Wednesday, May 20, 2009

ဒေါ်စု ရုံးတင်သည့်အပေါ် လုံခြုံရေးကောင်စီမှ ကြေညာချက် ထုတ်ရန် စဉ်းစားနေ

ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:25 - မြန်မာစံတော်ချိန်

အဖွဲ့ဝင် နိုင်ငံ များက စကား အသုံး အနှုန်းနှင့် အတိုင်း အတာ ပမာဏအပေါ် သဘော တူညီချက် ရမည် ဆိုလျှင် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပေါ် ရုံးတင် တရားစွဲ ဆိုနေမှုကို ကုလ လုံခြုံရေး ကောင်စီက နယူးယောက် စံတော်ချိန် ဗုဒ္ဓဟူး နေ့တွင် ကြေညာ ချက်တရပ် ထုတ်ပြန်နိုင် လိမ့်မည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော လုံခြုံရေး ကောင်စီ၏ မြန်မာနိုင်ငံအခြေအနေ နောက်ဆုံးသတင်း အမှတ် ၃ အရ၊ “ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ရုံးတင်တရားစွဲဆိုနေမှုနှင့် ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိသော ကြေညာချက်တရပ်ကို လောလောဆယ် ညှိနှိုင်းဆွေးနွေးနေသည်” ဟု ဖော်ပြထားသည်။

ကြေညာချက် ထုတ်ပြန်ရန် လိုအပ်သည်ဟု အဖွဲ့ဝင်နိုင်ငံအများစုက သဘောတူကြသော်လည်း ဤကြေညာချက်ကို မည်သည့်ပုံစံဖြင့် ထုတ်သင့်သည်ဆိုသည့် ကိစ္စအပေါ် ဝိဝါဒကွဲပြားနေပုံရသည်။

အထူးသဖြင့် ကောင်စီအနေဖြင့် သာမန် သတင်းထုတ်ပြန်ချက်အရ ထုတ်ပြန်မည်လော၊ ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်အဖြစ် ထုတ်ပြန်မည်လော ဆိုသည့် ကိစ္စအပေါ် စဉ်းစားနေကြခြင်းဖြစ်သည်။

ဥက္ကဋ္ဌ၏ ကြေညာချက်မှာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နှင့် ဆင်တူရိုးမှား အာဏာရှိပြီး ကောင်စီ၏ တွေ့ရှိချက်များအတိုင်း လိုက်နာလုပ်ဆောင်ရန် တာဝန်ရှိသော်လည်း၊ သတင်းထုတ်ပြန်ချက်မှာမူ အကြောင်းကိစ္စတခုနှင့် ပတ်သက်၍ ကောင်စီ၏ အမြင်သဘောထားကို ထုတ်ဖော်အသိပေးရန် ရည်ရွယ်သည့် သဘောလောက်သာ ရှိသည်။

တရုတ်၊ ရုရှနှင့် ဂျပန်နိုင်ငံတို့က စဉ်းစဉ်းစားစား သတိနှင့်ချဉ်းကပ်သင့်ကြောင်း ထုတ်ဖော်ပြောဆိုထားကြပြီး၊ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် ပြင်သစ် အပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကမူ ဒေါ်အောင်စုကြည်ကို ရုံးတင်တရားစွဲဆိုသည့်ကိစ္စအပေါ် တဖက်သတ် ပြစ်တင်ရှုတ်ချထားကြသည်။

မေလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးနေရာကို ရုရှက ရယူထားသည်။

No comments: