Tuesday, January 7, 2014

ဂျပန်က ငြိမ်းချမ်းရေးဆိုင်ရာ အကူအညီ ဒေါ်လာ သန်းတရာ ပေးမည်

မင်းဗညား


ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းနှင့် တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများတွင် လူနေမှုဘ၀ မြှင့်တင်နိုင်ရန် အတွက် လာမည့် ငါးနှစ် အတွင်း ဂျပန်နိုင်ငံက ဂျပန်ယန်း ၁၀ ဘီလီယံ (အမေရိကန်ဒေါ်လာ သန်းတရာ) ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။

ဂျပန် အစိုးရက ပဋိပက္ခဒဏ် ခံစားနေရသော တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသများရှိ ပြည်သူများနှင့် ရွှေ့ပြောင်း လုပ်သားများ အတွက် အဓိက ကူညီမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E. Mr. Mikio NUMATA က ဇန်န၀ါရီ ၆ ရက်က ရန်ကုန်မြို့ ချက်ထရီယံ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောဆိုခြင်း ဖြစ်သည်။

ယင်းဒေသရှိ ပြည်သူများ၏ ကျန်းမာရေး ကဏ္ဍနှင့် စားဝတ်နေရေး ကိစ္စရပ်များကို ဦးစွာ ဖြေရှင်း ကူညီ ပေးသွားမည် ဖြစ်ကြောင်း လည်း သံအမတ်ကြီးက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ် အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် ကူညီခြင်း ဖြစ်ပါတယ်။ အဓိကတော့ အဲ့ဒီ ဒေသတွေကို လူနေမှုဘ၀ ဖွံဖြိုးတိုးတက်မှု၊ လူ့စွမ်းအား အရင်းအမြစ်တွေ ပေါ်ထွက်လာဖို့နဲ့ စီးပွားရေး တိုးတက် ပြောင်းလဲစေဖို့ အတွက် နှစ်နိုင်ငံ အစိုးရချင်း တွေ့ဆုံတုန်းက ဆွေးနွေးခဲ့ပါတယ်။ ဒေသအားလုံးကို ကူညီဖို့တော့ မျှော်လင့်ထားပါတယ်။အဲ့ဒါကြောင့် အရင်တုန်းက ကူညီမှုတွေ ပေးခဲ့တာအပြင် ထပ်ဆောင်းပြီးတော့ အခုလို ကူညီခြင်း ဖြစ်ပါတယ်”ဟု သံအမတ်ကြီးက ပြောသည်။

လက်ရှိ အချိန်၌ မြန်မာနိုင်ငံ အတွင်း ပဋိပက္ခဒဏ် ခံစားနေရသော တိုင်းရင်းသား လူမျိုးစုများ နေထိုင်ရာ ဒေသအချို့သည် တည်ငြိမ်မှု မရှိသေးခြင်းကြောင့် ဂျပန်နိုင်ငံ အပါအ၀င် အခြား နိုင်ငံများက ပေးအပ်သော ODA အကူအညီများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၏ ထောက်ပံ့ ကူညီမှုများသည် ရောက်ရှိရန် ခက်ခဲလျက်ရှိနေသည်ကို တွေ့ရကြောင်း သံအမတ်ကြီးက ပြောသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များအား တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲနိုင်မည့် အခြေအနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဖြစ်ထွန်းမှု ရလာဒ် အပေါ် မူတည်ပြီး အပေါ် မူတည်ပြီး ပံပိုးကူညီမှုများ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လာမယ့် မတ်လ သို့မဟုတ် ဧပြီလ လောက်မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် လက်မှတ် ရေးထိုး လိမ့်မယ်လို့ ယုံကြည် ပါတယ်။ လက်ရှိအချိန်မှာ အကူအညီ ပေးအပ်ရေး အဖွဲ့တွေကို ဒီဘက်အဖွဲ့ကရော ဟိုဘက်အဖွဲ့ကရော ဘယ်သူမှ လုံခြုံမှု မပေးနိုင်ဘူး။ ကျွန်တော်တို့ သွားရောက် တွေ့ဆုံတဲ့ နေရာမှာ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး လိုလားတာကို တွေ့ခဲ့ပါတယ်။ ဂျပန် အစိုးရ အနေနဲ့ မြန်မာ အစိုးရရယ် တိုင်းရင်းသား လူမျိုးစုတွေ အကြား ဆောင်ရွက်လျက်ရှိတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း တွေကို တွန်းအားပေးရန် အလွန် အရေးကြီးတယ်လို့ ယူဆထားပါတယ်”ဟု ဂျပန် အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသား ပြန်လည် သင့်မြတ်ရေးဆိုင်ရာ အထူး ကိုယ်စားလှယ် H.E. Mr. Yohei SASAKAWA က ပြောသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က ဂျပန်နိုင်ငံ၌ ဂျပန် ၀န်ကြီးချုပ် Mr.Shinzo Abe နှင့် သမ္မတ ဦးသိန်းစိန်တို့ အကြား ပြုလုပ်ခဲ့ သည့် ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေးပွဲတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖွံ့ဖြိုး တိုးတက်ရန် အတွက် ရေတိုရေရှည် ဆောင်ရွက်ရန် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဦးနှစ်ဘက် သဘော တူညီမှုများကို ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုကဲ့သို့ ဂျပန်နိုင်ငံက ပေးအပ်ထောက်ပံ့သော အကူအညီကို မိထ္ထီလာ၊ ရခိုင် စသည့် လူမျိုးရေး ပဋိပက္ခ ဖြစ်ပွားခဲ့ရာ ဒေသများ ပါဝင်မှုမရှိဘဲ လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ ဒေသများသို့သာ အဓိကထားပြီး ကူညီပေးမည် ဖြစ်ကြောင်းလည်း ဂျပန် သံအမတ်ကြီးက ပြောဆိုသည်။

No comments: