Tuesday, January 7, 2014

ခွင့်ပြုချက်မဲ့ ဆက်သွယ်ရေးကွန်ရက် သုံးစွဲမှုများ ဖော်ထုတ်အရေးယူသွားမည်

စ ချိုကို

တရားဝင်လိုင်စင်၊ ခွင့်ပြုချက်များမရှိဘဲ ဆက်သွယ်ရေးကွန်ရက် အသုံးပြုသူများကို ဖော်ထုတ်အရေး ယူသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ၀န်ကြီးဌာန ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က မဇ္ဈိမကို ပြောသည်။

ပြည်တွင်း ဆက်သွယ်ရေး ကွန်ရက်များအတွက် တရားမ၀င်ဆက်သွယ်ရေးဝန်ဆောင်မှုများ လုပ်ကိုင် ခြင်းနှင့် ကန့်သတ်စက်ပစ္စည်းများဖြစ်သော စကားပြောစက် (Walkie-Talkie) များ ၊HF/VHF ရေဒီယို လွင့် ဖမ်းစက်များ အသုံးပြုခြင်းနှင့် Reapeater များ အသုံးပြုခြင်းများတွေ့ရှိနေသည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဇန်န၀ါရီ ၁ ရက်တွင် သတင်းထုတ်ပြန်ထားပြီး ယင်းသို့ သုံးစွဲနေခြင်းများကို အရေးယူသွားမည်ဟု ၎င်းကဆိုခြင်း ဖြစ်သည်။

ဦးသန်းထွန်းအောင်က “ဆက်သွယ်ရေးကွန်ရက်မှာ တရားမ၀င်သုံးနေတာတွေတွေ့နေရတယ်။ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ကွန်ရက်အပြင် အခြားဝန်ကြီးဌာနတွေရဲ့ ဆက်သွယ်ရေး ကွန်ယက်မှာလည်း ရေဒီယိုကြိမ်နှုန်း လာရောက်ထိခိုက်တာတွေ အဟန့်အတားဖြစ်နေတာတွေ ရှိနေတယ်။ အဲဒီ ၀န်ကြီး ဌာနတွေကလည်း လာရောက်တိုင်ကြားတာတွေရှိနေတယ်” ဟု ပြောသည်။

တရားမ၀င် ဆက်သွယ်ရေးကွန်ရက် ပစ္စည်းများ အသုံးပြုခြင်းကြောင့် အဆိုပါစက်ပစ္စည်းများမှ ထုတ် လွှင့်သော ရေဒီယိုလှိုင်းနှုန်းများသည် ၀န်ကြီးဌာနများ အသုံးပြုနေသော ဆက်သွယ်ရေးကွန်ရက်အသုံး ပြုနေသော ရေဒီယိုလှိုင်းနှုန်းများကို လာရောက် နှောင့်ယှက်မှုများ ဖြစ်ပေါ်နေသည်ကိုတွေ့ရှိရသည်ဟု လည်း ဦးသန်းထွန်းအောင်က ဆိုသည်။ ယင်းသို့ ရေဒီယိုလှိုင်းနှုန်းများကို နှောင့်ယှက်မှုများကြောင့် အင်တာနက်လိုင်း၊ ဖုန်းလိုင်းများ ထိခိုက်ခြင်း၊ လေကြောင်းလိုင်းများကို ထိခိုက်မများ ဖြစ်ပေါ်သည်ဟု လည်း ၎င်းက ပြောသည်။

ယင်းသို့ ကွန်ရက်ပစ္စည်းများ တရားမ၀င်အသုံးပြုမှုနှင့် ပတ်သတ်၍လည်း ဦးသန်းထွန်းအောင်က “ တရားမ၀င် လိုင်စင်မရှိဘဲ ဆက်သွယ်ရေးကွန်ယက်ပစ္စည်း အသုံးပြုနေသူတွေကို စုံစမ်းဖော်ထုတ် သွားမယ်။ ပြီးရင် ပထမအဆင့်အနေနဲ့ အသုံးပြုတဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး ဆက်သွယ်ရေး ဥပဒေ အရ အဆင့်ဆင့် အရေးယူမှုတွေ ပြုလုပ်သွားမယ်”ဟု မဇ္ဈိမ ကို ပြောသည်။

ယင်းသို့ ဆက်သွယ်ရေးကွန်ရက်ပစ္စည်းများ အသုံးပြုခြင်းနှင့် ပတ်သက်ပြီး Amara Communication မှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးကျော်နိုင်က “နိုင်ငံတကာမှာလည်း လိုင်စင်မလိုပဲသုံးလို့ရတဲ့ Frequency နဲ့ လိုင်စင်နဲ့သုံးရတဲ့ Frequency ဆိုပြီး နှစ်မျိုးရှိတယ်။ မြန်မာနိုင်ငံမှာက လက်ရှိဥပဒေအရ ဘယ် Frequency ကို ဖြစ်ဖြစ်လိုင်စင်နဲ့ပဲ သုံးခွင့်ပေးထားတယ်။ အဲဒီလို Frequency လိုင်းတချို့က လိုင်စင် မရှိဘဲသုံးနေရင် လိုင်စင်နဲ့လုပ်နေတဲ့သူတွေရဲ့လိုင်းမှာလာထိခိုက်တယ်။ နောက်ဆောက်လုပ်ရေးသမား တွေ၊ ရဲဌာနတွေမှာ သုံးနေတဲ့ Walkie-Tawkie လို စက်တွေကလည်း ဆက်သွယ်ရေးFrequencyလိုင်းကို နှောင့်ယှက်မှုတွေ ဖြစ်ပေါ်နိုင်တက်တယ်” ဟု သူ၏အမြင်ကို သုံးသပ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးဝန်ဆောင်မှု၊Broadcasting ရုပ်သံထုတ်လွင့်မှု၊ ရေဒီယို အသံထုတ်လွင့်မှု၊ ဆက်သွယ်ရေး ကွန်ရက်ပစ္စည်းအသုံးပြုမှုတို့ကို လုပ်ငန်းလိုင်စင်၊ စက်ပစ္စည်းအသုံးပြုခွင့် လိုင်စင်တို့ ဖြင့်သာ သုံးစွဲခွင့်ပြုထားခြင်းဖြစ်သည်။

No comments: