Saturday, January 7, 2012

၂၀၁၂ နှစ်ဆန်းပိုင်း ကျိုင်းတုံမြို့မှသတင်းတိုများ

သျှမ်းသံတော်ဆင့်

အစိုးရသစ်လက်ထက် လယ်သမားများထံ စပါးမရောင်းမနေရ



ယခုနှစ် ကျိုင်းတုံဒေသခံများထံမှ စစ်တပ်စပါးကောက်နည်းပြောင်းလိုက်ပြီဖြစ်ကြောင်း ဒေသခံများ ကဆိုသည်။

ကျိုင်းတုံ ဒေသခံ များထံမှ စပါးဝယ် ပေးရန် စပါး အဝယ်ဒိုင် များအား အစိုးရမှ ယခု နှစ်ဆန်း ပိုင်းက ဆင့်ဆို လိုက်ခြင်း ဖြစ်ပြီး အဆို ပါဒိုင် များလည်း စစ်တပ်နှင့် ပူးပေါင်း၍ စပါးဈေး နှိမ်ဝယ်ယူ နေကြောင်း လယ်သမား တဦး ကပြောသည်။


“ ဒီနှစ်တော့ တဧကကို စပါး ၄ တင်း စစ်တပ်ကိုမရောင်းပေးလို့မရဘူး။ အပြင်မှာ စပါး ၁ တင်းကို ၃,၄၀၀ ကျပ် ရောင်းဝယ်တယ်။ အခု ကျတော့ တတင်းကို ၂,၄၀၀ ကျပ်ဘဲပေးတယ်။ ၄ တင်းဆိုတော့ ၄,၀၀၀ ကျပ်ရှုံး နေပြီလေ။ အစိုးရ ပြောင်း ပေမယ့် စနစ်က မပြောင်း သေးပါဘူးဗျာ” ဟု လယ်သမား တဦးနှင့် ၎င်း၏ သားက သျှမ်းသံတော်ဆင့်အားပြောပြသည်။

၂၀၁၁ ဂျန္နဝါရီလကလည်း ကျိုင်းတုံဒေသခံများထံမှ တြိဂံတိုင်းရုံးမှ ဂျီဝမ်းကစပါး တဧက ၄ တင်းဖြင့် ဆင့်ခေါ်ခဲ့သေးသည်။

ကျိုင်းတုံအဝင်အထွက် ဘီးခွန်အဆမတန်ကောက်



သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ တွင်း မြို့ပြင်နေ ဒေသခံ များထံမှ မော်တော်ယာဉ် ဘီးလှိမ့်ခွန် အဆ မတန် တိုးမြင့် ကောက်ခံ နေကြောင်း ဒေသခံ များက ပြောသည်။

“ကျိုင်းတုံမြို့ အဝင်အထွက် ၄ မျက်နှာစလုံးက ဂိတ်တွေ ဘီးလှိမ့်ခွန်ကောက်တာ။ ဆိုင်ကယ်ဆိုရင် တခါဝင်/ ထွက် တိုင်း ၃၀၀ ကျပ် ပေးရတယ်။ တခြားမြို့သွားရင် ၅၀၀ ကျပ်။ ခရီးသည်တင်ကား ဆိုရင် ၃,၀၀၀ ကျပ်တောင်းတယ်။ ကုန်တင်ကားဆိုရင် ၅,၀၀၀ ကျပ်က နေ ၁၀,၀၀၀ ကျပ်အထိ ကားကြီးရင် ကြီး သလို ကောက်တယ်” ဟု ကျိုင်းတုံဒေသခံ ဦးအိုက်ဆမ်ကပြောသည်။



ကျိုင်းတုံမြို့တွင်းနေသူများအတွက် မော်တော်ယာဉ်ရုံး၍ ငွေပေးချေကာ လက်မှတ်ဖြင့် ဝင်ထွက်သွားလာနိုင်ကြသော် လည်း မြို့ပြင်နေ ကျေးလက်ဒေသခံများ မြို့တက်တိုင်း ဘီးလှိမ့်ခွန်ပေးနေရသဖြင့် အခက်တွေ့နေရသည်ဟု ဆိုပါသည်။

ဆက်သွယ်ရေးရုံးဝန်ထမ်းများ ဖုန်းကြိုးဖြတ် ဝင်ငွေရှာ

ကျိုင်းတုံမြို့ ဆက်သွယ်ရေးရုံးမှ တယ်လီဖုန်းဌာနဝန်ထမ်းများ ရပ်ကွက်တွင်းရှိ တယ်လီဖုန်းကြိုးများအား အလှည့်ကျဖြတ် တောက်ကာ ဝင်ငွေရှာနေကြကြောင်း ဒေသခံများကပြောသည်။

“ဒေသခံတွေ လတိုင်းလတိုင်းကြုံရတဲ့အခက်အခဲပေါ့။ ကိုယ့်အိမ်ကဖုန်း ဘယ်တော့ပျက်မလဲ စိုးရိမ်တကြီးနဲ့စောင့်ကြည့် နေရတယ်။ အမှန်က တယ်လီဖုန်းဌာနကဝန်ထမ်းတွေက ခိုးဖြတ်တာလေ။ ဖုန်း မရရင် သူတို့ဆီကိုသွားတိုင်ကြ မယ်မဟုတ်လား။ အဲဒီအခါမှ ပိုက်ဆံ ၅,၀၀၀ ကောက်ပြီး ကြိုးပြန် ဆက်ပေးတာ။ ကိုယ့်ဖာသာကိုယ်ဆက်ရင်တော့ သူတို့ကိုမတိုင်လို့ဆိုပြီး ၃,၀၀၀ ဒဏ်တပ်ပါလေရော။ စားပေါက်ထွင်တာပေါ့ဗျာ” ဟု ခေတ်ပညာတတ် လူငယ်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကျိုင်းတုံမြို့ တွင်း၌ ၅ ရပ်ကွက်ရှိရာ တယ်လီဖုန်းအလုံး ၂ ထောင်ခန့်ရှိကြောင်း၊ တလလျှင် ပုံမှန် ၄-၅ လုံးထက်မနဲ ဖုန်းကြိုး ခိုးဖြတ်ခံ နေရကြောင်း၊ သွားရောက်တိုင်ကြားထားပါကလည်း တပတ်မှ တလ အထိ ကြာမှ လာပြင်ပေးကြောင်း ဖုန်းကြိုး ဖြတ်ခံ ရသူ တဦးက လည်းဖြည့် စွက်ပြောပြသည်။

No comments: