Thursday, May 14, 2009
လက်ဝါးကြီးအုပ် ခေါင်းပုံဖြတ်မှုကြောင့် ငါးရှဥ့်မှောင်ခိုဖြစ်
NEJ / ၁၄ မေ ၂၀၀၉
မူဆယ် အခြေစိုက် နအဖ စစ်ခေါင်းဆောင် တို့၏ သားသမီး များပိုင် အမျိုးသား ကြီးပွား တိုးတက်ရေး ကုမ္ပဏီ လီမိတက် က ခေါင်းပုံ ဖြတ် အမြတ်ထုတ် နေသောကြောင့် တရုတ် နိုင်ငံသို့ ငါးရှဥ့် တင်ပို့သည့် လုပ်ငန်းမှာ မှောင်ခို ဖြစ်နေ သည်ဟု သိရသည်။
ငါးရှဥ့်တင်ပို့နေသူ ကုန်သည်ကြီးတဦးက “ကျနော်တို့ ငါးရှဥ့်တွေ မူဆယ်ကို ရောက်တာနဲ့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကို အပ်လိုက်ရတယ်။ နောက် တရုတ်ကုန်သည်တွေ ရောက်လာရင် ဟန်ပြလေလံဆိုတာ လုပ်ပြရတယ်။ ပြီးတာနဲ့ ဟန်ပြလေလံဈေးနှုန်း ပေါက်ဈေးအတိုင်း အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ဝန်ဆောင်ခ (၄) ရာခိုင်နှုန်းနဲ့ အခြားစရိတ်တွေ ပေးလိုက်ရတယ်။ အဲဒီငွေ ပမာဏဟာ များလွန်းတော့ နောက်ပိုင်း ငါးရှဥ့်ကုန်သည်တွေ မူဆယ်ရေထွက်ကုန် တင်ပို့ရေးစခန်းကို ဘယ်သူမှ မသွားတော့ဘဲ ခိုးလမ်းတွေကနေ တရုတ်ပြည်ကို မှောင်ခိုတင်ပို့တာမျိုးပဲ လုပ်တော့တယ်” ဟု ပြောသည်။
နအဖစစ်အစိုးရသည် ပြီးခဲ့သည့် (၃) နှစ်မှစပြီး တရုတ်ပြည်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းအများစုကို ပုံမှန်ကုန်သွယ်ရေးသို့ ပြောင်းလဲခဲ့ရာ ငါးရှဥ့်၊ ကဏန်း စသည့် ရေထွက်ကုန် ပစ္စည်းတင်ပို့ရေးလုပ်ငန်းများလည်း ပါဝင်ခဲ့သည်။
ထိုသို့ ကုန်သွယ်ရေးစနစ်ပြောင်းလဲလိုက်ပြီးသည့်နောက် ရန်ကုန်မှ လုပ်ငန်းရှင်များ နယ်စပ်သို့ ရောက်လာပြီး မြန်မာကုန်သည်၊ အစိုးရနှင့် တရုတ်ကုန်သည်များအကြား ကြားပွဲစားအဖြစ် လုပ်ကိုင်ကာ ခေါင်းပုံဖြတ်မှုများ စတင်လုပ်ဆောင်လာကြကြောင်း နယ်စပ်မှကုန်သည်များက ပြောသည်။
ပုံမှန်ကုန်သွယ်ရေးအဖြစ် ပြောင်းလဲလိုက်သည့်အတွက် နဂိုမူလက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူ များသည် နိုင်ငံခြားငွေဘဏ်စာရင်းမရှိခြင်း၊ နေပြည်တော်တွင် ပါမစ်ရယူရေးကိစ္စ မကျွမ်းကျင်ခြင်း စသည်တို့ကြောင့် ရန်ကုန်မှ လုပ်ငန်းရှင်များ နယ်စပ်သို့ရောက်လာကြသည်ဟု ကုန်သည်များက ပြောသည်။
အဆိုပါလုပ်ငန်းရှင်များသည် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် ပါမစ်ကိစ္စ ကျွမ်းကျင်သူများဖြစ်ပြီး မြန်မာကုန်သည်၊ အစိုးရနှင့် တရုတ်ကုန်သည်များအကြား ကြားပွဲစားအဖြစ် လုပ်ကိုင်ကာ အမြတ်ထုတ်လာကြခြင်း ဖြစ်သည်ဟုလည်း မူဆယ်မှ ကုန်သည်တဦးက ပြောသည်။
“အဲဒီကုမ္ပဏီတွေထဲမှာ နအဖ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမီးအပါအဝင် ထိပ်ပိုင်းအာဏာပိုင် သားသမီးတွေရဲ့ အစုရှယ်ယာတွေနဲ့ ထူထောင်ထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ အကြီးဆုံးပဲ။ သူတို့က နယ်စပ်ကို ငါးရှဥ့်၊ ကဏန်းတွေ တင်လာတဲ့ ကုန်သည်တွေနဲ့ တရုတ်ကုန်သည်တွေ အရောင်းအဝယ်လုပ်တဲ့အခါ နအဖကုန်သွယ်ရေး ပေါ်လစီနဲ့ ကိုက်ညီအောင် ကြားကနေ တရားဝင် နာမည်ခံပေးတဲ့ အလုပ်ကို လုပ်တာ” ဟု ၎င်းက ရှင်းပြသည်။
တကယ် ငါးရှဥ့်သယ်လာသူ ကုန်သည်များက စာရင်းမပေါက်ဘဲ တရားဝင် အရောင်းအဝယ် မှတ်တမ်းတွင် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသာ စာရင်းပေါက်ကြောင်း၊ ထို့အတွက် ငါးရှဥ့်ရောင်းရငွေအဖြစ် နာမည်တပ်ထားသည့် နိုင်ငံခြားငွေကိုလည်း ဝင်ငွေအဖြစ် ရရှိပြီး သွင်းကုန်တင်သွင်းသူများကိုလည်း လက်လွှဲရောင်းချနိုင်ကြောင်း သိရသည်။
ထို့အပြင် မြန်မာကုန်သည်များထံမှ အရောင်းအဝယ် ပမာဏ၏ (၄) ရာခိုင်နှုန်းနှင့် အခြားဝန်ဆောင်ခကိုလည်း ရရှိသည့်အတွက် အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် ၂ဝဝ၇ ခုနှစ် တနှစ်တည်းမှာပင် ဝန်ဆောင်ခ အမေရိကန် ဒေါ်လာ (၁.၂) သန်း ရရှိခဲ့ကြောင်း အဆိုပါမူဆယ်မှ ကုန်သည်က ဆက်လက်ပြောသည်။
ပြီးခဲ့တဲ့ မေ (၅) ရက်တွင် ရန်ကုန် ဘုရင့်နောင် ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် အစည်းအဝေးတွင်မူ ငါးရှဥ့်တင်ပို့သူများ အသင်းဥက္ကဋ္ဌ ဦးဘသော်က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ကောက်ခံနေသည့် ဝန်ဆောင်ခကိစ္စ ညှိနှိုင်းပေးရန် အာဏာပိုင်များကို တင်ပြမည်ဟု ပြောကြားခဲ့သည်။
သင်္ဘောဆိပ်၊ ကားဆိပ်၊ လေဆိပ်နှင့် နယ်စပ်များတွင် ငါးရှဥ့်မှောင်ခိုတင်ပို့သူများကို တိတိကျကျ အရေးယူပေးရန် အာဏာပိုင်များထံ တင်ပြထားကြောင်းလည်း အစည်းဝေးတွင် ရှင်းလင်းခဲ့သည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment