Kaowao
ရန်ကုန်(မေ-၁၅)။ ။ ရေစကြိုမြို့ အခြေစိုက် နအဖ စစ်တပ် ခလရ(၂၅၆) မှ ပျောက်ဆုံး ခဲ့သည့် လက်နက်များ နှင့် လွန်ခဲ့သော မေလ(၆) ရက်နေ့ ညနေ ပိုင်း တွင် ရမည်းသင်းမြို့၊ မြို့မဈေးကြီး အတွင်း ငွေရတနာ အောင်ရွှေဆိုင်ကို သေနတ် ပစ်ခတ်၍ ဓါးမြ တိုက်စဉ် လူသတ်မှု လည်း ကျူးလွန် ခဲ့ကြသူ တရားခံ (၄) ဦးကို မေလ (၁၃) ရက် နေ့တွင် ဖမ်းဆီး ရမိပြီဟု ယနေ့ စစ်အစိုးရ ထုတ် မြန်မာ့ အ လင်း သတင်းစာ၊ ကျောဖုံးတွင် အကျယ်တဝင့် ဖော်ပြ ထားသည်။
မေလ (၆) ရက်မှ (၁၄) ရက်နေ့အတွင်း ကွတ်ခိုင်မြို့နယ်၊ မော်ဟစ်ကျေးရွာသား ညီညီနိုင်နှင့် ချမ်းမြေ့သာစည် မြို့နယ်၊ မြို့ဟောင်း ရထားဝင်းနေ ခိုင်ဇော်ဝင်းတို့မှာ ရေစကြိုမြို့အခြေစိုက်၊ ခလရ (၂၅၆) မှ သေနတ် (၅) လက်ခိုး ယူခဲ့သည်ဟု အဆိုပါသတင်းစာတွင် ဖေါ်ပြသည်။
ထိုစဉ်က ခလရ (၂၅၆) လက်နက်များ ပျောက်ဆုံးမှုသတင်းကို မြန်မာဘာသာဖြင့် ထုတ်လွှင့်သည့်နိုင်ငံခြားရေဒီယို သတင်းများ ဖေါ်ပြခဲ့ ရာ၌ မေလ (၄) ရက်နေ့ညတွင် ဖေါက်ထွင်းခံရသည်ဟု ဆိုသည်။
ဓါးမြတိုက်မှုတွင်လည်း အဓိကပါဝင်သူ တရားခံ ညီညီနိုင်နှင့် ကိုလေး (ခ) ရဲဝင်းဇော်၊ ခင်မောင်ထွေး (ခ) ဂျပု ညီအစ်ကိုယ်တို့ ပါဝင်ကြ ပြီး သက်သေခံအဖြစ် လက်နက်များနှင့် ရွှေထည် ၂ ပိဿာ ၃ကျပ်သား ၃ ပဲတို့ကို သိမ်းဆည်းရသည်ဟု ဆက်လက်ဖေါ်ပြထားသည်။
ဓါးမြတိုက်ခံရသည့် ရွှေထည်များတန်ဖိုးမှာ ငွေကျပ်သိန်းနှစ်ထောင့်လေးရာခန့် ရှိကာ ရွှေအလေးချိန် အားဖြင့် ခြောက်ပိဿာခန့် ရှိသည်။
ဓါးမြတိုက်စဉ် ပစ်ခတ်မှုများကြောင့် ရွှေဆိုင်အရောင်းစာရေး ဒေါ်ချိုပြုံးနှင့် အနီးရှိ ဆေးဆိုင်မှ ဦးမျိုးသန့်တို့ သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ် ကယ်ရီမောင်းနှင်သူ မောင်မောင်ဆွေ (၂၄ နှစ်) သေဆုံးခဲ့သည်ဟုလည်း ဖော်ပြပါရှိသည်။
ထိုလက်နက်များ ဖောက်ထွင်း ခံရမှုကြောင့် စစ်တပ်ဘက်မှ အရာရှိ၊ အကြပ် တပ်သား ၂၀ ခန့်နှင့် အရပ်သား များပါ စစ်ဆေး ခံနေရဆဲ ဖြစ်သည်။
ထိုသို့စစ်ဆေးရာတွင် လက်လွန်သဖြင့် တပ်ကြပ်ကြီး မြင့်စိုး သေဆုံးခဲ့ပြီး၊ အရာရှိတစ်ဦး၊ တပ်သား တစ်ဦးတို့ ဆေးရုံတက် ကုသခံရ သည်။ တပ်အနီးရှိ လ္ဘက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝင်းမောင် ဆိုသူမှာ စိတ်ဖောက်ပြန် ရူးသွပ် သွားခဲ့သည်ဟု သတင်းများတွင် ဖေါ်ပြခဲ့ သည်။
လက်ရှိ နအဖ စစ်တပ်အတွင်းရှိ အောက်ခြေအဆင့် ရဲဘော်များ၏ လစာမှာ ဝမ်းစာမဖူလုံမှု မရှိနိုင်ပါ။ မိသားစု ဝမ်းစာရေးအတွက် မိမိ ထံရှိ လက်နက်ကျည်ဆံများကို အရာရှိများမသိအောင် ခိုးဖွက်ထားရှိပြီး ကြားအဆက် အသွယ်များမှတဆင့် ငြိမ်းချမ်းရေး တပ်ဖွဲ့ အချို့ထံ သို့၎င်း၊ လက်နက်ချတပ်ဖွဲ့များထံသို့၎င်း၊ လက်နက်ပုန်း ကိုင် ဆောင်ကြသည့် အရပ်သားများထံသို့၎င်း ရောင်းချလျှက်ရှိသည်ဟု ဘုရား သုံး ဆူနယ်စပ်ရှိ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် အချို့က ပြောပြ၏။
No comments:
Post a Comment