Saturday, January 14, 2012

“ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး”

မျိုးသန့်

(ဦးခွန်ထွန်းဦး နှင့် အင်တာဗျူး)

ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက သူ့ကို စွဲချက် တင်ခဲ့သည့် နိုင်ငံတော်ပုန်ကန်မှုနှင့် ပတ်သက် ၍ သူသည် နိုင်ငံတော် ပုန်ကန်သူ တဦး မဟုတ်ဟု ငြင်းဆိုလိုက်ပြီး မိမိ နိုင်ငံတော် ပုန်ကန်သည်မှာ မှန်ကန်ပါက ဖမ်းသည့်နေရာတွင်ပင် ပစ်သတ်ကာ အပြစ်ပေး၍ရကြောင်း မဇ္ဈိမကို ပြောသည်။

ကြာသပတေးနေ့က နိုင်ငံသမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို လွှတ်ပေးခဲ့ရာ ဦးခွန်ထွန်းဦး အပါအဝင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားများ သောကြာနေ့က ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။

အသက် ၆၇ နှစ်ရှိ ဦးခွန်ထွန်းဦးကို လွတ်မြောက်လာမှုအပေါ်အမြင်၊ လက်ရှိ အစိုးရအပေါ်သဘောထား၊ တိုင်းရင်းသားအရေး၊ SNLD ရှေ့ဆက်လုပ်ဆောင်သွားမည့် အပေါ်သုံးသပ်ချက်များ၊ အဖမ်းခံရမှုနှင့်ပတ်သက်၍ သူ၏ ခံစားမှု စသည်တို့ကို မဇ္ဈိမသတင်းထောက် မျိုးသန့် က မေးမြန်းထားခြင်းဖြစ်သည်။

၂ဝ၁ဝ ခုနှစ်အတွင်း ဖျက်သိမ်းခံရသည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးမှာ ရှမ်းလူမျိုး အတိုက် အခံ များကို စုစည်းပေးမည့် ရှမ်းပြည်အတိုင်ပင်ခံ ကောင်စီဖွဲ့စည်းခြင်းကြောင့် ၂ဝဝ၅ ခုနှစ်နိုဝင်ဘာလ အတွင်းက ဖမ်းဆီ ခံခဲ့ရပြီး နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ် ၉၃ နှစ်ကျခံရန် အပြစ်ပေးခြင်း ခံခဲ့ရသူဖြစ်သည်။

ပထမဆုံး မေးချင်တာက အန်ကယ်တို့ လွတ်လာမယ်ဆိုတာ ကြိုပြီးတော့ ပြောတာရှိလား။ ကြိုပြီး သိရသလားခင်ဗျ။

"ကြိုပြောတာတော့ မရှိဘူး။ ဒါပေမယ့် ညနေပိုင်း သတင်းတော့ကြားတယ်။ ထူးတယ်ထူးတယ်ပေါ့။ ည ရှစ်နာရီ ခွဲလောက်ကျတော့ ထောင်ဝန်ထမ်းလေးတွေက ကျနော်ပါတဲ့အကြောင်း လာပြောတော့ သိရတာပါ။"


လွှတ်ပေးလိုက်တာမှာ ခံဝန်ချက်တို့ လက်မှတ်စုံတရာ ထိုးခဲ့ရတာရှိလား ခင်ဗျာ။

“ကျနော် ဘာမှ မထိုးခဲ့ရပါဘူး။”


အခုလို လွတ်လာတဲ့အပေါ်မှာကော ဘယ်လိုခံစားမှုဖြစ်လဲ။

"ကျနော် ဘယ်လို Feeling မှ မဖြစ်ပါဘူး။ ဝမ်းလည်း မသာပါဘူး။ ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းဆီး ထောင်ချ ထားတာလို့ပဲ မြင်ပါတယ်။"


ဟုတ်ကဲ့ အန်ကယ့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်လို့လည်း သိရတယ်၊ တကယ်ကော နိုင်ငံတော် ပုန်ကန်မှု မြောက်ရဲ့လား။

"ကျနော်တို့ကို အပြစ်မရှိဘဲ ဖမ်းသွားတာသာ ဖြစ်ပါတယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ ဖမ်းတယ်။ ကျနော် SNLD ဥက္ကဋ္ဌ တ ယောက် အနေနဲ့ ဒီလိုမျိုး လုပ်မလားဗျာ၊ ပြောတာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမိန့်နဲ့ ကျနော့်ကို ဖမ်းတယ်လို့ပြောတယ်။ ကျနော် တ ကယ်သာ နိုင်ငံတော်ပုန်ကန်တာ မှန်ခဲ့ရင် ဖမ်းစရာမလိုဘူး၊ တခါတည်း ပစ်သတ်လိုက်ပါ။ နောက်တခုက ရှမ်းပြည်အတိုင်ပင်ခံ အဖွဲ့ဖွဲ့လို့ ဖမ်းတယ်လို့ပြောတယ်။ တခြားသူတွေလည်း ဖွဲ့တာပဲ ကျနော်တို့ ရှမ်းတွေကိုမှ ဖမ်းတယ်ဗျာ။"


အစိုးရက အခုလွှတ်ပေးတာဆိုရင် လေးကြိမ်မြောက်လွှတ်ပေးတာပေါ့။ အဲဒီလို တဖြည်းဖြည်း လွှတ်နေရင်းက အန်ကယ်တို့လို နိုင်ငံရေးအကျဉ်းသားတွေ ပါလာတယ်။ ဒီလွှတ်ပေးမှု အပေါ်မှာ ဘယ်လို သဘောထားပါသလဲ။

"မစ္စကလင်တန်ကိုလည်း ကတိပေးလိုက်ပြီ၊ အာဆီယံ ဥက္ကဋ္ဌ ရာထူးကိုလည်း ယူမယ်ဆိုတော့ သူတို့အနေနဲ့ ဒီဟာကို နိုင်ငံရေး အကျဉ်း သားတွေကို မလွှတ်ပေးလို့ မရတော့တဲ့ အနေအထားပေါ့။ အဲဒါကြောင့် ကျနော်တို့ကို ဆက်ထားလို့ မဖြစ်တော့လို့ လွှတ်ပေးလိုက် တယ်လို့ ထင်ပါတယ်။ အစိုးရက လမ်းကြောင်း ပြောင်းလာပြီ ဒီမိုကရေစီ လမ်းကြောင်းကို သွားမှဖြစ်တော့မယ်။"


သမ္မတရဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ ထာဝရ ငြိမ်းချမ်းမှု ဖေါ်ဆောင်ရေး၊ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် လွှတ်ပေးတယ်ပေါ့။ တကယ်ကော ဒီရည်ရွယ်ချက်တွေ ဆန္ဒတွေနဲ့ လွှတ်ပေးတယ်လို့ အန်ကယ်ထင်သလား။

"ကျနော် ဒီအပေါ်မှာတော့ ၅၅ ရာခိုင်နှုန်းပဲ ယုံကြည်ပါတယ်။ ရာနှုန်းပြည့်တော့ မပေးနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့ကပဲ ကရင်နဲ့ လက်မှတ်ထိုးလိုက်တယ်။ ကချင်ဘက်မှာတော့ စစ်ဖြစ်နေတုန်းဆိုတော့ ကျနော် အပြည့်အဝ ယုံကြည်လို့ မရသေးပါဘူး။"


အန်ကယ် ထောင်ကျခံရတဲ့ကာလတုန်းကတော့ စစ်အုပ်ချုပ်ရေးပေါ့၊ ခုတော့ အရပ်သား အစိုးရ တော့ပေါ်လာ ပြီလို့ ဆိုကြ တယ်။ ဆိုတော့ ထောင်က ထွက်ထွက်ချင်း ထူးခြားတဲ့ ပြောင်းလဲမှုတခု ဘာမြင်ရ သလဲ။

"တော်တော်တော့ ပြောင်းလဲ တိုးတက်တယ်လို့ ကျနော် မပြောနိုင်ပါဘူး၊ ဒါပေမယ့် ထူးခြားတာကတော့ မီဒီယာသမားလေးတွေ တော်တော်လေး များလာတာ တွေ့ရပါတယ်။ အဲဒါကလည်း တိုးတက်ပြောင်းလဲမှုလို့ ထင်ပါတယ်။"


မီဒီယာသမားတွေ များလာတာကို တိုးတက်မှုလို့ ဘာ့ကြောင့်ပြောနိုင်တာလဲခင်ဗျာ့။

"မီဒီယာဆိုတာ ခင်ဗျားလည်းသိပါတယ်၊ ကျနော်တို့ ထောင်ထဲမှာနေရတာက “ဟင်းကိုမလို သတင်းသာ လိုတယ်” လို့ ပြောကြတာကိုး။ အပြင်မှာ ဖြစ်ပျက်နေတာတွေကို ကျနော်တို့ မီဒီယာတွေကတဆင့် သိရတာ ဖြစ်ပါတယ်။ ဒီလို မီဒီယာက တိုးတက်လာတာကို ကျနော် တော်တော်လေး အားရပါတယ်။"


