
NEJ / ၆ မေ ၂၀၀၉
နှစ်လကြာ လုပ်ခ လစာ မရကြ သည့် မြန်မာ အလုပ်သမား များသည် မဲဆောက်မြို့ရှိ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး ရုံးရှေ့ တွင် ယနေ့ နံနက်က သွားရောက် ဆန္ဒပြ ကြသည်။
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ မဲ့တောင်းလမ်းရှိ PANTHONG MANUFACTURING Co. LID. သိုးမွေးအထည်ချုပ်စက်ရုံမှ အလုပ်သ မား (၃၂၆) ဦးသည် ယင်းသို့ လစာမရသည့်အတွက် စားဝတ်နေရေး ပြဿနာများ ကြုံတွေ့နေရသောကြောင့် ထိုင်းအလုပ်သမား အခွင့် အရေးကာကွယ်ရေးရုံးမှ ကူညီဖြေရှင်းပေးရန် တောင်းဆိုဆန္ဒပြခြင်းဖြစ်သည်။
ဆန္ဒပြသူ အလုပ်သမား ကိုအောင်က “လစာမရတာ (၂) လရှိပြီ။ အလုပ်က နေ့တိုင်း ဆင်းပြီး ပိုက်ဆံ မရတော့ ရပ်တည်လို့ မရဘူး။ စက်ရုံက ထမင်း တမျိုးပဲ ပေးတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ (၉) ရက်နေ့က စပြီးတော့ ဘယ်သူမှ အလုပ်မဆင်း တော့ဘူး။ သူဌေးကိုပဲ စောင့်နေ တယ်။ သူမလာ တော့ ဒီနေ့မှာ ဆန္ဒလာပြ တာဖြစ်တယ်”ဟု ပြောသည်။
အဆိုပါစက်ရုံတွင် (၁၀) နှစ်ခန့် လုပ်ကိုင်နေသူ အလုပ်သမတဦးကလည်း “အလုပ်လုပ်ပြီး လစာမရတော့ အလုပ်သမားတွေ ဒုက္ခ ရောက်ကြ ရတယ်။ စက်ရုံးနားက ဈေးဆိုင်တွေမှာ အကြွေးယူဖို့ကြတော့လည်း ဆိုင်တွေက မယုံလို့မပေးဘူး။ စက်ရုံးအနီးအနားမှာ အလေ့ကျ ပေါက်နေတဲ့ ကန်စွန်းရွက်တို့ ဘာတို့ ဒီလိုပဲ လိုက်ခူးစားရတယ်” ဟု ပြောသည်။
အလုပ်လုပ်ကိုင်ခွင့် လက်မှတ်ရှိသူများအနေဖြင့် မနက် (၈) နာရီမှ ည (၉) နာရီအထိ ဘတ် (၁၀၀) ခန့်သာရပြီးည (၁၁) နာရီ အထိ အလုပ်လုပ်ရ ပါက အချိန်ပိုကြေး ဘတ် (၂၀) ပေးကြောင်း၊ အလုပ် လုပ်ကိုင်ခွင့် လက်မှတ် မရှိသူများကို တနေ့ဘတ် (၈၀) နှုန်းသာ ပေးကြောင်း ၎င်းက ပြောသည်။
မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် အနည်းဆုံး တနေ့လုပ်အားခမှာ (၁၅၁) ဘတ်ဖြစ်ပြီး အချိန်ပိုကြေးမှာ (၁) နာရီလျှင် (၂၈) ဘတ် ဖြစ်သည်။
အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ရှိသူ (၂၀၉) ဦးနှင့် လက်မှတ်မရှိသူ (၁၁၇) ဦး ရှိသည်။
ဆန္ဒပြအလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှ အရာရှိနှင့် စက်ရုံပိုင်ရှင်တို့ သုံးပွင့်ဆိုင် ဆွေးနွေး ကြပြီး စက်ရုံပိုင်ရှင်က (၂၀) ရက်နေ့သို့ ရက်ချိန်းလိုက်ကာ ယင်းနေ့တွင် လစာပေးမည်ဟု ပြောဆိုကြောင်း၊ ဆန္ဒပြအလုပ်သမားများကမူ ယင်းနေ့တွင် လစာမရရှိပါက ဥပဒေကြောင်းအရ စက်ရုံပိုင်ရှင်အား တရားစွဲရန် စီစဉ်မည်ဟု သိရှိရသည်။
No comments:
Post a Comment