ကြိမ်တွယ် ပြောဆိုပါသည်။
No comments:
Post a Comment