အစိုးရသစ် တက်လာအပြီးမှာကော ထောင်တွင်း ပြောင်းလဲမှု အခြေအနေတွေ ဘယ်လိုရှိပါသလဲ။

"ကျနော်တို့ ဂျာနယ်တွေ ထွက်သမျှ ဖတ်ခွင့်ရပါတယ်၊ TV လည်းကြည့်လို့ ရတယ်။ ရေဒီယိုလည်း ခိုးနားထောင်လို့ ရတယ်ပေါ့။ နောက် ထောင်ဝန်ထမ်းတွေ ကျနော်တို့ အပေါ်မှာ ဆက်ဆံတာတွေလည်း ညင်ညင်သာသာ ရှိပါ တယ်။ ဒီ ၂ဝ၁ဝ အတွင်းမှာတော့ ထောင်တွင်း မှာ ပြောင်းလဲလာပါတယ်။"


ပြောင်းလဲမှုလို့ ပြောလို့ရနိုင်တဲ့ အခြားတချက်လည်း ရှိပါသေးတယ် NLD ရွေးကောက်ပွဲ ဝင်တဲ့ အချက် ပေါ့။ အဲဒီ အပေါ် မှာကော အန်ကယ် ဘယ်လိုသဘောထားပါသလဲ။

"NLD ရွေးကောက်ပွဲဝင်တဲ့ အပေါ်မှာတော့ ကျနော်သဘောထား မပေးလိုပါဘူး။ ဒါပေမယ့် NLD ဟာ ပြည်သူ လူထု ရှေ့က ရပ်တည်ဖို့ အတွက် ရွေးကောက်ပွဲ ဝင်တယ်လို့ ထင်ပါတယ်။ ပြည်သူရှေ့က မားမားမတ်မတ် ရပ်တည်နိုင်မယ်လို့လည်း ယူဆပါတယ်။"


အန့်ကယ့်ရဲ့ ပါတီဖြစ်တဲ့ SNLD ဟာလည်း NLD နဲ့ ၁၉၉ဝ ရွေးကောက်ပွဲမှာ ညီနောင်ပါတီလို့ ပြောရင် ရတယ်ပေါ့။ ဒီ ညီနောင်ပါတီတခုဖြစ်တဲ့ NLD က ရွေးကောက်ပွဲဝင်သွားပြီဆိုတော့ SNLD ရဲ့ အလား အလာကကော အန်ကယ့် တဦးတည်း သဘောထားကို ပြောပြပေးပါ။

"ကျနော့်တဦးတည်းအမြင်ကတော့ SNLD တရားဝင်ပါတီမဖြစ်ရင်၊ ကျနော်တို့ စာရွက်စာတမ်းတွေအကစ ထုတ်လို့ မရနိုင်ဘူး၊ SNLD မှတ်ပုံတင်ကောင်းတင်မယ်။ ရွေးကောက်ပွဲတော့ ဝင်ဖို့ အချိန်မရတော့ဘူးပေါ့။ တရားဝင်ပါတီ တခုဖြစ်မှသာ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နိုင်မှာဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကတော့ ကျနော့် တဦးတည်းရဲ့ သဘောထားပါ။ ဒီကိစ္စတွေ ကျနော့်ပါတီဝင်တွေနဲ့ ဆွေးနွေး ရဦးမှာပါ။"


နောက်ချက်ကတော့ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နိုင်ဖို့ လုံးပန်း နေတာ ရှိတယ်။ ဒီလိုမျိုး လုပ်နေတာတွေ အောင်မြင်ဖို့ အလားအလာ ဘယ်လို မြင်ပါ သလဲ။

"ငြိမ်းချမ်းရေး လက်မှတ်ထိုးတဲ့ကိစ္စတွေကတော့ ကျနော်တို့ တိုင်းရင်းသားတွေ လိုချင်တာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ပါ ပြည် ထောင် စုက ခွဲထွက်ဖို့မဟုတ်ပါဘူး။ ဒီကိစ္စဟာ အနာလည်းသိ ဆေးလည်းရှိပြီး ဖြစ်ပါတယ်။ အဲဒီ ကိစ္စကို ပြေလည်အောင်လုပ်ပေးဖို့ လိုပါတယ်။"


ဒီကိစ္စတွေကိုကော အစိုးရက လုပ်ပေးလာမယ်လို့ ယူဆလို့ရမလား။

“ခုဏ ကျနော် ပြောသလိုပဲ ကျနော် ၅၅ ရာခိုင်နှုန်းပဲ အခု အစိုးရကို အမှတ်ပေးထားပါတယ်။”


လွတ်လာပြီဆိုတော့ ဘာဆက်လုပ်မလဲ။

"လောလောဆယ်တော့ ကျနော်ဘာမှ မစဉ်းစားရသေးပါဘူး။ SNLD ကိစ္စတော့ ကျနော့် ဗဟိုကော်မတီဝင်တွေနဲ့ဆွေးနွေး တိုင်ပင် ရပါ ဦးမယ်။"

No comments: