မင်းနိုင်သူ / ၁၈ မေ ၂၀၀၉
ဒေါ်အောင်ဆန်း စုကြည်အား ဖမ်းဆီး ထားမှုသည် ဥပဒေ နှင့် ညီညွတ်ခြင်း မရှိသဖြင့် အမြန်ဆုံး ပြန်လွှတ် ပေးရန်နှင့် စစ်ခေါင်း ဆောင် များအား နိုင်ငံ တကာ ရာဇ၀တ် ခုံရုံး တင်နိုင်ရန် ကမ္ဘာ့နိုင်ငံများက တွန်းအား ပေးရေး အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံး ရှေ့၌ ယနေ့ နံနက် (၁၀) နာရီ ခန့်တွင် မြန်မာ များနှင့် ထိုင်းနိုင်ငံသားများ ပူးပေါင်း ဆန္ဒပြခဲ့ ကြသည်။
“အမှန်တကယ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က တရားရင်ဆိုင်စရာ အကြောင်းကိုမရှိဘူး။ နအဖစစ်ခေါင်း ဆောင် သန်းရွှေတို့အုပ်စုကသာ မြန်မာပြည်သူလူထုအပေါ် နည်းလမ်းပေါင်းစုံနဲ့ ရာဇ၀တ်မှုကျူးလွန်နေတဲ့အတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှာ တရားစီရင်မှုခံယူသင့်တယ်။ နိုင်ငံတကာရာဇ၀တ် ခုံရုံးတင်သင့်တယ်ဆိုတာကို ကျနော်တို့ ထုတ်ဖော်ပြသတာဖြစ်တယ်။ မြန်မာစစ်အုပ်စုနဲ့ နီးနီးကပ်ကပ်ပေါင်းသင်းဆက်ဆံနေတဲ့ နိုင်ငံတွေကိုလည်း သတိပေးချင်တယ်။ သူတို့အနေနဲ့ မြန်မာလူထုအကျိုးစီးပွားကိုပဲ ရှေးရှုပါလို့ ကျနော်တို့ပြောချင်တယ်။ နောက်တခုက အိမ်ရှင်ထိုင်းနိုင်ငံအနေနဲ့လည်း အာဆီယံနိုင်ငံတွေကို ဦးဆောင်ပြီးတော့ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဖိအားပေးဖို့ တောင်းဆိုပါတယ်” ဟု ဆန္ဒပြပွဲဦးဆောင်သူတဦးဖြစ်သူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (အန်စီဂျီယူဘီ) မှ ကိုသက်ခိုင်က ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါဆန္ဒပြပွဲကို ဘန်ကောက်အခြေစိုက် မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်နေသော မြန်မာအဖွဲ့အစည်းများ၊ နိုင်ငံခြားအန်ဂျီအိုအဖွဲ့များနှင့် ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေး ကူညီလှုပ်ရှားနေသော ထိုင်းအဖွဲ့အစည်းများ စသည့်အဖွဲ့ပေါင်း (၃၀) ကျော် ပူးပေါင်းဖွဲ့စည်းထားသည့် မြန်မာပြည်ငြိမ်းချမ်းရေးညွန့်ပေါင်းအဖွဲ့ချုပ်က ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ယင်းဆန္ဒပြပွဲသို့ ဆန္ဒပြသူ (၁၀၀) ခန့်တက်ရောက်ဆန္ဒပြခဲ့ကြပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ အဖွဲ့ဝင်အမျိုးသမီးတဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အသွင် ၀တ်စားဆင်ယင်ကာ သံတိုင်များအကြား နေထိုင်နေရဟန် သရုပ်ပြသွားခဲ့သည်။
ယမန်နေ့ကလည်း ဘန်ကောက် မြန်မာသံရုံးရှေ့တွင် ပြည်ပရောက် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်သည့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်အတွင်း ထိန်းသိမ်းထားမှုနှင့် ပတ်သက်၍ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသော ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်စိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးသူများ အန္တရာယ်မှကာကွယ်သည့် ဥပဒေပုဒ်မ (၂၂) ဖြင့် အင်းစိန်ထောင် အထူးတရားရုံး၌ ပြီးခဲ့သည့် သောကြာနေ့တွင် တရားစွဲဆိုရာမှ အစပြု၍ မြန်မာ့အရေးလှုပ်ရှားသူများက ယင်းနေ့မှစတင်ကာ ဆန္ဒပြနေကြ ခြင်းဖြစ်သည်။
ကမ္ဘာ့မြို့ကြီး (၂၀) ကျော်တွင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံးလွှတ်ပေးရေးအတွက် ယနေ့ တောင်းဆို ဆန္ဒပြ သွားကြမည် ဟုလည်း မြန်မာ့ အရေး ဆောင်ရွက်နေသော Burma campaign UK က ပြောကြားသည်။
No comments:
Post a Comment