Tuesday, May 19, 2009

နအဖ သတင်းစာ ရေးသားချက် စာနယ်ဇင်း အသိုင်းအ၀ိုင်း ဒေါသထွက်


မင်းနိုင်သူ / ၁၉ မေ ၂၀၀၉

ဒေါ်အောင်ဆန်း စုကြည် အမှုနှင့်စပ်လျဉ်းသည့် သတင်းကို နအဖစစ်အစိုးရသတင်းစာများက ယနေ့ထည့်သွင်း ဖော်ပြရာတွင် ဒေါ် အောင် ဆန်းစုကြည်ကို တရားခံဟု သုံးနှုန်း ရေးသား ထားသည့် အတွက် ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်းက စိတ်ဆိုး ဒေါသထွက် နေကြ ကြောင်း သိရသည်။

ပြည်တွင်းအမျိုးသမီးသတင်းထောက်တဦးက “ဒေါသဖြစ်နေကြတယ်လေ။ သတင်းစာဝယ်ဖတ်ပြီး ပြောဆိုနေကြ တာပေါ့။ အမှုမစစ်ရသေးခင် တရားခံလို့ သုံးနှုန်းထားတာကို မကျေနပ်ကြဘူး။ စာနယ်ဇင်းကျင့်ဝတ်အရကလည်း ဒါမျိုးမရေးရဘူးဆိုတာ ကျမတို့လို သတင်းထောက်ငယ်တွေတောင် သိပါတယ်” ဟု ပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများ၏ နောက်ကျောဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်အမှုသတင်းကို ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တရားခံဟု ခေါ်ဝေါ်သုံးစွဲထားသည်။

ယင်းကဲ့သို့ သုံးစွဲရေးသားမှုနှင့်စပ်လျဉ်း၍ သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းက “တရားရုံးက ပြစ်ဒဏ်စီရင်ခြင်း မပြုသေးမီမှာ မည်သည့်လူတဦးတယောက်ကိုမျှ တရားခံလို့ သုံးစွဲရေးသားလို့မရပါဘူး။ တရားရုံးကို မထီမဲ့မြင်ပြုရာ လည်း ရောက်တယ်။ စာနယ်ဇင်းကျင့်ဝတ်နဲ့လည်း မညီပါဘူး။ ရေးရင် စွပ်စွဲသူ စွပ်စွဲခံရသူ ဒီလိုပဲရေးရမှာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စွပ်စွဲခံရသူလို့ပဲ သုံးနှုန်းရမှာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း အမေရိကန်နိုင်ငံသားတဦး ရေကူးဝင်ရောက်ခဲ့ကြောင်း သတင်းကို နအဖ စစ်အစိုးရ သတင်း စာ များက မေ (၇) ရက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

“အဲဒီရေကူးဝင်ရောက်တဲ့ သတင်းတုန်းကတော့ ဖော်ပြလို့ရတယ်။ တခြားဒီအမှုနဲ့ ပတ်သက်ပြီး သိထားရတာတွေ တော့ ရေးလို့မရဘူး။ စိစစ်ရေးက ပယ်တယ်။ အခုဒီနေ့ သူတို့သတင်းစာမှာ ရေးလာပြီဆိုတော့ ဒီသတင်းကို စိစစ်ရေး တင်ကြည့်ရမှာပဲ။ တင်လို့ လွတ်လည်း သတင်းစာမှာပါသလောက်ပဲ ပြန်ရေးလို့ရမှာပဲ။ ခက်တာက သတင်းစာကို ကိုးကားရေးနေကြရတော့ အခုသတင်း ပြန်ကိုးကားကြရင် ဘယ်ဂျာနယ်က စာနယ်ဇင်း ကျင့်ဝတ်ဖောက်မိကြဦးမလဲ မသိဘူး။ သတင်းစာမှာက ဒေါ်စုကိုတရားခံလို့ သုံးထားတော့ အဲဒီအတိုင်း ကိုးကားမိတဲ့ ဂျာနယ်တွေတော့ သွားမှာပဲ” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား အမှုစွဲဆိုချက်ကို ပြည်သူလူထုအား ကြားနာခွင့်မပြုသည့်အပြင် နအဖ စစ်အစိုးရ သ တင်း စာများက တရားစီရင်ရေးလမ်းကြောင်းကို ကြိုချပြနေသည့် အရေးအသားများကြောင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ပိုမိုစိုး ရိမ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

No comments: