Sunday, January 15, 2012

“၈၈ တွေ အကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ်”

ကိုဝိုင်း

(စစ်တွေထောင်မှ ၈၈ မျိုးဆက်ကျောင်းသား ကိုသန်းတင်နှင့် အင်တာဗျူး)

၂၀၀၇ ခုလောင်စာဆီဈေးကျဆင်းရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သဖြင့် ဖမ်းခံရသူ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင် ကိုသန်းတင်သည် စစ်တွေထောင်မှ အခြားနိုင်ငံရေး အကျဉ်းသား ၇ ဦးနှင့်အတူ သောကြာနေ့က လွတ် မြောက်လာသည်။

အသက် ၅၂ နှစ် ရှိပြီဖြစ်သည့် ကိုသန်းတင် အား မဇ္ဈိမ သတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။

စစ်ထွေထောင်ကနေ ဘယ်နှယောက် လွတ်လာပါလဲ။

“ကျနော်တို့ စစ်ထွေထောင်က ၈ ယောက်ပါ ခင်ဗျ။ ပြည့်ဖြိုးလှိုင်၊ အောင်အောင်ကျော်၊ ဇေယျာဦး၊ ဒေါက်တာ သက်လွင်၊ ဦးပုဇင်း ပုရစ်၊ ကျော်လင်းအောင်၊ ကျော်ဇင်ဝင်း။ ၈၈ က ကျနော် တယောက်ထဲ ပါပါတယ်။ ဘုန်းကြီးတွေ ကျောင်းသားတွေ။ ကျော်ဇင်ဝင်းက NLD ပါ”


လွှတ်မယ်ဆိုတာကို ဘယ်အချိန်လောက်မှာ ဘယ်သူက လာအကြောင်းကြားလဲ။

“ကျနော်တို့ကို ည ၁ဝ နာရီလောက်မှာ ထောင်မှူးကြီးက လာအကြောင်းကြားတာခင်ဗျ။ ကျနော်တို့ စာရင်းတွေ ပါလာတယ် ဆိုပြီးတော့ လိုက်ပြီးတော့ ပြောတာပေါ့ဗျာ။ တခန်းဝင် တခန်းထွက်ပေါ့။ ထောင်မှူးကြီးက ဦးသိန်းလွင်ပါ”


လွတ်လာတဲ့သူတွေက စစ်ထွေထောင်မှာ နေတော့ သတ်သတ်စီလား။

“ကျနော်တို့က တိုက်တတိုက်ထဲပါ။ တယောက်တခန်းစီပေါ့ နေရတာပါ။ ကျနော်တို့ အုပ်စုက သတ်သတ်တိုက်တခုပေါ့”


အခု အချုပ်အနှောင်ထဲမှာ လေးနှစ်လောက်နေခဲ့ရပြီး အပြင်လောကကို ပြန်ရောက်လာပြီဆိုတော့ ခံစားချက်ကို ဖော်ပြပေးပါ။

“ထောင်ဆိုတာကတော့ဗျာ နံရံတွေ လေးဘက်ဝိုင်းထားတာပေါ့ဗျာ။ ထောင်ဆိုတာတော့ ဟိုတယ် မဟုတ်ဘူးပေါ့။ အကျဉ်းထောင် ဆို တော့ အကျဉ်းထောင်ပုံစံအတိုင်း နေရတာပေါ့။ လွတ်မြောက်လာရတာတော့ ဝမ်းသာတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးနီးပါးလို့ လွတ်လာပြီလို့ ကျနော်ထင်တယ်လေ။”


အကို ဖမ်းခံရတဲ့နေရာနဲ့ ဖမ်းခံရပုံကို ပြောပြပေးပါခင်ဗျာ။

“ကျနော်တို့ကို ၂ဝဝ၇ ခု၊ ၈ လပိုင်းပေါ့ဗျာ ဖမ်းတာပေါ့။ သံအမတ်ကြီးဟိုတယ်မှာ ကျနော့်ကို ၂၃ ရက်နေ့မှာ မိတာပေါ့နော်။ ကျနော် တယောက်ထဲပါပဲ။ လာဖမ်းတာ လူ ၅ဝ လောက်နဲ့ပေါ့ဗျာ။ လက်နက်တွေနဲ့ပေါ့ဗျာ”


ဖမ်းပြီးတော့ ဘယ်ကိုခေါ်သွားပြီး ဘာဆက်ဖြစ်လဲခင်ဗျ။

“ကျနော့်ကို ဖမ်းပြီးတော့ ပြည်ထဲရေးရုံးမှာပေါ့ဗျာ နှစ်ပါတ်လောက်ထားတာပေါ့။ ပြီးတော့မှ အင်းစိန် စစ်ခွေးတိုက်ကို ပို့တာပေါ့။ စစ်ခွေးတိုက်မှာ တလကျော်လောက် နေရတာပေါ့။ စစ်ကြောရေးပေါ့နော်။ စစ်ကြောရေးမှာ ကျနော်တို့ကို အေးအေးဆေးဆေးပါပဲ။ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ စစ်ကြောရေးမှာတော့ သီးသန့် ခွဲစစ်တာပေါ့။”


