Monday, December 21, 2009

ဓာတ်ပြားဟောင်း၏ ပြည်တော်သာစီမံကိန်းအသစ်

မောင်လူပျို (မိသားစုဝိုင်း)

လယ်ကွင်းပြင်တခုလုံး နှင်းတွေ စိုစွတ်နေသည်။ ပွဲပြန်သူများခေါင်းတွင် ခေါင်းပေါင်း ပေါင်းထားကြသည်။ ချမ်းစီးလွန်းလှ၍ လက်ကိုပင် ပိုက်ထားကြသည်။ မိုးတလင်း ရုပ်ရှင်ကြည့်ကြသည့် တောဓလေ့မှာ ဟိုယခင်ကပင် ရှိသည်။ ပွဲပြန်သူများ ပြောသွားကြသည့် စကားကို ဈေးလာသူများ ကြားကြရသည်။

“ဒို့အိမ်ကြီးကလည်း နောက်ဆုံးတော့ မီးလောင်တာပဲ” အချမ်းခံ၊ အအေးခံ ကြည့်ရပြီးမှ စိတ်ပျက်စရာမြင်ကွင်းကို မကျေနပ်၊ မရှုစိမ့်သော ပြည်သူအများ ရင်ထဲက ထွက်လာသည့်အသံ …။

ကလေးဘ၀က ရုပ်ရှင်ကားများကို အမှတ်ရနေမိသည်။ ဦးနုတို့၊ ကျော်ငြိမ်းတို့ခေတ်က။ ဗမာအစိုးရချည်းသာ မင်းမူခဲ့ကြရိုး အဖြစ်ဆိုးများက ယနေ့ခေတ်ကို အရိပ်ထိုးစေပါသည်။ ‘ဒို့အိမ်ကြီး’ ရုပ်ရှင်ကားအပေါ် တောနေပြည်သူလူထု၏ တုံ့ပြန်သံ၊ နောက်ဆုံးတော့ မီးလောင်တာပါပဲတဲ့။ မီးလောင်တာ မကြိုက်။ ပြည်သူ့အကျိုးစီးပွား ထိခိုက်သည်။ စစ်ကို ငြီးငွေ့သူက ပြည်သူ၊ စစ်နှင့် လုပ်စားသူက အစိုးရ။ စစ်ကို ဖန်တီးသူက အစိုးရ။

“ဖိုးလှတို့ လူပျိုဖြစ်ခါမှ၊ တိုင်းပြည်က ပျက်တော့တယ်” တကယ်ပင် ဖြစ်ခဲ့၊ ဖြစ်နေတာပဲ မဟုတ်ပါလား။ တည်မြဲ၊ သန့်ရှင်း ကွဲကြသည်၊ ချကြသည်။ ဗမာ-ဗမာချင်း ချကြသည်က အစပထမ။ ပြည်ထောင်စု လိုလားသည့်၊ တည်ဆောက်မည့် ဗိုလ်ချုပ်အောင်ဆန်းကို ပြည်ထောင်စု မလိုလားသည့် ဂဠုန်ဦးစောက သတ်ခဲ့သည်။ ကျော်ငြိမ်း၊ ဗိုလ်နေ၀င်းနှင့် ယနေ့စစ်အုပ်စုမှာ ပြည်ထောင်စု မလိုလားသည့် အုပ်စုဖြစ်ကြောင်း သမိုင်းကို လှန်ကြည့်ရန် လိုလာပါသည်။

ဗမာ-ဗမာချင်း ချကြရာက လူမျိုးစုတွေဆီ ပျံ့နှံ့ကူးစက်ကုန်တော့သည်။ အစက ဗမာ-ဗမာချင်း နှစ်ပွင့်ဆိုင်ချကြသည်၊ နောက် သုံးပွင့် လေးပွင့်ဆိုင်။ နောက်ဆုံး ရှိသမျှအပွင့်အားလုံး စုပြုံပြီး ချကြရသည်။ ယခုလောလောဆယ် ယာယီအပစ်ရပ်အဖွဲ့အစည်း အရေအတွက်ကို ကြည့်လျှင် ဘယ်နှပွင့်ဆိုင်ပြီး ချခဲ့ကြရသနည်း။ အရေအတွက်မှသည် အရည်အချင်း ဖြစ်တည်လာတတ်ပါသည်။

မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို စစ်အုပ်စုက ဖျက်ဆီးခဲ့သည်။ စစ်အုပ်စုမှာ အဖျက်သာဖြစ်သည်။ အပြုသဘော ဘာတခုမှ မလုပ်တတ် မကိုင်တတ်သမို့ တိုင်းပြည်ဆင်းရဲတွင်း နစ်သထက်နစ်နေရသည်။ ယခု ၂၀၀၈ ခုနှစ် စစ်အာဏာရှင်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ စစ်အုပ်စုအသက်ဆက်လို၍ လုပ်စားရန် ပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ကြောင်း နိုင်ငံတကာက သိနှင့်ပြီးသားဖြစ်သည်။

လောလောဆယ် ပြစ်မှုဆိုင်ရာ ပါလီမန်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ဥပဒေပုဒ်မများကို ချိုးဖောက်ပြီး တိုင်းပြည်ဘဏ္ဍာငွေများကို အလွဲသုံးစားလုပ်နေသည်။ နအဖ ထင်သလို လုပ်နိုင်ရန် သီးသန့်စပါယ်ရှယ် ရွေးကောက်ပွဲဥပဒေကို ပြဋ္ဌာန်းတော့မည်ကတော့ သေချာနေသည်။ ဘယ်ပါတီမှ စစ်အုပ်စုနှင့် မတည့်လျှင် ကော်မရှင်က ဖျက်သိမ်းပစ်မည်ကို ၂၀၀၈ ဖွဲ့စည်းပုံဥပဒေတွင် ပြဋ္ဌာန်းပြီးဖြစ်သည်။ အကျိုးစီးပွား အထိခိုက်မခံရအောင် တိုင်းပြည်စီးပွားရေးတစုံလုံးကို မောင်ပိုင်စီးထားသည်။ စီးပွားရေးဦးပိုင်လီမိတက်နှင့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေက ရှိနေသည်။ စစ်အုပ်စုထုတ်ပြန်သမျှ မတရားဥပဒေ၊ အထူးဥပဒေများကိုလည်း ၂၀၁ဝ ရွေးကောက်ပွဲပြီးလျှင် အတည်ပြုမည်ဟု ဗြောင်ကြေညာထားသည်။ ပြည်သူလူထုမှာ လုပ်ပိုင်ခွင့်အားလုံးကို ချုပ်ကိုင်ခံကြရတော့မည်။ စစ်အုပ်စုထိပ်သီးများ၏ စီးပွားရေးကို အာမခံမည့် “နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေနှင့် ထပ်တိုးပြင်ဆင်ဖြည့်စွက်ထားသည့် ပြင်ဆင်သည့် ဥပဒေ၊ ပုံ-သန်းရွှေ” ကို ကြည့်ခြင်းအားဖြင့် ကွက်ကွက်ကွင်းကွင်း မြင်နိုင်ရန်တင်ပြပါသည်။

မူရင်း ဥပဒေ ပြဋ္ဌာန်းချက်

၁။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေ အခန်း (၂)၊ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများ ခေါင်းစဉ်အောက်ရှိ ပုဒ်မ - ၃ ။ ။ အောက်ဖော်ပြပါ စီးပွားရေးလုပ်ငန်းများကို အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်။

(က) ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်းပြည်ပ ရောင်းချခြင်းလုပ်ငန်း၊
(ခ) ကျေးရွာလူထုက စိုက်ပျိုးပြုစုသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တောစိုက်ခင်း ပြုစုပျိုးထောင်ခြင်း လုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊
(ဂ) ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ် ၀ယ်ယူရောင်းချခြင်းလုပ်ငန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊
(ဃ) ပုလဲ၊ ကျောက်စိမ်းနှင့် တွင်းထွက်ကျောက်မျက်ရတနာပစ္စည်းများ ရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း၊
(င) အစိုးရက သုတေသနပြုလုပ်ရန် သတ်မှတ်ထားသော အင်းများ၌ ငါးပုစွန်မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်း၊
(စ) စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးလုပ်ငန်း၊
(ဆ) လေကြောင်းပို့ဆောင်ရေးလုပ်ငန်းနှင့် ရထားပို့ဆောင်ရေးလုပ်ငန်း၊
(ဇ) ဘဏ်လုပ်ငန်းနှင့် အာမခံလုပ်ငန်း၊
(ဈ) အသံလွှင့်လုပ်ငန်းနှင့် ရုပ်မြင်သံကြားထုတ်လုပ်ခြင်းလုပ်ငန်း၊
(ည) သတ္တုရှာဖွေထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်ပသို့ တင်ပို့ရောင်းချခြင်းလုပ်ငန်း၊
(ဋ) ဥပဒေအရ ပုဂ္ဂလိကနှင့် သမ၀ါယမတို့အား သတ်မှတ်ခွင့်ပြုသော လျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းမှအပ အခြားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ၊
(ဌ) အစိုးရက အခါအားလျော်စွာ အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများ၊ … ဟု ဖော်ပြထားသဖြင့် မည်သည့် ပြည်သူလူထုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သမ၀ါယမအဖွဲ့အစည်းများ၊ ဒေသန္တရအဖွဲ့အစည်းများအနေဖြင့် လုံးဝ(လုံးဝ) လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိကြောင်း တွေ့ရှိရသည်။

၂။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ ဥပဒေ ပုဒ်မ (၅) တွင် “အစိုးရအဖွဲ့သည် ပုဒ်မ (၃) အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းများမှ ထွက်ရှိသည့် သို့မဟုတ် ထုတ်လုပ်သည့် သို့မဟုတ် ယင်းလုပ်ငန်းများတွင် အသုံးပြုသည့် ပစ္စည်းများကို ၀ယ်ယူခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ သိုလှောင်ခြင်း လက်ဝယ်ထားရှိခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ လွှဲပြောင်းခြင်းတို့နှင့်စပ်လျဉ်းပြီး အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ စည်းကမ်းသတ်မှတ်နိုင်သည်၊ သို့မဟုတ် တားမြစ်နိုင်သည်ဟု ပုဒ်မ (၃) နှင့်ဆက်စပ်ပြီး ထပ်ဆင့်ကန့်သတ်ချက်ကို တွေ့ရှိရသည်။

ရောင်းဝယ်ဖောက်ကားသည့် စီးပွားရေးလုပ်ငန်းအရပ်ရပ်တစုံလုံးကို အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည်ဟု ဖော်ပြထားချက်မှာ နိုင်ငံတော်ကိုအကြောင်းပြ၍ အစိုးရကသာ လက်ဝါးကြီးအုပ် ချုပ်ကိုင်ခြယ်လှယ်ရမည်ဟု အထင်အရှား ဖော်ပြထားသည်ကို တွေ့ရပါသည်။

၃။ ဤ ဥပဒေ ပုဒ်မ (၄) တွင် အစိုးရအဖွဲ့သည် ပုဒ်မ (၃) အရ အစိုးရကသာ လုပ်ကိုင်ဆောင်ရွက်ရန် သတ်မှတ်ထားသော စီးပွားရေးလုပ်ငန်းတရပ်ရပ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုးစီးပွားအလို့ငှာ အစိုးရနှင့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အဖွဲ့အစည်းကမဆို ဖက်စပ်လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ၊ ပုဂ္ဂိုလ်တဦး သို့မဟုတ် စီးပွားရေးအဖွဲ့အစည်းတခုခုက စည်းကမ်းသတ်မှတ်ချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်ဖြစ်စေ၊ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခွင့်ပြုနိုင်သည်ဟု ခွင့်ပြုနိုင်သည့် စားပေါက် ဖွင့်ထားသည်ကို ပေါ်ပေါ်လွင်လွင် တွေ့ရမည်ဖြစ်သည်။

၎။ စီးပွားရေးလုပ်ငန်းများ ဥပဒေကို ထပ်တိုးလိုက်သည့် ဥပဒေအဖြစ် “နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (န၀တအဖွဲ့ ဥပဒေ အမှတ် ၆/၉၇၊ ပုံ- သန်းရွှေ) ကို ပြဋ္ဌာန်းလိုက်သေးသည်။ ပြင်ဆင်သည့် ဥပဒေ ပုဒ်မ (၂) တွင် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေပုဒ်မ (၈) ၏ နောက်တွင် ပုဒ်မ ၈ (က) ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်။

၈ (က) ။ အစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်လည်းကောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေမှ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ရှေးရှု၍လည်းကောင်း နိုင်ငံတော်ဘဏ္ဍာငွေ ထည့်ဝင်ခြင်းမပြုဘဲ သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းရန်ပုံငွေကို မတည်ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြေညာစာထုတ်ပြန်၍ အဖွဲ့အစည်းအရပ်ရပ်ကို ဖွဲ့စည်းတည်ထောင်နိုင်သည်။

၈-က (ဂ) တွင် ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် လုပ်ငန်းဆောင်ရွက်မှုများကို ကြီးကြပ်ကွပ်ကဲနိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနတွင် ဖွဲ့စည်းထားသည့် သို့မဟုတ် သီးခြားဖွဲ့စည်းထားသည့် အဖွဲ့အစည်းအရပ်ရပ်အား လုပ်ပိုင်ခွင့်များ သတ်မှတ်ပေးနိုင်သည်။ … ဟု အတိအကျ ထပ်ဆင့်ဖော်ထုတ်ပြဋ္ဌာန်းလာသည်ကို အထင်အရှား သိရှိရပါသည်။

၅။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများ ဥပဒေကို ချိုးဖောက်လျှင် ဤ ဥပဒေအခန်း (၅) ပြစ်မှုနှင့် ပြစ်ဒဏ်များအခန်းအောက်ရှိ ပုဒ်မ (၉)။ ။ မည်သူမဆို ပုဒ်မ (၃) အရ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်ဆောင်ရွက်လျှင် ထိုသူကို (၅) နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်သည်။

ပုဒ်မ (၁၀)။ ။ မည်သူမဆို ပုဒ်မ (၄) သို့မဟုတ် ပုဒ်မ (၅) အရ သတ်မှတ်ချက်တရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို (၃) နှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြစ်ဒဏ်ပေးရန် သတ်မှတ်ထုတ်ပြန်ထားသည်။

အထက်ပါဥပဒေများကို ကြည့်ခြင်းအားဖြင့် တတိုင်းပြည်လုံး ကပ်ကြီးသုံးပါးဆိုက်ရောက်ပါတော့မည်။ အလုပ်သမား၊ လယ်သမား ပြည်သူအများကို ဘယ်နားသွားထားကြပါသနည်း။ လူလတ်တန်းစား၊ အမျိုးသားဓနရှင်တွေ ဘယ်နားသွားနေကြပါမည်နည်း။ လူတိုင်း ရုပ်နာမ်နှစ်ပါး၊ ခန္ဓာငါးပါးနှင့်ချည်းဖြစ်သည်။ မူရင်းဥပဒေကို သိနေရုံလောက်နှင့် လုံလောက်မည် မဟုတ်ပါ။ ပခုံးပေါ်က သမိုင်း၏ ၀န်ထုပ်ဝန်ပိုး လူတိုင်းတွင် ရှိပါသည်။ ပြောစရာရှိလျှင် ပြောကြရမည်။ ထို့ကြောင့် အောက်ပါအတိုင်း ဝေဖန်သုံးသပ်တင်ပြအပ်ပါသည်။

ဥပဒေရေးရာ သုံးသပ်ချက်

၁။ “အစိုးရကသာ” လုပ်ကိုင်ဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းများဟု သတ်မှတ်ဖော်ပြထား၍ ဥပဒေ ဖော်ပြပါ စီးပွားရေး လုပ်ငန်းများအားလုံးကို လက်ဝါးကြီးအုပ် ၀ိုင်းကြီးချုပ်စီးပွားရေးလုပ်ငန်းကို အစိုးရတရပ်တည်းက မောင်ပိုင်စီးလုပ်ကိုင်သွား မည်ဟု အတိအလင်း ဗြောင်ကြေညာလိုက်ခြင်းဖြစ်သည်။

တရားဝင်အစိုးရကသာ ဥပဒေပြုလွှတ်တော်တွင် ဥပဒေရေးဆွဲ အတည်ပြုပြဋ္ဌာန်းရပါသည်။ စစ်အစိုးရ ဘယ်လိုအစိုးရ ဖြစ်ပါသလဲ။ တရားမ၀င် န၀တ/နအဖ စစ်အစိုးရဖြစ်ပါသည်။ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားသည့် ၂၀၀၈ စစ်အုပ်စု ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ (၄၅၅) တွင် “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေညာချက်များကိုလည်းကောင်း။ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကိုလည်းကောင်း ဆက်ခံသည်” ဟု ဖော်ပြထားသဖြင့် ၂၀၁၀ ရွေးကောက်ပွဲဖြင့် တက်လာမည့် စစ်အစိုးရအသစ် သည် စစ်အစိုးရအဟောင်း၏ ပြဋ္ဌာန်းခဲ့သည့် ဥပဒေပေါင်းမြောက်မြားစွာကိုလည်း အတည်ပြုပြဋ္ဌာန်းပြီးဖြစ်သည်ဟု သတ်မှတ်ကြွေးကြော်လိုက်ခြင်းတမျိုးလည်း ဖြစ်ပေသည်။

ပုဒ်မ (၄၅၅) ၏ နောက်ဆုံးဝါကျတွင် “ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင်တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟု ဖော်ပြထားချက်မှာ မည်သည့် နိုင်ငံတော်တရားဥပဒေ တစုံတရာတွင်မှ မပြဋ္ဌာန်းဖူးသေးသည့် ပုဒ်မကို ပြဋ္ဌာန်းထားကြောင်း တွေ့ရပါသည်။ အအံ့သြကြီးအံ့သြ သက်မချရမည့် ပုဒ်မဖြစ်ပါသည်။ တရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်မည်လော၊ မတရားဥပဒေစိုးမိုးမှုကို ဖော်ဆောင်မည်လော မေးနေစရာပင် မလိုအပ်တော့ပါ။ တရားစီရင်ရေး၊ တရားမျှတမှု ရှိမရှိကိုလည်း ကြည့်စရာမလို တဖက်စောင်းနင်း ကြိုက်သလိုလုပ်နိုင်သည်၊ ပြုကျင့်နိုင်သည်၊ ပျက်ကွက်နိုင်သည်၊ “ငါတို့အစိုးရကို” ဘယ်သူမှ တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိစေရဟု ဗြောင်စိန်ခေါ်ချက်ဖြစ်နေသည်။ လောကပါလတရား လုံးဝကင်းမဲ့ကြောင်း တွေ့ရှိရပါသည်။

၂။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဥပဒေ (န၀တ ဥပဒေအမှတ် - ၉/၈၉) ဥပဒေကို ၁၉၈၉ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ပြဋ္ဌာန်းပြီးနောက် တဆက်တည်းမှာပင် ၁၉၉၀ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက် (The Union of Myanmar Economic Holding Limited ) ကို န၀တ အမိန့်ကြော်ငြာစာအမှတ် ၇/၉၀ ဖြင့် ဖွဲ့စည်းခဲ့သည်။

စီးပွားရေးဦးပိုင်လီမိတက်ဆိုသည်မှာ နိုင်ငံ့သမိုင်းအရ ၁၉၅၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် “စစ်တပ်စီးပွားရေးအရင်းအနှီးစုဆောင်းရာ ဌာနကြီး” (The Defense Service Institute) DSI လို အဖွဲ့အစည်းကြီးမျိုးဖြစ်ကြောင်း အနီးခေတ် မြန်မာနိုင်ငံသမိုင်း သိကျွမ်းသူအားလုံးက အပွေးမြင် အပင်သိကြပါသည်။ DSI မှတဆင့် BEDC (Burma Economic Development Corporation ) မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကြီး ဖြစ်တည်လာပါသည်။ ၁၉၅၁ ခုနှစ်အတွင်းမှာပင် KTA (Knappen Tabbet Association ) ကုမ္ပဏီက စီးပွားရေးစီမံကိန်းများကို ရေးဆွဲခဲ့ကြပါသည်။

ရေးဆွဲပြီးစီမံကိန်းကို မွမ်းမံအချောသတ်ကာ “ပြည်တော်သာစီမံကိန်း” ကို ရေးဆွဲအကောင်အထည်ဖော်ပါတော့သည်။ နအဖ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း ပြည်တော်သာစီမံကိန်းလို “ဦးပိုင်လီမိတက်” ဖြင့် အကောင်အထည်ဖော်ပါတော့မည်။ ဤကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများဥပဒေကို ကြိုတင်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရပါသည်။ နေပြည်တော်တွင် စစ်အုပ်စု ပြည်တော်သာနိုင်ရန် ပြဋ္ဌာန်းလိုက်သည့် ဥပဒေဖြစ်ကြောင်း ထုတ်ဖော်ပြခြင်းဖြစ်သည်။

၃။ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်လိုငွေပြမှု ကျပ်ငွေ ဘီလီယံ (၇၀၀) ကျပ် ရှိခဲ့ကြောင်း ၀န်ကြီးများအဖွဲ့ အစည်းအဝေး (၃၈/၂၀၀၈) တွင် ၀န်ကြီးချုပ်ကိုယ်တိုင်က ၀န်ခံထားပြီးဖြစ်သည်။ ဘတ်ဂျက်လိုငွေပြမှုက (၅) ရာခိုင်နှုန်း အထက်မှာ နှစ်စဉ်ရှိနေသည်။ နအဖစစ်တပ်အတွက်ချည်း သုံးနေ၍ ဖြစ်သည်။ အများပြည်သူလူထု အလုပ်လုပ်သည့် ကဏ္ဍများတွင် ကူညီပံ့ပိုးခြင်း အလျဉ်းမရှိသဖြင့် ဤကဲ့သို့ လိုငွေပြနေခြင်းဖြစ်သည်။ ပုဒ်မ (၃) ပါ စီးပွားရေးလုပ်ငန်းများ အားလုံးကို စစ်အစိုးရလက်ဝါးကြီးအုပ် စစ်ဗျူရိုကရက် အရင်းရှင်စနစ်ဆိုးကြောင့်ဖြစ်ကြောင်း တိတိကျကျ အဖြေထွက်နေပါသည်။

၎။ မကွေးတိုင်းမှူး၏ အစ်မအရင်းပိုင် ကုမ္ပဏီက မနောပင်ရေနံမှော်တွင် ဒေသခံတွင်းပိုင်များထံမှ ရေနံစိမ်းကို တန်ရာတန်ကြေးမပေးဘဲ လက်ဝါးကြီးအုပ် ၀ယ်ယူနေသည်။ ပြင်ပရေနံဈေးက တပေပါ (၅) သောင်းကျော် ပေးနေချိန်တွင် တိုင်းမှူးအစ်မပိုင် ကုမ္ပဏီက တပေပါ (၃) သောင်းဝန်းကျင်သာပေးသဖြင့် ဒေသခံလုပ်ငန်းရှင်များ၊ ရေနံအလုပ်သမားများနှင့် အကြီးအကျယ် ပြဿနာတက်ခဲ့ပါသည်။ ၎င်းပြဿနာကို နအဖစစ်တပ်က ပစ်ခတ်နှိမ်နင်းသည့်နည်းဖြင့် ဖြေရှင်းခဲ့ပါသည်။ ဤကဲ့သို့ အဖြစ်အပျက်များ ပေါ်ပေါက်လာနိုင်စရာ အချက်အလက်ပေါင်းများစွာ ဖြစ်ပျက်လျက်ရှိနေပါသည်။

ပုဒ်မ (၄) အရ ဖက်စပ်လုပ်ကိုင်နိုင်သူမှာ တိုင်းမှူး၏ အစ်မသာဖြစ်နေကြောင်း တွေ့ရှိရရုံဖြင့် ဤပုဒ်မမှာ စစ်အုပ်စုနှင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများသာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အိမ်နောက်ဖေးပေါက်က တက်လာရန် လမ်းဖွင့်ထားသည့် စားကွက်စားကျက်ဖြစ်နေကြောင်း တွေ့ရှိရပါသည်။ ခြစားမှုများနှင့် ဆွေမျိုးညာတကာ ကောင်းစားရေး (nepotism) အတွက် သက်သက်သာဖြစ်သောကြောင့် ပြည်သူလူထုကောင်းစားရေးအတွက် ဈေးကွက်စီးပွားရေး ဖြစ်မလာနိုင်ကြောင်း တွေ့ရှိရသည်။

၅။ ဥပဒေနောက်ထပ်တိုးလာသည့် “နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြင်ဆင်သည့် ဥပဒေ” (ဥပဒေ အမှတ် - ၆/၉၇ ပုံ-သန်းရွှေ) ပါ ပုဒ်မ ၈-က တွင် “သက်ဆိုင်ရာ ၀န်ထမ်းအဖွဲ့အစည်းပိုင် ရန်ပုံငွေကို မတည်ရင်းနှီးစေပြီး သတ်မှတ်ခွင့်ပြုသည့် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ အဖွဲ့အစည်းတရပ်ရပ်ကို ဖွဲ့စည်းတည်ထောင်နိုင်သည်” ဟု ဖော်ပြထားချက်နှင့်အညီ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ စစ်မှုထမ်းဝန်ထမ်းများက ရန်ပုံငွေကို မတည်ရင်းနှီးပြီး တတိုင်းပြည်လုံးအနှံ့ တမိုးလုံးဖျောက်ဆိပ်ဆိုသလို နေရာတိုင်း စစ်ယူနီဖောင်းဝတ် (ချွတ်တာတမျိုးလည်းရှိ) ချည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကို တွေ့နေရပါသည်။ ထိုနည်းတူ ကျန်သည့် ၀န်ကြီးဌာနများကလည်း သတ်မှတ်ထားသည့် သက်ဆိုင်ရာဝန်ကြီးဌာန၏ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာပေတော့မည်။

ဤသို့ဆိုလျှင် ပြည်သူလူထု လုပ်ကိုင်စားသောက်စရာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အကွက်အကွင်း ဘာတခုမှ ကျန်ရှိတော့မည် မဟုတ်ပါ။ နိုင်ငံလွတ်လပ်ရေးကို ရယူခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပါရှိသော နိုင်ငံတော်၏ ၀ါဒရည်ညွှန်းချက်မူများ။ ပုဒ်မ - ၄၄ (၂) ။ ။ ပြည်ထောင်စုနိုင်ငံတော်အတွင်းတွင် ဓနပစ္စည်းထွက်မည့် သဘာဝပင်ရင်းအခြေအမြစ်များကို နိုင်ငံတော်အစိုးရကိုယ်တိုင်ကသော်လည်းကောင်း၊ ဒေသန္တရအဖွဲ့များက သော်လည်းကောင်း၊ ပြည်သူတို့၏ သမ၀ါယမအစည်းအရုံးကသော်လည်းကောင်း၊ လုပ်ကိုင်သုံးစွဲစေရန် နိုင်ငံတော်အစိုးရ၌ ၀ါဒထားရှိ၍ ထိုဝါဒအတိုင်း ရှေးရှုဆောင်ရွက်ရမည်။ … ဟု လွတ်လပ်ရေး၏ အနှစ်သာရကို ဖော်ပြခဲ့ပါသည်။ ယနေ့ ယခု န၀တ၊ နအဖ စစ်အစိုးရနိုင်ငံတော်မှာ ပြည်သူလူထု၏ လွတ်လပ်ရေးအနှစ်သာရ စုန်းစုန်းမြုပ် ပျောက်ဆုံးနေကြောင်း တွေ့ရှိရပါသည်။

၆။ နိုင်ငံတကာရှိ နိုင်ငံအများ ကျင့်သုံးနေသည့် “ဈေးကွက်စီးပွားရေးစနစ်” ၏ စံနေစံထားများနှင့် နှိုင်းယှဉ်ပါလျှင် မြန်မာနိုင်ငံမှာ ကျင့်သုံးနေသည့် စစ်တပ်လက်ဝါးကြီးအုပ်ထားသော စစ်ဗျူရိုကရက် အရင်းရှင်စီးပွားရေးစနစ်မှာ စစ်အုပ်စု ထိပ်ကွက်စီးပွားရေးစနစ်ဖြစ်ကြောင်း အလိမ်ပေါ်နေသောကြောင့် ပြည်သူ့အကျိုးစီးပွားကို မည့်သည့်နည်းဖြင့်မျှ ဖော်ဆောင်နိုင်မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရှိနေရပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထုလုပ်ပိုင်ခွင့် အခွင့်အရေးများကို ပိတ်ပင်တားဆီးထားသော၊ စစ်အုပ်စု စစ်အစိုးရ အကျိုးစီးပွားသက်သက်ကိုသာ ရှေးရှုသော၊ ဈေးကွက်စီးပွားရေးစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော အကြောင်းများကြောင့် ဤဥပဒေများကို ပယ်ဖျက်သင့်ကြောင်း သုံးသပ်ဝေဖန်ပါသည်။

သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ကြပါမှ ပြည်သူကို အလုပ်အကျွေးပြုရာရောက်ပါမည်။


No comments: