Saturday, January 14, 2012

ဘေဘီနီလာသိန်းရဲ့ ဖခင် ကိုဂျင်မီ

ဖနိဒါ

၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်မှုအား လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၆၅ နှစ်ကျခံခဲ့ရသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုလည်း သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ် တောင်ကြီးထောင်မှသောကြာနေ့က လွတ်မြာက်လာသည်။ ဇနီးဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းလည်း ရန်ကုန်တိုင်း သာ ယာ ဝတီထောင်မှ လွတ်မြောက်လာပြီ ဖြစ်သည်။

အဖမ်းခံရစဉ်က သမီးငယ် ဘေဘီနီလာသိန်း (ခေါ်) ဖြူနေခြည်မင်းယု မှာ ၄ လအရွယ်မျှသာ ရှိသေးပြီး ယခုပြန်လွတ် လာချိန် တွင် ၅ နှစ် အရွယ် သမီး လေးအား ခုချိန်ထိ မတွေ့ရသေးပေ။

တောင်ကြီးထောင်မှ လွတ်မြောက်လာခဲ့သည့် ကိုဂျင်မီကို မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ်မေးမြန်း ထားသည်။

သမ္မတ ဦးသိန်းစိန်မှ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေး အတွက် ဆိုပြီး ခုလို အကိုတို့ ၈၈ ကျောင်းသားတွေကို လွတ်ပေး လိုက်တဲ့အပေါ် ဘယ်လို ထင်လဲ။

လွတ်ပေးတာ ကောင်းပါတယ်။ ဒါပေမယ့် အကိုတို့ တောင်ကြီးတောင်က ၁၁ ယောက်ထဲမှ ၁ဝ ယောက်ပဲ လွှတ်တယ်။ တယောက် မ လွတ်ဘူး။ ဦးရွှေထူး။ သူ ကျန်နေခဲ့တယ်ကွာ။ သူက သာမန် ကျောင်းဆရာ ပဲ။ အဲဒါ မကောင်းဘူး။ လွှတ်ပေးစရာရှိရင်လည်း အကုန်လုံး လွှတ်ပေးလိုက်ပါ။ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးတယ်ဆိုတာ တိုင်းပြည် ကောင်းကျိုးအတွက် ဖြစ်တယ်။ တကမ္ဘာလုံးက ဒီလို လွှတ်ပေးတာကကောင်းတယ်လို့ ပြောချင်တယ်။

အကို လွတ်လာပြီးတော့ ပထမဆုံး ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ။

လွတ်လာတာနဲ့ သူငယ်ချင်းတွေ အားလုံးဆုံမယ်။ ဆုံပြီးတော့ ဆုံးဖြတ်ချက်တခု ကျရမှာပေါ့နော်။ အခု
လောလောဆယ်မှာတော့ အစိုးရသွားနေတဲ့ လမ်းကြောင်းက ဟိုးအရင်က လမ်းကြောင်းနဲ့ သွားတူနေတာ
တွေ့ရတယ်။ အဲဒါကို ဆက်ပြီး မောင်းနှင်ရမယ်။ ဆိုလိုချင်တာက တွေ့ဆုံဆွေးနွေးရေးမှတဆင့် အမျိုးသား
ပြန်လည် သင့်မြတ်ရေးသို့ ဆိုတဲ့ လမ်းကြောင်းပေါ့နော်။ အဲဒါကို ရဖို့ အကိုတို့ နှစ်ရှည်လများ ကြိုးစားခဲ့ တာလေ။ ဒါကို အစိုးရက လက်ခံလာပြီး ဒီအတိုင်းသွားမယ်ဆိုရင် သူတို့နဲ့ ပူးပေါင်းပြီးတော့ ဒီဥစ္စာကိုပဲ
Draft လုပ်သွားရမှာပေါ့။

၈၈ အဖွဲ့ကို တရားဝင်ပါတီဖြစ်ဖို့ ရွေးကောက်ပွဲဝင်မယ် စိတ်ကူးရှိလား။

ဒါကလောလောဆယ် မဆုံးဖြတ်ရသေးဘူး။ အားလုံးဆုံပြီးတော့မှ ဆုံးဖြတ်မယ်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာ ဘယ်လို မြင်လဲ။

ဒါက လက်ခံပါတယ်။ ထောက်ခံပါတယ်။ ရွေးကောက်ပွဲဝင်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီပေးကြဖို့ အထဲမှာ နေကတည်း ကနေ ပြော ထားပြီးသား ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် အစိုးရ သွားနေတဲ့ ဒီမိုကရေစီအပြောင်းအလဲလုပ်ဆောင်နေမှုကိုတွေကို ဘယ်လို မြင်လဲ။

သမ္မတ ဦးသိန်းစိန် လုပ်ဆောင်နေမှုတွေကို ဂျာနယ်တွေထဲကနေ ဖတ်ရပါတယ်။ ဒါတွေဟာ အပြုသဘောဆောင်တဲ့ ကိစ္စတွေ၊ အပြု သ ဘောဆောင်တဲ့ လုပ်ရပ်တွေ အများကြီးလုပ်ခဲ့တယ်ဆိုတာကိုလည်း ရည်ညွန်းနေကြတာပေါ့ဗျ။ ဒါကတော့ ကြိုဆိုသင့်တဲ့ အပိုင်းကို ကျ နော်တို့ ကြိုဆိုမှာပါ။ လုပ်သင့်လုပ်ထိုက်တဲ့အပိုင်းကို လုပ်တယ်ဆိုတာကလည်း ကျနော်တို့ လေးလေးနက်နက်လက်ခံတယ်။ ဒါပေ မယ့် လုပ်စရာတွေ အများကြီး ရှိသေးတယ်ဆိုတဲ့အကြောင်းကိုလည်း ကျနော်ပြောချင်တယ်။ အဲဒီအတွက် ကျနော်တို့ကလည်း အဲဒီ လုပ် စ ရာ အများကြီးရှိတဲ့ ရှိတဲ့ ဒီလုပ်ငန်းတွေအတွက်ကို ကျနော်တို့လည်း ပူးပေါင်းပြီးတော့ အင်တိုက်အားတိုက်ဆောင်ရွက်မယ် ဆိုတာကို ပြောချင်တယ်။

အစိုးရဘက်က ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ အပစ်အခတ် ရပ်ဆိုင်းရေးတွေလုပ်နေပြီ၊ ဒီလို ဆွေးနွေးမှုတွေ အပေါ်မှာ ဘယ်လိုသဘောရလဲ။

ဒါတွေက တကယ်လုပ်ရမယ့် အချက်ဘဲ။ ဒါက ကျနော်ဆိုလိုချင်တဲ့ concept ပေါ့။ တွေ့ဆုံဆွေးနွေးရေးမှ တဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို သွားမယ်ဆိုရင် ဒါတွေ အကုန်သွားရမယ်။ အပစ်အခတ်ရစဲရမယ်။ ဒီကနေ ငြိမ်းချမ်းရေးသွားမယ်။ ဒီအမျိုး သားပြန်လည် သင့်မြတ်ရေးမရှိရင် ဘယ်တိုင်းပြည်မှ မတိုးတက်ဘူး။ ဒီ concept ကို လက်ခံထားမယ်ဆိုရင် ငြိမ်းချမ်းရေး မဖြစ်ဖြစ် အောင် လုပ်ရ မယ်လို့ မြင်ပါတယ်။

ပြည်တွင်းပြည်ပမှာ ရှိနေနဲ့ ဒီမိုကရေစီလှုပ်ရှားသူတွေကိုရော ဘာများ ပြောချင်လဲ။

ပြောချင်တယ်။ အပြင်မှာ ရှိနေတဲ့ ကျနော်တို့ ရဲဘော် ရဲဘက် တွေဟာ သူတို့ ယုံကြည် ချက်တွေကို စွန့်လွတ်ပြီး တော့ နိုင်ငံခြားကို ထွက်ခွာ သွားရတာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်တယ်။ အခု ကျနော်တို့ လွတ်လာ ပြီ တိုင်းပြည် တာဝန်ကို ဆက်ပြီး ထမ်း ဆောင်ရမယ်။ သူတို့ကြီးပဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ သူတို့ မြန်မာပြည်ကို ပြန်လာပြီးတော့ လွတ်လွတ်လပ်လပ် ကျနော်တို့နဲ့အတူ တာဝန် ထမ်းဆောင်နိုင်ဖို့ အတွက်ကို ကျနော်တို့ ကြိုးစားသွားမယ်။ သူတို့လည်း ဒီမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် အင်အားတွေဖြည့်ထားပါလို့ ကျနော်ပြောချင်တယ်။

ကျမ ကြားရသလောက် လူ့အခွင့်အရေး မြင့်တင်ရေးကွန်ယက် ဦးမြင့်အေးကို မလွတ်ပေးသေးဘူးလို့ ကြားရတယ်။ အဲဒီအပေါ် ဘာကြောင့်လို့ ထင်လဲ။

ဒါ သိပ်ဆိုးတဲ့ ကိစ္စရပ်တွေဗျာ။ ဒီလိုတွေ လူကောင်းတွေပါ။ တိုင်းပြည်ကို တကယ်ကောင်းစေချင်တဲ့လူတွေပါ။ ကျနော်တို့ အာမခံပါတယ်။ ဒီလူတွေကို လွှတ်ပေးသင့်ပါတယ်ဗျာ။ ဒီလိုတွေကို လွှတ်ပေးခြင်းအားဖြင့် တိုင်းပြည်အကျိုးရှိမယ်ဆိုတာ သိဖို့ဘဲ။ တကယ်ကျနော်တို့ တာဝန်ယူပါတယ်ဗျာ။

အခုနောက်ဆုံး မေးခွန်းအနေနဲ့ နှစ်ပေါင်းများစွာ ခွဲနေရခဲ့ရတဲ့ သမီးလေးကို တွေ့ရတော့မယ် ဆိုတော့ ဘယ်လိုခံစားရလဲ။

အဖေတယောက်အနေနဲ့ ဝမ်းသာတာပေါ့။ လူသားတယောက်အနေနဲ့ ဝမ်းသားပါတယ်။ ဒါပေမယ့် သေချာ တာတခုတော့ သမီးလေး ကလေ ဒီအခြေ အနေ ထဲကို တော်တော် စဉ်းစား ပြီးတော့ ဝင်လာတဲ့ သမီးပါ။

No comments: