မင်းထက်အောင်၊ ကောင်းဝါ
မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ စီးပွားရေးတာဝန်ခံ နိုင်မန်း (ခေါ်) အမန်း သေနတ်ပစ်ခတ်ခံထိသဖြင့် မော်လမြိုင်ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ကုသခံနေရသည်ဟု ၄င်းအသိမိတ်ဆွေတစ်ဦးက ဖုန်းဖြင့်အသိပေး ပြောကြားပါသည်။
“ဗိုက်မှာနှစ်ချက်ထိတယ်၊ ဖြစ်ဖြစ်ချင်းဆေးရုံကိုအမြန်တင်လိုက်တယ်၊ သေသလားရှင်သလား မသိရသေးဘူး၊ လောလောဆယ် သူ့မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်နေကြလို့” ဟု ၄င်းကပြောပါသည်။
နောက်ဆုံးအခြေအနေသိရှိနိုင်ရန် မော်လမြိုင်ဆေးရုံကြီးသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်မေးမြန်း ခဲ့သော်လည်း မအောင်မြင့်ခဲ့ပေ။
ယမန်နေ့ည(၈) နာရီကျော်ခန့်တွင် နိုင်မန်း ပိုင်ဆိုင်သောကာရာအိုကေဆိုင်အတွင်း အခင်းဖြစ်ပွားခဲ့သည်ဟု သိရသည်။
မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ-(မော်လမြိုင်-သံဖြူဇရပ်ကားလမ်းမဘေး)၌ အမျိုးသမီးများအဖေါ်ထိုင်ပေးသော ၄င်း၏ကာရာအိုကေဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားရှိသည်။
ယင်းပစ်ခတ်သွားခဲ့သူ၏ အမည်နေရပ်လိပ်စာများသိရှိရသော်လည်း ၄င်းတို့၏လုံခြုံရေးအရ မဖေါ်ပြလိုပေ။
“ပစ်ခတ်တဲ့သူကိုသိတယ်၊ အချင်းချင်းတွေပဲ၊ ကားဆိုင်ကယ်ကိစ္စတွေ ပြဿနာတက်ကြလို့” ဟု မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့နှင့် စီးပွားရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
မွန်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့မှ မော်တော်ယာဉ်တရားဝင်လိုင်စင်ပြုလုပ်ပေးမည်ဟု ကတိပေးထားပြီး ကားပိုင်ရှင်အချို့ထံမှ ကြိုတင်ငွေရယူထားသည်ဟု စုံစမ်းသိရှိရသည်။
တရားဝင်လိုင်စင်ပြုလုပ်ရန် မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ်သိန်း(၆၀)နှုန်းဖြင့် ကား(၂၅)စီးအတွက် ကြိုတင်ငွေများ ရယူထားသည်ဟုလည်း ကားပွဲစားတစ်ဦးက ပြောသည်။
သို့ရာတွင် ထိုအကြောင်းနှင့်ပတ်သက်၍ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ အတည်ပြုပေးသူမရရှိခဲ့ပါ။
ယခုသေနတ်ပစ်ခတ်မှုကို ရဲမှအမှုဖွင့်မဖွင့် မသိရှိရသေးပေ။
ပြီးခဲ့သည့်သီတင်းပတ်၌ သံဖြူဇရပ်မြို့မှ လူငယ်တစ်ဦးအား မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့မှ သေနတ်ပစ်ခတ်မှုကို သံဖြူဇရပ်မြို့မရဲစခန်းအမှုမဖွင့်ပေးဟု သိရသည်။
မွန်ပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့ခွဲများ အသွင်အမျိုးမျိုးဖြင့် သွားလာလှုပ်ရှားလျှက်ရှိရာ ပစ်ခတ်လုပ်ကြံမှုသတင်းများ မကြာခဏထွက်ပေါ်နေသည်။
ရွေးကောက်ပွဲကာလ၌ယင်းကဲ့သို့ပစ်ခတ်မှုများကိစ္စများမဖြစ်ပေါ်ရေးအတွက်အထူးသတိပြုနေရကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအမတ်လောင်းတစ်ဦးသုံးသပ်ပြောဆိုခဲ့သည်။
No comments:
Post a Comment