စစ်ခွေးတိုက် စစ်ကြောရေးပြီးတော့ ဘာဆက်ဖြစ်သေးလဲခင်ဗျ။

“စစ်ခွေးတိုက်ကနေ နောက်ဆုံး ၅ ဆောင်တိုက်ကို ပို့တာပေါ့ဗျာ။ ၅ ဆောင်တိုက်မှာတော့ ကျနော် တနှစ်ကျော်လောက် နေရတာပေါ့။ အဲဒီကနေမှ အမိန့်ကျ၊ ထောင်ကျပြီးမှ စစ်တွေထောင်ကို ပြောင်းရ တာပေါ့။ ၂ဝဝ၈ ခု နိုဝင်ဘာ ၂ဝ ရက်နေ့ပေါ့”


အကိုနဲ့အတူ တခြားဘယ်သူတွေကို ဘယ်တရားရုံးမှာ ရုံးထုတ်ခဲ့လဲဗျ။

“ကျနော်တို့ကို အင်းစိန်ထောင်ဝင်းထဲက အထူးတရားရုံးမှာပဲ ရုံးထုတ်တာပေါ့။ ကျနော်နဲ့အတူ ကျနော်တို့ ၈၈ တွေ အားလုံး ၃၇ ယောက် တပြိုင်နက်ထဲပါ။”


ရုံးထုတ်နေတဲ့အချိန် ခုခံပိုင်ခွင့်တို့ မိသားစုနဲ့ တွေ့ခွင့်တို့ အခြေအနေလေးတွေ ပြောပြပေးပါ။

“အင်းစိန်တရားရုံးမှာ ပထမတော့ ရတယ်ခင်ဗျ ရှေ့နေတွေဘာတွေလေ။ နောက်ပိုင်းကျတော့ ကျနော်တို့ ရှေ့နေတွေ ဘာတွေကို လာ ခွင့်မပြုတော့ဘူးဗျ။ ပထမတော့ မိသားစုတွေဘာတွေနဲ့ တွေ့ခွင့် ရတာပေါ့။နောက်ပိုင်းကျတော့ မိသားစုတွေနဲ့ပါ တွေ့ခွင့်မရတော့ဘူး။ ရှေ့နေတွေကတော့ များတယ် အယောက် ၂ဝ လောက်တော့ ရှိမယ်ထင်တယ်။ ဦးအောင်သိန်းလည်း ပါတာပေါ့ဗျာ သူကလည်း ထောင်ကျ သွားတာပေါ့ ကျနော်တို့ကို လိုက်ရင်းနဲ့”


၂ဝဝ၇ ခု သြဂုတ်မတိုင်မီ ဖမ်းခံရတာရှိသေးလား။

“ဟိုတုန်းကတော့ ခဏတော့ ဖမ်းခံရဖူးတယ်ဗျ။ ထောင်တော့ မကျဖူးဘူး။ ၁၉၈၉ ခု မတ်လတုန်းကပေါ့ဗျာ”


၂ဝဝ၇ ခုက ပုဒ်မတွေ အတပ်ခံရတာ ဘယ်နှခုရှိလဲ။ ဘာတွေလဲ။

“ပုဒ်မတွေက ကျနော်တို့ကို အများကြီးပဲဗျ။ ၁၁ ခုပဲဗျ။ ကျနော်တို့ ၈၈ တွေ ပုဒ်မတွေ အတူတူပဲ။ ၆၅ နှစ် ကျတာတွေပဲ”


စစ်ထွေထောင်မှာ စုစုပေါင်း ဘယ်နှနှစ်လောက် ကြာသွားလဲ။ လျှော့ရက် ရသေးလား။

“၂ဝဝ၈ ခု နိုဝင်ဘာဆိုတော့ ၃ နှစ်ကျော်ကျော်ပေါ့ခင်ဗျ။ စစ်တွေမှာနေရတာ။ လျှော့ရက် ဘယ်ရပါ့မလဲဗျာ”


အခု အကို့ကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။ စစ်ထွေထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု။

“ကျနော်က အစာအိမ် သွေးကြောပေါက်တဲ့ ဝေဒနာ ရှိတော့ ကျန်ခဲ့တဲ့ ဇူလိုင်လက စစ်တွေဆေးရုံကြီးမှာ တက်ပြီးတော့ သွေး ၇ ပုလင်း သွင်းရတယ်ပေါ့ဗျာ။ ထောင်အာဏာပိုင်တွေကပဲ သေချာ လုပ်ပေးပါတယ်။ အထူးဂရုစိုက်ပြီးတော့။ ဆေးရုံကအစပေါ့။ ကောင်းကောင်း မွန်မွန် ဆက်ဆံပါတယ်”


ထောင်ထဲမှာ စားရသောက်ရတာနဲ့ နေထိုင်ရတဲ့ အနေအထား။

“ထောင်ထဲမှာတော့ အဆင်ပြေပါတယ်။ အဆင်ပြေအောင် သူတို့စီစဉ်ပေးပါတယ်။ ကျနော်ကတော့ တယောက်ထဲပဲနေရပါတယ်။ အဆင် ပြေပါတယ်။ အခန်းတွေဘာတွေ၊ လိုအပ်တဲ့ဟာကို ဆောင်ရွက်ပေး ပါတယ်”


အပြင်က သတင်းတွေ ဘာတွေရော ဘယ်လို သိရပါလဲ။

“ကျနော်တို့ကတော့ မိသားစုဝင်တွေ လာတဲ့အခါလည်း နည်းနည်းသိရတာပေါ့ဗျာ။ နောက် ဂျာနယ်တွေ ဘာတွေ ဖတ်နေ ရတဲ့ အခါ ကျတော့ သိရတာပေါ့”


အခုအပြင်ရောက်လာပြီ။ နှမဖြစ်သူနဲ့လည်း ဆုံပြီဆိုတော့ လက်ရှိ အစိုးရရဲ့ လုပ်ဆောင်မှုတွေရော ဘယ်လောက်ထိ သိထားပြီလဲ။ ဘယ်လိုများ ယူဆပါလဲ။

“အဲဒါကတော့ဗျာ ကျနော်တို့က သိပ်ပြီးတော့ ထဲထဲဝင်ဝင် မသိရသေးဘူး။ ကျနော်တို့က ဂျာနယ်ပေါ်က၊ သတင်းစာပေါ်ကဟာတွေပဲ ဖတ်ရတဲ့အခါကျတော့ ဒီဥစ္စာကို ပြောရဆိုရ ခက်ပါတယ်။ သုံးသပ်ရမှာလေစောလိမ့်မယ်လို့ ထင်ပါတယ်”


အစိုးရက နိုင်ငံရေးအကျဉ်းသားလို့တော့ မသုံးနှုန်းဘူးပေါ့။ ထောင်ထဲမှာရော နိုင်ငံရေး အကျဉ်းသားဆိုတဲ့ သဘောမျိုး ဆက်ဆံတာ ရှိလား။

“ရှိပါတယ်။ ကျနော်တို့ကို သီးသန့်အနေနဲ့ ခွဲခြားဆက်ဆံတာ ရှိတယ်။ ကျွေးတာမွေးတာကအစ ဆေးဝါး ကုသတာ အစ၊ သွားခွင့်လာခွင့် နေခွင့်ထိုင်ခွင့်ကအစပေါ့နော် သီးခြားဆက်ဆံပါတယ်။ ဒါကတော့တော်တော် ကွဲပြားပါတယ်”


ထောင်ထဲမှာ ထောင်ကျအချင်းချင်းရော နိုင်ငံရေးအကျဉ်းသား ဆိုတာ ဘယ်လိုသိနိုင်မလဲ။

“အခြားအကျဉ်းသားတွေနဲ့ ကျနော်တို့ မြင်တာနဲ့ သိသာပါတယ်။ ပုံစံတွေက တော်တော် ကွဲတာကိုးဗျ။ နေမှုထိုင်မှုရော ယဉ်ကျေးမှုရော အကုန်ကွဲတာကိုး။ လူပုံကြည့်တာနဲ့ တော်တော် သိသာပါတယ်။ နောက်ပြီးတော့ စစ်တွေထောင်ဆိုတော့ ရခိုင်လူမျိုးနဲ့ ကုလားလူမျိုး များတဲ့အခါကျတော့ ကျနော်တို့ ပုံတွေက အများကြီး သိသာပါတယ်”


ဘာများဆက်လုပ်ဖို့ စဉ်းစားထားပါလဲ။

“အဲဒါကတော့ ကျနော်တို့ ၈၈ တွေအကုန်လုံး တွေ့ကြပေါင်းကြ စကားပြောကြပြီးမှ စီစဉ်ရလိမ့်မယ် ထင်တယ်။ အခုနေကတော့ ဘယ်သူနဲ့မှ မတွေ့ရသေးဘူးလေ။ ကျနော်တို့ နဂိုကတည်းက ပုံစံကလည်း စုပေါင်းလုပ် စုပေါင်းသွားတဲ့ ကိစ္စပဲဟာ”


ရန်ကုန်ပြန်ဖို့ ဘယ်လို စီစဉ်ထားပါလဲ။ ဘယ်တော့ ပြန်မလဲ။

“ပြန်ဖို့ကတော့ ဒီက အာဏာပိုင်တွေက စီစဉ်ပေးပါတယ်။ မနက်ဖြန်ပြန်ဖြစ်ပါမယ်။ လေယာဉ်ပျံနဲ့ စီစဉ်ပေးနေ ပါတယ်။”


၈၈ မျိုးဆက်အဖွဲ့ကို တရားဝင် မှတ်ပုံတင်ရင်ကောင်းမလားလို့ စဉ်းစားချက်တွေ ရှိနေတဲ့အပေါ်မှာ ဘာပြောချင်ပါလဲ။

“အဲဒါကလည်း ကျနော်တို့တွေ အားလုံးဆုံမှလေ စုပေါင်းလုပ် စုပေါင်း ဝိုင်းစဉ်းစားတာက ၈၈ မူလေ။ အဲဒီကျမှ ပြောပြနိုင်ပါမယ်”

အရင်က ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရွေးကောက်ပွဲ ဝင်တော့မယ်။ အကိုတို့အနေနဲ့ ဘယ်လိုမြင်လဲ။ တွဲလုပ်မလား။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က အစထဲက ဝိုင်းရံပြီးတော့၊ သူ့ကို ဗဟိုပြုပြီးတော့ ဝိုင်းရံလာတာပဲလေ။ ဒါကတော့ ဆက်ရှိ နေမှာပဲ။ နောက် ဒေါ်အောင်ဆန်း စုကြည်ကလည်း သူက သူရဲ့ လိုအပ်ချက်အရ လိုအပ်လို့ အလုပ်လုပ်တယ်လို့ ကျနော်တို့ ယုံကြည် တယ်လေ။ သူဟာ အမျိုးသားခေါင်းဆောင်လို့ ကျနော်တို့ သတ်မှတ်ထားတဲ့အတွက် သူ့ရဲ့ လုပ်ရပ်တိုင်းကိုတော့ ကျနော်တို့ ဘာပဲဖြစ်ဖြစ် ကြိုဆိုတယ်ပေါ့ဗျာ”


အကိုတို့ လုပ်ကိုင်တာနဲ့ ပုဒ်မချတာနဲ့ အပေါ် ဘယ်လိုမြင်လဲ။ ဘာပြောချင်လဲ။

“ကျနော်တို့ နဂိုထဲက တရားရုံးကို စထွက်ကတည်းက တရားရေး မဏ္ဍိုင်ဟာ ဘာလဲဆိုပြီးတော့ ထွက်ပြီးတော့ စမ်းသပ်ပြီးတော့ ရင်ဆိုင်တာဗျ။ တရားရေးမဏ္ဍိုင်က မဟုတ်ဘူး ဆိုတဲ့အခါကျတော့ ဒီတရားရုံးကို နောက်ဆုံး ကျနော်တို့ ကျောခိုင်းခဲ့တယ်လေ။ အဲဒါက ၈၈ ရဲ့ လုပ်ရပ်ပါ”


အမျိုးသားရင်ကြားစေ့ရေးကိစ္စမှာ ဘာတွေ လုပ်ဖို့လိုအပ်သေးတယ်ယူဆလဲ။

“အရင်ဆုံးကတော့ ကျနော်တို့နဲ့ စကားတွေပြောရဦးမယ်ဗျာ။ ငြိမ်းချမ်းရေးကိစ္စတွေ လုပ်ရဦးမယ် ဗျာ။ ဒါတွေက ပီပီပြင်ပြင်ကို ဖြစ်လာတဲ့အခါကျမှ ပြောတာပိုကောင်းမယ်ထင်တယ်”


ကချင်ဘက်က တိုက်ပွဲ သတင်းတွေရော ကြားရသေးလား။

“ကြားပါတယ်ခင်ဗျာ။ သမ္မတကြီး အမိန့်ရှိပြီးနောက်မှ တိုက်ပွဲပေါင်း ၁ဝဝ ကျော်ဖြစ်နေတာလည်း ကျနော်တို့ ကြားပါတယ်။ ဒါကတော့ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာ ဒါ ပြသတာပဲဗျ။ ကျနော်တော့ ဒီလိုပဲ ယူဆတယ်လေ”

တခြားဘာများပြောချင်တာ ရှိပါသေးလဲ။

“အခုလို ကျနော်တို့ လွတ်မြောက်လာဖို့အတွက် အဘက်ဘက်က ဝိုင်းဝန်းကြိုးပမ်းကြတဲ့ နိုင်ငံသူ နိုင်ငံသား အားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျနော် ဒီနေရာကနေ ကျေးဇူးတင်ပါတယ်လို့ ဒါပဲ ပြောချင်ပါတယ် ခင်ဗျ”

No comments: