ပီတာအောင်
ကချင်တိုင်းရင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာတူးဂျာဟာ ကြားဖြတ်ရွေး ကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ပြောပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပ မယ်လို့ အစိုးရ ကကြေညာ ထားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် မိုးကောင်း မြို့နယ်ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်မှာ တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း တဦးအဖြစ် ဝင်ရောက် အရွေး ခံမယ်လို့ ဒေါက်တာ တူးဂျာက ဒီဗွီဘီကို ပြောပါ တယ်။
“အများပြည်သူ အကျိုးအတွက် နည်းနည်းပဲ ဖြစ်ဖြစ် တထောင့်တနေရာ ကနေပဲ ဖြစ်ဖြစ် ပါဝင်လှုပ်ရှားချင်တဲ့ ဆန္ဒ ရှိတဲ့အတွက်ကြောင့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး တကယ်လို့ လွှတ်တော်ကို ရောက်သွားရင်လည်း အများပြည်သူ အကျိုးကို လွှတ်တော်မှာ ရောက်ရှိနေတဲ့ အခြား အမတ်များနဲ့ လက်တွဲ ယှဉ်တွဲပြီးတော့ တတ်နိုင်သရွေ့ ဆောင်ရွက်သွားဖို့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”
ဒေါက်တာတူးဂျာဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကချင်ပြည်နယ် တိုးတက်ရေးပါတီ ကေအက်စ်ပီပီ ပါတီကို ထူထောင်ပြီး ဝင်ပြိုင်ဖို့ ကြိုးစားခဲ့ဖူးပေမယ့် ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်ကေက နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့လက်မခံတာကို အကြောင်းပြုပြီး ရွေးကောက်ပွဲ ကော်မရှင်ကနေ သူ့ပါတီကို မှတ်ပုံတင်ခွင့် မပေးခဲ့ပါဘူး။
အခုတခေါက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ သူ့ကို အစိုးရက ရွေးကောက်ပွဲဝင်ခွင့် ပေးလိမ့်မယ်လို့ ဒေါက်တာတူးဂျာက မျှော်လင်နေပါတယ်။
ဒေါက်တာတူးဂျာဟာ သွားဘက်ဆိုင်ရာ ဆရာဝန်တဦးဖြစ်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)မှာ ၁၉၇၅ ခုနှစ်ကနေ ၂ဝဝ၉ နှစ်ကုန်ပိုင်း လောက်အထိ ထိပ်တန်းခေါင်းဆောင်တဦး အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲဖို့ ကျင်းပတဲ့ အမျိုးသားညီလာခံမှာလည်း ရှေ့တန်းက ပါဝင် တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။
No comments:
Post a Comment