Sunday, January 26, 2014

တောင်ကြီး မီးပုံးပျံကွင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် မရသေး

တင်ဇာအောင်၊ ဂျွန်ချစ်ငြိမ်း

ဇန်နဝါရီ ၂၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က တောင်ကြီး မြို့ခံများနှင့် လူထုတွေ့ဆုံပွဲပြုလုပ်ရန် စီစဉ်ထားသည့်စစ်တပ်ပိုင် အဝေရာ မီးပုံးပျံကွင်းမှာ ဇန်နဝါရီ ၂၅ ရက် ညနေ ခြောက်နာရီခန့် အထိ ဟောပြောရန် ကွင်း မရသေးဟု တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးတင်မောင်တိုးက ပြောသည်။

ဟောပြောခွင့်ရရန် ဇန်နဝါရီ ၂၃ က စတင် ကြိုးပမ်းခဲ့သော်လည်း ဇန်နဝါရီ ၂၅ ရက်အထိ ဟောပြောမည့်ကွင်း မရသေးဟု ပြည်နယ်အုပ်ချုပ်ရေးမှုးက အကြောင်းပြန်သည်ဟု ဦးတင်မောင်တိုးက ဆိုသည်။

၎င်းက “ မူလအတိုင်းပါပဲ။ ကျွန်တော်တို့ ပြည်နယ် အစိုးရက အာဏာ မသက်ရောက်ပါဘူး။ တပ်ပိုင်မြေ ဖြစ်နေတဲ့ အတွက်ကြောင့်လို့ အကြောင်းပြန်ပါတယ်“ ဟု ဆိုသည်။

ယင်းသို့ ကွင်းမရရှိသည့် အတွက် ကွင်းအနီး ခြံဝင်း တစ်ခု အတွင်းတွင် စင်ဆောက်၍ ယင်းစင်ပေါ်မှ တဆင့် ဒေါ်အောင်ဆန်းစုကြည်က ဟောပြောမည်ဖြစ်သည်ဟုလည်း ဦးတင်မောင်တိုးက ဆိုသည်။ ယင်းသို့ စီစဉ်ထားခြင်းမှာ လာရောက်သည့် ပြည်သူများ အနေဖြင့် မီးပုံးပျံကွင်း အတွင်း လာရောက်နားထောင်နိုင်မည့် အနေအထားဖြစ်သည်။

အဆိုပါကွင်းတွင် ဟောပြောခွင့် မရခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည် လူထု တွေ့ဆုံပွဲပြုလုပ်သည့် မိုးနဲမြို့တွင် မေးမြန်းခဲ့ရာ ၎င်းက အခြား ပါတီများကိုလည်း အသုံးပြုခွင့် မပေးပါက မိမိ အနေနှင့် မည်သို့မျှ သဘောမထားဟုလည်း ပြောဆိုလိုက်သည်။

“အခြား အဖွဲ့အစည်းတွေ ပါတီတွေ ပေးတယ်ဆိုရင် ကျွန်မတို့ကို ဘာအတွက် မပေးဘူးဆိုတာ မေးမြန်းရ ပါလိမ့်မယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်က လူထု တွေ့ဆုံပွဲတွင် ပြောလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွင် စစ်တပ်ပိုင် နမ့်ဆမ် လေယာဉ်ကွင်းတွင်လည်း အခြား လေယာဉ်များ ဆင်းသက်ခွင့် မရှိ၍ ဆင်းသက်ခွင့် မရခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည် ခရီးစဉ်တွင် ဇန်နဝါရီ ၂၅ ရက်က နမ့်ဆမ်၊ မိုးနဲ၊ လင်းခေးမြို့များတွင် အခြေခံဥပဒေ ဆိုင်ရာ လူထု တွေ့ဆုံပွဲများ ပြုလုပ်ခဲ့သည်။

No comments: