Friday, May 15, 2009
ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး မလေးရှား မြန်မာသံရုံးရှေ့ ဆန္ဒပြ
မင်းနိုင်သူ / ၁၅ မေ ၂၀၀၉
မလေးရှား ရောက် အန်အယ်လ်ဒီ ပါတီဝင်များ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်များနှင့် BWRPC အဖွဲ့ ၀င်များ ပူးပေါင်း၍ မြန်မာ သံရုံးနှင့် အမေရိကန် သံရုံးတို့ ရှေ့တွင် ဆန္ဒ ဖော်ထုတ် တောင်းဆို မှုများ ပြုလုပ် ခဲ့ကြ ကြောင်း ပါတီဝင်များ က ပြောသည်။
“ကျနော်တို့ ဒီနေ့မနက် (၁၁) နာရီမှာ မြန်မာသံရုံးရှေ့သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့တောင်းတယ်။ နောက် သူဆေးကုသခွင့်ရရှိရေးနဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အကောင်အထည်ဖော်ပေးရေးတို့ ကြွေးကြော် တောင်းဆိုတယ်” ဟု အန်အယ်လ်ဒီ (မလေးရှား) မှ ကိုအောင်ကျော်ဆက်က ခေတ်ပြိုင်သို့ ပြောသည်။
အဆိုပါဆန္ဒပြပွဲသို့ မြန်မာရှစ်ဆယ်ကျော်တက်ရောက်ခဲ့ပြီး မြန်မာသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရေးပါဝင်သည့် တောင်းဆိုချက်စာတစောင်ကို စာတိုက်ပုံးမှတဆင့် ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာသံရုံးရှေ့သို့ အန်အယ်လ်ဒီပါတီဝင်များ ဦးဆောင်ဆန္ဒပြနေစဉ်မှာပင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင် အင်အားသုံးဆယ်ကျော်ကလည်း မလေးရှားအမေရိကန်သံရုံးရှေ့တွင် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။
“ကျနော်တို့ကတော့ ဆန္ဒပြတာမဟုတ်ပါဘူး။ တောင်းဆိုတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရတဲ့ကိစ္စအပေါ် အမေရိကန်အပါအ၀င် ဥရောပနိုင်ငံတွေက ကူညီဖြေရှင်းပေးဖို့ တောင်းဆိုတဲ့စာသွားပေးတာပါ” ဟု လူ့ဘောင်သစ်မှ ကိုတိုးနိုင်လတ်က ပြောသည်။
အဆိုပါဆန္ဒပြတောင်းဆိုမှုများအတွက် မလေးရှားအာဏာပိုင်များ၏ ခွင့်ပြုချက်ရယူခဲ့ရပြီး မိနစ်နှစ်ဆယ်ခန့် ဆန္ဒပြခွင့်ရရှိခဲ့ကြသည်။
ယင်းဆန္ဒပြပွဲသည် ဒေါ်အောင်ဆန်းစုကြည်အား အမှုသစ်တပ်ကာ အင်းစိန်ထောင်သို့ အာဏာပိုင်များက ပြောင်းရွှေ့ခဲ့မှုအပြီး နိုင်ငံခြားမြန်မာသံရုံးရှေ့တွင် ပထမဆုံးဆန္ဒပြပွဲဖြစ်သည်။
အလားတူ တောင်ကိုရီးယားနှင့် ဂျပန်နိုင်တို့ရှိ မြန်မာသံရုံများတွင်လည်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment