Monday, May 11, 2009

ငါးလုပ်ငန်းက ချပေးသည့်ချောင်းလေလံကြောင့်ချောင်းနားကရွာများ ချောင်းငါးမစားနိုင်


NEJ / ၁၁ မေ ၂၀၀၉

ဒေးဒရဲမြို့နယ် အတွင်းရှိ ချောင်းများကို မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန လက်အောက်ခံ ငါးလုပ်ငန်း ဦးစီးဌာန က လေလံပေး နေသည့် အတွက် ဒေသခံ များသည် ရှာဖွေစား သောက်ရန် အခက်အခဲဖြစ်နေ ကြသည်။

အစိုးရက လေလံပေးထားသည့်အတွက် လေလံအောင်သူက ဒေသတွင်းရှိချောင်းများတွင် ငါးရှာခွင့်တနှစ်စာ အပိုင်ရထားခြင်းဖြစ်ပြီး အခြားလူများက ကွန်ပစ်ခြင်း၊ ကဏန်းထောင်ခြင်း၊ ပိုက်တန်းခြင်း တို့ပြုလုပ်ပါက လေလံအောင်သူနှင့် ကျေးရွာဥက္ကဋ္ဌတို့ ပူးပေါင်းကာ လျော်ကြေးတောင်းခြင်း၊ ဖမ်းဆီးခြင်းထိ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

“ဥက္ကဋ္ဌကလည်း လေလံရထားသူဘက်ကဆိုတော့ ဒီလိုကွန်ပစ် ငါးဖမ်းလုပ်မိသူတွေက နစ်နာတာချည်းပဲ။ ထောင်မကျရင်တော့ လျော်ကြေးပေးရတယ်။ ကျနော်ဆို လျော်ကြေး ကျပ် (၈) သောင်းလောက် ပေးလိုက်ရ ဖူးတယ်” ဟု ဒေးဒရဲအပိုင် မငေးကြီးရွာမှ ရေလုပ်သားတဦးက ပြောသည်။

ငါးရှာသူများက တနှစ်စာ ငါးရှာခွင့်ရရှိရန် အခကြေးငွေအဖြစ် လေလံအောင်ထားသူများအား (၂) သိန်းနှင့်အထက် ပေးထားရကြောင်း သိရသည်။

“လုပ်စားရတာ မလွယ်ဘူး။ ကိုယ့်ရွာမှာနေပြီး ကိုယ့်ချောင်းမှာ ငါးရှာစားလို့ မရဆိုတာ ဘယ်လောက်ထိကြီးတဲ့ ဒုက္ခလဲ စဉ်းစားကြည့်ပါ” ဟု ဒေးဒရဲမြို့နယ်အတွင်း သောကြာချောင်းရိုးဘေးတွင် နေထိုင်သူတဦးက ပြောသည်။

ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် သောကြာကျေးရွာအုပ်စုရှိ သောကြာအင်းဂရမ်ကို တဦးတည်း သီးသန့်လေလံဆွဲပါက သိန်း (၂၀၀) နှင့်အထက်ရှိပြီး ငါးဦးစီးဌာနကို ပေးရကြောင်း သိရသည်။

သောကြာအင်းဂရမ်တွင် ချောင်း (၅) ချောင်းခန့်ရှိပြီး ချောင်းများတွင်ရှာဖွေသော ရေလုပ်သားများအနေဖြင့် ရရှိသော ငါးပုစွန်များကို ချိန်တွယ်၍ လေလံဆွဲထားသူထံ ပြန်သွင်းရကြောင်း အင်းလေလံရခဲ့ဖူးသူတဦးက ရှင်းပြသည်။

၎င်းက “အဲဒီချောင်းတွေမှာ ငါးရှာမယ်ဆိုရင် လေလံရထားသူကို ပိုက်ဆံသွင်းရတယ်။ လှေ (၄) စင်းကို (၃) သိန်းပေး ရတယ်။ လှေပိုင်ရှင်တွေက သူတို့အဖွဲ့ဖွဲ့ပြီး လုပ်တာတွေရှိတယ်။ ရေထဲမှာ ရှာဖွေတာ ပုံစံအမျိုးမျိုး ရှိတယ်။ ငုတ်၊ မြှုံး စတဲ့ရှာဖွေတဲ့ ကိရိယာတွေ မတူဘူး။ အဲဒီမတူတဲ့ အနေအထားအပေါ် မူတည်ပြီး ပိုက်ဆံကို ခွဲတောင်းတာ” ဟု ပြောသည်။

ငါးဖမ်းတရာသီကို တန်ခူးလဆန်းက နောက်တနှစ် တန်ခူးလဆန်းအထိ သတ်မှတ်ကာ တနှစ်ပတ်လုံး ဖမ်းဆီးကြ ကြောင်း သိရသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် စားဝတ်နေရေး အကျပ်အတည်းကို ဖြေရှင်းနေရချိန်တွင် ငါး၊ ပုစွန်၊ ကဏန်းများကို မိမိတို့ရပ်ရွာအနီး ချောင်းများတွင် လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်မှု မရရှိခြင်း၊ လေလံအောင် သူကို ရှာဖွေစားသောက်ရန် ငွေကြေးတနှစ်စာ သွင်းမထားနိုင်ခြင်းတို့ကြောင့် ဒေးဒရဲမြို့နယ်အတွင်းမှ ဒေသခံများမှာ အခက်အခဲများ ပိုမိုကြုံတွေ့နေရကြောင်း မငေးကြီးရွာရှိ ရေလုပ်သားတဦးက ပြောသည်။

No comments: