Tuesday, January 21, 2014

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့်အကြို အထိမ်းအမှတ်ပွဲများ ပခုက္ကူမြို့တွင်ကျင်းပမည်

မိုးသူ

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ရာပြည့် အကြိုအထိမ်းအမှတ်အဖြစ် သမိုင်းဖြစ်စဉ် ဓာတ်ပုံများ၊ ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ယင်းပြပွဲသည် ပခုက္ကူမြို့နယ်သတင်း စာဆရာများအသင်းနှင့် စာပေမြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်းကျင်းပသည့်ပွဲဖြစ်ပြီး အမှတ်(၃)ရပ်ကွက်၊ အောင်မြေရတနာ ကျောင်းတိုက်၊ ပခုက္ကူမြို့နယ်၌ ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူဖြစ်သည့် ဦးနေဦး မောင်က မဇ္ဈိမသို့ ပြောသည်။

“အခုလိုမျိုး ဘာဖြစ်လို့ပြသတာလဲဆို တော့ အခုခေတ်ကလေးတော်တော်များ များက ဖေဖော်ဝါရီ ၁၃ ကို ဗိုလ်ချုပ်မွေးနေ့ဆို တာ သိပ်မသိကြတော့ဘူး။ ၂၀၁၅ ရာပြည့် ပွဲကိုလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းပွဲကျင်းပရခြင်းသည် ၂၀၁၅ တွင် ဗိုလ်ချုပ်၏ ရာပြည့်အကြို မွေးနေ့ပွဲအမီအဖြစ် (၉၉)နှစ်မြောက် အထိမ်းအမှတ် ပြုလုပ် ကျင်းပခြင်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ၏မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ တွင် ပြုလုပ်မကျင်းပခြင်းသည် ကျောင်းဖွင့်ရက်များ ဖြစ်နေခြင်းကြောင့် အများပြည်သူ လာရောက် ကြည့်ရှုနိုင်မည့် ဖေဖော်ဝါရီ ၂၂၊ ၂၃ ရက် (စနေ၊ တနင်္ဂနွေ)နေ့များတွင် ပြုလုပ်ကြခြင်း ဖြစ်သည်။

အဆိုပါပွဲကျင်းပရခြင်းသည် ပခုက္ကူမြို့တွင်ရှိသည့် လူငယ်လူရွယ်များသည် ဗိုလ်ချုပ်ကို အလေးနက်ထား မှုမရှိလာခြင်းကြောင့် ဗိုလ်ချုပ်ကျေးဇူးကို အစဉ်အောက်မေ့စေရန်အတွက် ရည်ရွယ်ကျင်းပ ပြုလုပ်ခြင်း ဖြစ်သည်။

(၉၉)နှစ်မြောက် ဗိုလ်ချုပ်ရာပြည့်အကြိုပွဲတွင် ဗိုလ်ချုပ်၏ မိသားစုအကြောင်းအရာများ၊ သမိုင်းဝင်ဖြစ် စဉ်များ ပါဝင်သည့်စာအုပ်များကို ပြသမည်ဖြစ်သည်။ ယင်းအပြင် ဇာတိမာန်သီချင်းဆိုပြိုင်ပွဲ၊ တစ်နိုင်ငံ လုံး ဖိတ်ခေါ်ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပခုက္ကူမြို့နယ် မူလတန်းကလေးများ၏ ကဗျာရွတ်ဆို ပြိုင်ပွဲများကို ကျင်းပကြမည် ဖြစ်သည်။ ၎င်းပြိုင်ပွဲများတွင် အသက်နှင့် လူဦးရေ ကန့်သတ်,သတ်မှတ်ထားခြင်း မရှိ သော်လည်း ပခုက္ကူ မူလတန်းကလေး ကဗျာရွတ်ဆို ပြိုင်ပွဲအနေဖြင့် အသက်ငါးနှစ်ဝန်းကျင်ခန့်ရှိ ကလေး များသာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။

တစ်နိုင်ငံလုံး ဖိတ်ခေါ်ကဗျာရွတ်ဆို ပြိုင်ပွဲတွင် စာလုံးရေ ၅၀၀ မှ ၇၀၀ အတွင်းရှိ ကိုယ်ပိုင်ကဗျာများ ဖြစ် ရမည့်အပြင် ဗိုလ်ချုပ်ကိုဂုဏ်ပြုသည့်ကဗျာများသာ ၀င်ရောက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ယင်းကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကဗျာ ဆရာငါးဦးနှင့် သီချင်းဆိုပြိုင်ပွဲအတွက် သဘင်အစည်းအရုံးမှ ပုဂ်္ဂိုလ် ငါးဦးတို့ကို ပခုက္ကူမှဒိုင်များ အသုံးပြုကြမည် ဖြစ်သည်။

၎င်းပြိုင်ပွဲများ၏ ဆုများသည် ဇာတိမာန်သီချင်းဆိုပြိုင်ပွဲအတွက် ခုနစ်ဆု၊ ကဗျာရွတ်ဆို ပြိုင်ပွဲအတွက် ခုနစ်ဆုနှင့် မူလတန်း ကလေးငယ်များ၏ ကဗျာရွတ်ဆိုပြိုင်ပွဲအတွက် ခုနစ်ဆုကို ချီးမြှင့်မည်ဖြစ်သည်။

No comments: