မေကျော် စနေနေ့၊ မေလ 09 2009
ချင်းမိုင် (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်း စုကြည်သည် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လိုနေပြီး မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း အဖမ်းခံ နေရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောဆို လိုက်သည်။
“ဒေါက်တာ တင်မျိုးဝင်းကို ဘာလဲတော့ မသိဘူး။ မနေ့က ညနေက ခေါ်သွားတယ်လို့ ကြားတယ်။ ဒေါ်စုကျန်းမာရေး အခြေအနေ နည်းနည်း စောင့်ရှောက်နေရတယ်လို့ ကြားတယ်။ နည်းနည်း အရေးပေါ်ကုသမှု လိုတယ်လို့ ပြောတယ်” ဟု အဖွဲ့ချုပ် သတင်းပြန်ကြားရေး ကော်မတီဝင် ဦးအုန်းကြိုင်က ပြောကြားသည်။
ဒေါက်တာ တင်မျိုးဝင်းမှာ ယခုလ ၇ ၇က်နေ့ (ကြာသပတေး) နေ့က နေအိမ် အကျယ်ချုပ် ကျခံနေရေသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်မှ ပုံမှန် ဆေးကုသမှု အပြီး အပြန်တွင် ဖမ်းဆီးခံရကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးညဏ်ဝင်း အဆိုကို ကိုးကား၍ ရန်ကုန်မှလာသော AFP သတင်းက ဆိုသည်။
သို့သော် ဒေါက်တာ တင်မျိုးဝင်းသည် ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်းအတွင်း ဝင်ခွင့် မရခဲ့ဟု AFP က ရေးသားထားသည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကြောဆေး သွင်းပေးခွင့်ရရေး အတွက် ဆေးအကူ ပြုံးမိုးအိဟာ ယမန်နေ့က အာဏာပိုင်တွေဆီမှာ ၃ နာရီကြာ ခွင့်ပြုချက် တောင်းခံခဲ့သော်လည်း ခွင့်ပြုချက် ရရှိ၊ မရရှိ ကွဲကွဲပြားပြား မသိရသေးပါ။
ဒေါက်တာ တင်မျိုးဝင်းသည် ယနေ့ နေ့လည်ထိ အိမ်ပြန်မရောက်သေးကြောင်း အခြေအနေကို စောင့်ကြည့် လေ့လာနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ ) က ပြောဆိုလိုက်သည်။
“ဒေါက်တာ တင်မျိုးဝင်းကို ကြာသပတေးနေ့က ဝင်ခွင့်မပေးဘူး။ နောက်နေ့ သောကြာနေ့ မနက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်။ ညနေထိ သူ့အိမ်ကို ဖုန်းဆက်တော့ အိမ်မှာ မရောက်လာသေးဘူး။ အိမ်ပြန်မလာသေးဘူးလို့ ပြောတယ်။ ခုလိုလုပ်နေတာက ဒေါ်စု ကျန်းမာရေးကို သတင်းမပေါက်ကြားဖို့ ထိန်ချန်ဖို့ ထိန်းထားတာလို့ ယူဆရတယ်။ မနေ့က ညနေတော့ အိမ်ပြန်လေ့ရှိတဲ့ လူက အိမ်ပြန်မလာတော့ဘူး ဆိုတော့ ချုပ်နှောင်ထားတယ်လို့ ပြောနိုင်တယ်။” ဟု NLD-LA နိုင်ငံခြားရေး တာဝန်ခံ ဦးညိုအုန်းမြင့် က ပြောသည်။
“ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကို ပြည်သူတွေလဲ သိသင့်တယ်။ တကမ္ဘာလုံးကလဲ သိသင့်တယ်။ အခုလက်ရှိ သူဘာဖြစ်နေတယ်ဆိုတာ ဖော်ပြသင့်တယ်။” ဟု ဦးညိုအုန်းမြင့် က ဆိုသည်။
No comments:
Post a Comment