ဒေါ်အောင်ဆန်း စုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ခိုးဝင် ခဲ့ပြီး ဖမ်းဆီး ခံရ သည်ဟု ဆိုသော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော အကြောင်းမှာ လူပြောများ နေဆဲ ဖြစ်သည်။အဆိုပါ သတင်းကို မေလ ၇ ရက်နေ့ ထုတ် စစ်အစိုးရ ၏ မြန်မာ့ အလင်း နှင့် ကြေးမုံ သတင်း စာများတွင် စတင် ဖော်ပြခဲ့ သည်။
“လုံခြုံရေး အရ တားမြစ်ထား သော နယ်မြေ အတွင်းသို့ လျှို့ဝှက် တိတ်တဆိတ် ၀င်ရောက်ခဲ့မှု” ကို စစ်ဆေး နေသည်ဟု သတင်းတွင် ဖော်ပြပါ ရှိသည်။
ယခုလ ကုန်ပိုင်းတွင် နေအိမ် အကျယ်ချုပ်သက်တမ်း ၆ နှစ်ပြည့်မည့် ဒေါ်အောင်ဆန်း စုကြည်သည် အဆိုပါ အမေရိကန် နိုင်ငံ သား ၀င်ရောက် မှုကြောင့် ထောင်ဒဏ် ကျခံရ ဖွယ်ရှိကြောင်း အစိုးရကို ထောက်ခံ အားပေးသည့် အင်တာနက် စာမျက်နှာ တချို့တွင် ရေး သား ထားသည်ဟု သိရသည်။
အင်တာနက် အသုံးပြုသည့် ပြည်တွင်း ပြည်ပ စာဖတ်သူအများစုက အစိုးရဘက်တော်သား အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားချက်များကို ယုံကြည်ခြင်း မရှိကြပေ။
“ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန် ဝီလီယံ ယက်ထော အား နေအိမ်ခြံဝင်း အတွင်းသို့ ၀င်ခွင့် ပြုခဲ့ခြင်း နှင့် ညအိပ် ခွင့်ပြုခဲ့သည် ဟု ထွက်ဆို ဖြောင့်ချက် ပေးခဲ့ပါက ကန့်သတ်ချက် ဖောက်ဖျက်သည့် ဥပဒေ ပုဒ်မ (၂၂) အရ ထောင်ဒဏ် (၃) နှစ် အထိ ကျခံ ရနိုင်ဖွယ် ရှိသည်” ဟု စစ်အစိုးရ ဖန်တီးထားသည့် အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်ဟု လူထုအသံ အမည်ရှိ အင်တာနက်ဂျာနယ်က ဆိုသည်။
သို့သော်လည်း လူထုအသံက စစ်အစိုးရ၏ အင်တာနက်စာမျက်နှာ အမည်ကို ဖော်ပြထားခြင်း မရှိပေ။
လူထုအသံက ကိုးကားသည့် အဆိုပါ သတင်းတွင်ပင် အဖွဲ့ချုပ် ခေါင်းဆောင်တဦး ဖြစ်သူ ဦးဝင်းတင်က အမေရိကန်နိုင်ငံသား ၀င်ရောက်မှုသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထိခိုက်ကြောင်း ပြောဆိုခဲ့သည်ဟု ဆိုသည်။
ထို့ပြင် ဦးဝင်းတင်က ယခု ဖြစ်ရပ်ကြောင့် “၂၀၁၀ ရွေးကောက်ပွဲတွင် မိမိတို့ ပါတီဝင်ရောက် ယှဉ်ပြိုင်ပါက ရှုံးနိမ့်မှုနှင့်သာ ရင်ဆိုင်ရမှာ ဧကန်မလွဲ ဖြစ်မှာ သေချာနေပြီ ဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု ဆိုသည်။
“အဆိုပါ သတင်းတွင် ဒေါ်အောင်းဆန်းစုကြည် အား အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို ကော်မတီဝင်များ က ဝေဖန်ပြီ” ဟု အစချီထားသည် ဟု ဆိုသည်။
သို့သော်လည်း ဦးဝင်းတင် အပါအ၀င် အဖွဲ့ချုပ် ခေါင်းဆောင်များမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံနေကြဆဲဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးရန်၊ ဆေးကုသမှု ပေးရန် အာဏာပိုင်တို့ထံ ယမန်နေ့က တောင်းဆိုထားသည်။
လူထုအသံက ပြန်လည် ကိုးကားဖော်ပြသည် ဟူသော သတင်းတွင် အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော၏ ဓာတ်ပုံကိုလည်း တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ရေကူးပြီး သွားရောက်ခဲ့သည်ဟု အာဏာပိုင်တို့ထံ ၀န်ခံ ထွက်ဆိုကြောင်း၊ ရန်ကုန်မြို့သို့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလက သွားရောက်ခဲ့ဖူးကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ နေထိုင်သော အမျိုးသမီး ၂ ဦးက သူ့ကို အစားအစာ ကျွေးမွေးခဲ့သည်ဟုလည်း ရေးသားထားသည်။
No comments:
Post a Comment