Tuesday, January 21, 2014

ဖွဲ့စည်းပုံပြင်ရာတွင် တိုင်းရင်းသားညီလာခံမှ သဘောတူညီချက်များလည်း ထည့်သွင်းမည်

ဟိန်းကိုစိုး၊ ဟင်္သာနီ(မွန်မြေ)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၇) နယ်မြေအတွင်း လော်ခီလာ (ခေါ်) လေးဝါးစခန်းတွင် ပြုလုပ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် ချမှတ်သည့် ဘုံသဘောတူညီ ချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် ထည့်သွင်းသွားမည်ဟု KNU ဥက္ကဋ္ဌ ဗိုလ်မှူးကြီးမူ တူးဆေးဖိုးက ဇန်န၀ါရီ ၂၀ ရက်က ပြုလုပ်သည့် ညီလာခံတွင် ပြောကြားလိုက်သည်။

“အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှ နှစ်ဖက်တပ်များ ပဋိပက္ခမဖြစ်အောင် ဘယ်လိုထိန်းညှိမလဲ၊ လိုအပ်တဲ့ ယန္တရားတွေ ဘယ်လိုတည်ဆောက်ရမလဲ စတဲ့ ကိစ္စရပ်တွေအပြင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေအကြား စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဘုံသဘောတူညီချက်ကို ချမှတ်ဖို့အတွက် ဖြစ်တယ်။ ဒီအကြောင်းအရာတွေက ပြင်ဆင်ပြောင်းလဲရန် လိုအပ်နေသည့် အနာဂတ် ဖွဲ့စည်းတည် ဆောက်ပုံ အခြေခံဥပဒေတွင်းမှာ ထည့်သွင်းရမယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ထည့်သွင်းပြင်ဆင်မှုများလည်း ဖြစ်ပါတယ်”ဟု မူတူးဆေးဖိုးက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် တိုင်းရင်းသားအဖွဲ့အစည်းများ၏ သဘောထားအမှန်များကို ဖလှယ်ခြင်း၊ စိုးရိမ်မှုများကို အပြန်အလှန် ပြောဆိုခြင်း၊ နားထောင်ခြင်းဖြင့် တိုင်းရင်းသားအားလုံး၏ ဘုံအ ကျိုးစီးပွားကို လေးလေးနက်နက် ဖော်ထုတ်မည်ဟု မူတူးဆေးဖိုးက ဆိုသည်။

ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကာ KNU တပ်မဟာ(၇) နယ်မြေအတွင်း လော်ခီလာ (ခေါ်) လေးဝါးစခန်းတွင် ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံတွင် တက်ရောက် လာသည့် လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့၏ ဘုံသဘောတူညီချက်များ ချမှတ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မှုတွင် ထည့်သွင်းမည်ဖြစ်သည်။ ထို့အပြင် ပထမနေ့ ဆွေးနွေးပွဲ၌ တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့က လုပ်ဆောင်ချက်များကို သုံးသပ်ရန်ရှိသည်ဟု တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

“တိုင်းရင်းသားတွေဘက်က လျှော့နိုင်တာတွေကို လျှော့ပြီးတာတွေရှိတယ်။ ဒါပေမဲ့ အစိုးနဲ့ ထပ်ညှိရင် တိုင်းရင်းသားတွေဘက်က ထပ်လျှော့နိုင်မှုရှိမရှိကို ဒီအစည်းအဝေးပြီးရင် သိနိုင်မယ်။ နှစ်ဖက် အပစ်ရပ် စာချုပ်မှာက သဘောတူတာက များပါတယ်။ အသုံးနှုန်းတွေ မတူတာတွေလောက်ပဲ ရှိပါတယ်။ ဒီအ စည်းအဝေးပြီးရင်တော့ ဒီအတွက် တိုင်းရင်းသားတွေနဲ့ အစိုးရက ပြည်ထောင်စုနေ့နောက်ပိုင်းမှာ ဆွေး နွေးသွားဖို့ ရှိတယ်”ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ဇန်န၀ါရီ ၂၀ ရက်တွင် ကျင်းပသော ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံကို ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရှမ်း ပြည်တိုးတက်ရေးပါတီ(SSPP/SSA)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNDP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုး ပြု ကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA)၊ လားဟူဒီမိုကရက်တစ်ယူနီ ယံ(LDU)၊ “၀”အမျိုးသားအစည်းအရုံး(WNO)၊ မိုင်းလားအဖွဲ့(MNDAA)၊ ရခိုင်တပ်မတော်(AA)နှင့် ရခိုင် အမျိုးသားကောင်စီ(ANC) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

ပထမအကြိမ် ညီလာခံတွင် တက်ရောက်ခြင်းမရှိသည့် “၀”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)နှင့် မိုင်းလားအဖွဲ့(MNDAA)တို့တွင် ယခုညီလာခံ၌မူ မိုင်းလားအဖွဲ့သာ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကမူ လေ့လာသူအဖြစ်သာ တက် ရောက်ခဲ့သည်။

ဒုတိယအကြိမ် ညီလာခံအပြီးတွင် ကရင်ပြည်နယ် ဘားအံမြို့၌ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ တွေ့ဆုံရန် ရည်ရွယ်ထားသော်လည်း ဖေဖော်ဝါ ရီလသို့ ရွှေ့ဆိုင်းထားသည်။

No comments: