Monday, January 20, 2014

လူငယ်များ နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေချင်ဟု ဒေါ်စုတိုက်တွန်း

ဥာဏ်လှိုင်လင်း

ဇန်နဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ လေ့လာရေး ရောက်ရှိ လာသည့် မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ်များကို နေရာယူရေးထက် တာဝန်ယူရေးကိုသာ ပြောစေ ချင်သည်ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်နားချိန်တွင် တိုက်တွန်းပြောကြားလိုက်သည်။

“တာဝန်ယူတတ်မှ တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်တဲ့ လူငယ်တွေမှ တစ်ချိန်တစ်ခါမှာ တစ်ကယ့်နိုင်ငံရဲ့ တာဝန်ကို ထမ်းလို့ရအောင်လို့ လမ်းပွင့်လာမှာ”ဟု ၎င်းက တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။ မကြာမီ NLD လူငယ် ညီလာခံ ကျင်းပရန်ရှိပြီး ယင်းသည် လူငယ်များ၏ အရည်အချင်းကို အကဲဖြတ်ရုံသာဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောဆိုခဲ့သည်။

“လူငယ်တွေမှာ ဘယ်လောက်အရည်အချင်းရှိလဲဆိုတာ စမ်းသပ်ဖို့၊ ရှိတဲ့ လူတွေပိုပြီးရှိအောင် မရှိတဲ့လူတွေကို လည်းရှိလာအောင် ကူညီနိုင်ဖို့ပဲဖြစ်တယ်”ဟု ၎င်းကဆိုသည်။ NLD လူငယ်ညီလာခံကို မူလက ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပရန် စီစဉ်ခဲ့သော်လည်း လူငယ်အဖွဲ့ဝင် အင်အားစာရင်း ကောက်ယူရာတွင် အခက်အခဲများရှိခဲ့သဖြင့် နှောင့်နှေးခဲ့ရခြင်းဖြစ်သည်။

ထို့ကြောင့် လာမည့် မတ်လအတွင်း ကျင်းပနိုင်ရန် စီစဉ်နေပြီး လက်ရှိတွင် တစ်မြို့နယ်လျှင် အင်အား ၅၀ခန့် စည်းရုံးရရှိရေးဆောင်ရွက်နေသည်ဟု ဗဟိုလူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဦးမောင်ဦးက မဇ္ဈိမ ကိုပြောထားသည်။ ထို့ပြင် လာမည့် ဖေဖော်ဝါရီ ၁၂ရက်တွင် ကျရောက်မည့် ပြည်ထောင်စုနေ့၌ ရှမ်းအိုးစည်၊ ရှမ်းရိုးရာ အကပြိုင်ပွဲနှင့် ဖေဖော်ဝါရီ ၁၃ရက် ကလေးများနေ့တွင် စာစီစာကုံးပြိုင်ပွဲများကို ခရိုင်နှင့် မြို့နယ် အသီးသီးတွင် ကျင်းပနိုင်ရေး NLD လူငယ်ကော်မရှင် များ တာဝန်ယူဆောင်ရွက်ရန် ရှိသည်။

No comments: