Saturday, January 14, 2012

မြောက်ဦးရဲက ချဲထီဒိုင်ကိုယ်စား အမျိုးသမီးငယ်သူ တစ်ဦးကို လူစားထိုး ဖမ်းဆီး တရားစွဲ

နိရဉ္စရာ

ရခိုင်ပြည် နယ် မြောက်ဦးမြို့ ရဲအဖွဲ့ သည် ချဲထီ ဒိုင်လုပ်သူ အမျိုးသမီး တစ်ဦးအား ငွေယူ ပြန်လွတ် ပေးလိုက်ပြီး အဆိုပါ အမျိုးသမီး နေရာတွင် တောလက် ကျေးရွာမှ အမျိုး သမီးငယ် တစ်ဦးအား အစားထိုး ဖမ်းဆီးပြီး တရားစွဲ ဆိုထား ကြောင်း သတင်း ရရှိသည်။

" အခု မြောက်ဦးရဲစခန်းမှာ ဖမ်းဆီးခံထားရတာကတော့ မြောက်ဦးမြို့နယ် ထမရစ်ရွာက မလှလှ (အသက် ၂၂ နှစ်) ဖြစ်ပါတယ်။ သူမရဲ့ အမေရဲ့ နာမည်က ချဲထီဒိုင်ကိုင်တဲ့ အမျိုးသမီးနဲ့ နာမည်တူနေတဲ့ အတွက် ရဲက လူစားထိုးဖို့ လာဖမ်းစဉ် အမေ မရှိတဲ့ အတွက် သမီး ကို ဖမ်းယူ သွားခဲ့ပါတယ်။ အခု သူမကို ရဲက မြောက်ဦးရဲစခန်းမှာ ချုပ်ထားပါတယ် " ဟု လူမူရေး လုပ်ငန်းများကို ကူညီ ဆောင်ရွက် နေသူ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မြောက်ဦးရဲစခန်းမှ ဦးကျော်စိုး ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့သည် မြောက်ဦးမြို့ မြို့ပေါ် မဟိန်ဂျိန် ရွာမှ ချဲထီဒိုင်ကိုင်သူ ဒေါ်မလှစော အား လွန်ခဲ့သော တပတ်ကျော်က မြောက်ဦးမြို့ ဈေးထဲတွင် ချဲထီ စာရွက်များနှင့် အတူ ဖမ်းဆီးခဲ့သည်ဟု သူက ပြောသည်။

ဖမ်းဆီးစဉ် ချဲထီ စာရွက်များနှင့် အတူ သူမအား ဓါတ်ပုံရိုက်ပြီး သက်သေ အဖြစ် မှတ်တမ်းတင်ခဲ့ပြီး ပြည်နယ် ရဲတပ်ဖွဲ့ထိ အကြောင်း ကြား ခဲ့သည်ဟု သိရသည်။

" ဖမ်းပြီး နောက်ပိုင်းမှာ အဲဒီ အမျိုးသမီးကို ရဲစခန်းကို ယူသွားတယ်။ ရဲစခန်းကို ရောက်သွားတော့ အဲဒီအမျိုးသမီးက ရဲစခန်းမှူးကို ကျပ် ၁၀ သိန်း လာဒ်ပေးတော့ ရဲက ဒေါ်မစောလှကို ပြန်လွှတ် ပေးလိုက် ပါတယ်။ ဒါပေမယ့် အဲသလို ချဲထီ ဒိုင်လုပ်တဲ့ အမျိုးသမီးကို ဖမ်းမိတဲ့ အကြောင်း ပြည်နယ် ရဲမှူးထိ သတင်းပို့ထားတဲ့ အတွက် ဒေါ်မစောလှရဲ့ နေရာမှာ အစားထိုးဖို့ နောက်ထပ် ဒေါ်မစောလှ ဆိုတဲ့ အမျိုး သမီး တစ်ဦးကို လိုက်ရှာတော့ ထမရစ်ရွာမှာ နာမည်တူ အမျိုးသမီး တစ်ဦးကို သွားတွေ့ပါတယ်။ အဲဒီ အမျိုးသမီး ဖမ်းဆီးဖို့ သွားတဲ့ အခါ မရှိတဲ့ အတွက် သမီးဖြစ်သူ မလှလှကို ဖမ်းဆီးပြီး မြောက်ဦးကို ခေါ်လာတာ ဖြစ်ပါတယ် " ဟု သူက ဆက်ပြောသည်။

မလှလှအား ဖမ်းဆီးစဉ်က ရှာဖွေ ပုံစံများလည်း တစုံတရာ ပါရှိခြင်း မရှိသည့်အပြင် ရဲအဖွဲ့က အရပ်ဝတ်ဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ချဲထီ ဒိုင်လုပ်ကိုင်သူ ဒေါ်မစောလှ နေရာတွင် အစားထိုး တရားစွဲရန် အတွက် မသက်ဆိုင်သူ အမျိုးသမီးငယ် တစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းနှင့် ပတ်သက်ပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ဆွေမျိုးများက ရဲစခန်းထိ လိုက်လာပြီး သူမအား ပြန်လွတ်ပေးရန် ပြောကြားသော်လည်း ရဲအဖွဲ့က နားမထောင်ဘဲ မလှလှကို ဆက်လက် ဖမ်းဆီးထားသည်ဟု ပြောသည်။

" အခုကျွန်တော်ကြားတာက အဲဒီ မလှလှကို ပြန်လွတ်လိုက်ရင် သူတို့ တရားခံ မရှိတဲ့ အတွက် အထက်က စစ်ဆေးရင် ရဲတာဝန်ရှိ သူတွေ အလုပ်ပြုတ်သွားမယ်။ ဒါကြောင့် သူမကို ဆက် ဖမ်းထားပြီး တရားစွဲဆိုဖို့ စီစဉ်နေပါတယ်။ မြောက်ဦးရဲက တော်တော့ကို ဆိုးပါတယ်။ ဘယ်သူပြောတာကိုမှ အရေးမစိုက်ဘူး " ဟု သူက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သူမ၏ ဆွေမျိုးများက ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ မြောက်ဦးရုံးတွင်လည်း တိုင်ကြား ထား သည် ဟု သိရသည်။


No comments: