Sunday, December 20, 2009

မျက်ကန်းဖော်လံဖားတကောင်ရဲ့ အကျိုးအကြောင်းမဲ့ ဟောင်သံများ

အပြုံးသည်

ဒီဇင်ဘာ (၉) ရက် နေ့ထုတ် နအဖ သတင်းစာမှာ သူတို့ အရိုး အရင်း ကျွေးပြီး လက်သပ်မွေး ထားပုံ ရတဲ့ ဖော်လံဖား ဆောင်းပါးရှင် ‘ချမ်းမြအေး’ ဆိုသူ မတော် တရော်တွေ ဖားယားပြီး ရေး ထားတဲ့ ဆောင်းပါး တပုဒ်ကို ဖတ်လိုက် ရတယ်။ သူ့ရဲ့ “စိတ်ရင်း စေတနာ မှန်ပြီး ရိုးသား မယ်ဆိုရင်” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီး တာနဲ့ ဇာတ်လိုက် ကျော်ကြီး သမိန် ပေါသွပ်လိုပဲ ‘ရယ်ရ တယ် ဗြဲ’ လို့ ရေရွတ် လိုက်မိတယ်။ ‘ရယ်ရတယ် ဗြဲ’ ပြီးတာနဲ့ တဆက်တည်း “သြော် … သူခိုးက လူဟစ် ဆိုတဲ့ အပေါက် မျိုးတွေ မကြာမကြာ လုပ်တတ်တဲ့ စစ်အုပ်စု ဘက်မှာ ချမ်းမြအေး တို့လို မျက်ကန်း ဖော်လံဖား တွေပဲ ရှိလို့ ဒီကနေ့ အထိ နအဖရဲ့ ၀ါဒဖြန့်ချိ ရေးတွေ မအောင်မြင် တာပါလား” လို့ သနားတွေး တွေးပြီး စုတ်သပ် လိုက်မိပြန် ပါတယ်။


ဒီလောက် မြန်မာပြည်သူတရပ်လုံးနဲ့ တကမ္ဘာလုံးက အော့ကြောလန် ချဉ်ဖတ်ဖြစ်နေတဲ့ စစ်အုပ်စုကို ရှေ့မကြည့် နောက်မကြည့် (အင်းလေ … မျက်ကန်းဆိုမှတော့) နင်းကန်စွတ်ဖားနေပုံများ “နိုင်ငံတော်အပိုင်းက မိဘပီပီ သဘောထားကြီးကြီးထားပြီး တတ်နိုင်သမျှ အပြုသဘောဆောင် လိုက်လျောပေးခဲ့တာကို တွေ့နိုင်ပါတယ်” တို့၊ “မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်” တို့ အရှက်မရှိ ဖားရေးထားတာ ရယ်စရာပါလား ဟရို့။ အော် … မိဘနဲ့တူတဲ့ အစိုးရပေမို့ပဲ၊ အာဏာအတွက်ဆို သံဃာတော်တွေလည်း သတ်၊ ကျောင်းသားတွေလည်း သတ်၊ ပြည်သူကိုလည်း သတ်၊ ဘာမဆို သတ်နေဖြတ်နေတဲ့ မိဘမေတ္တာကြီးပါလားလို့ ငိုအားထက် ရယ်အားသန်နေမိတော့တယ်။

တကယ့်တော့ နအဖစစ်အုပ်စုဆိုတာက မျက်ကန်းဖော်လံဖား ချမ်းမြအေး အမွှမ်းတင်သလို မိဘနဲ့တူတဲ့ အစိုးရတော့ မဖြစ်နိုင်ပေဘူး။ ဖြစ်ချင်းဖြစ်ရင် ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ ခွေးရူး (ခွေးတောင်မှ သခင်ကို သခင်မှန်းသိတတ်တဲ့ ခွေးမျိုးကောင်း မဟုတ်ဘဲ ကျေးဇူးကန်းတဲ့ ခွေးရူးပါ) နဲ့တူတဲ့ စစ်အုပ်စုလို့ပဲ ပြောရပေလိမ့်မယ်။ ဒါ့အပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘဲ အာဏာကို လက်နက်အားကိုးနဲ့ အရှက်မရှိ မျက်နှာပြောင်တိုက် လုယူထားတဲ့ သူခိုးဓားပြဂိုဏ်းသာသာမို့ အစိုးရလို့လည်း မခေါ်ဝေါ်ထိုက်ပေဘူး။ စစ်အုပ်စုလို့ ခေါ်ဝေါ်တာတောင် လွန်လှပြီ။ ဒီ့ထက်ယုတ်ညံ့တဲ့ ဝေါဟာရနဲ့ပဲ ထိုက်တန်သူတွေပါ။

နောက်ပြီးတော့ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆွေးနွေးရဲ၊ မဆွေးနွေးချင်လို့ ဆီလိုအပေါက်ရှာပြီး အပြစ်တွေဖို့၊ ဟိုကွေ့ဒီရှောင်လုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်က မရိုးသားဘူးဆိုပြီး ချမ်းမြအေးက စွဲချက်တင်ထားပြန်ပါတယ်။ အပြစ်မရှိ အပြစ်ရှာပုံက ဒေါ်အောင်ဆန်းစုကြည် ပို့တဲ့စာ ဗိုလ်သန်းရွှေဆီ မရောက်ခင် ပေါက်ကြားလို့တဲ့။ တကယ်ဆို စာပါ အကြောင်းအရာက ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာအနေနဲ့ တရားဝင် လူသိရှင်ကြားထုတ်ပြန်ခိုင်းလို့လည်း ပြဿနာမရှိတဲ့ အကြောင်းအရာပါ ချမ်းမြအေးရယ်။

စာထဲမှာ တိုင်းပြည်အကျိုးအတွက် ဗိုလ်သန်းရွှေနဲ့ လက်တွဲဆောင်ရွက်ချင်တဲ့အကြောင်းနဲ့ နအဖကို ကျေးဇူးတင်တဲ့အကြောင်း ရိုးရိုးသားသား ရေးထားတာပဲ၊ နှစ်ဘက်စလုံးအတွက် ဘာတွေများ နစ်နာစရာရှိလို့လဲလို့ ဖားလွန်လွန်းတဲ့ (အဲလေ … အပြစ်မဟုတ်တာ အပြစ်လုပ်ရေးနေတဲ့) ချမ်းမြအေးကို မေးစမ်းချင်တယ်။ ကိုယ့်ဘက်က ရိုးသားတယ်ဆိုရင် တကမ္ဘာလုံးမကလို့ အင်္ဂါဂြိုဟ်ကနေပဲ ကြိုသိနေသိနေပေါ့၊ အရေးစိုက်စရာလား (သဘောတူညီမှုမရခင် ဆွေးနွေးဆဲ အကြောင်းအရာတွေ ပေါက်ကြားရင်တော့ တမျိုးပေါ့လေ။ အခုဟာက ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ဟာပဲ။ စိတ်မဆိုးနဲ့လို့ ဗိုလ်ချုပ်မှူးကြီးကို ပြောလိုက်)။ အဲဒီတော့ ဗိုလ်သန်းရွှေဘက်က မရိုးသားလို့သာ စာကို ခိုးကြောင်းခိုးဝှက် ပို့စေချင်တာလားလို့ စဉ်းစားရမလိုဖြစ်နေတယ်။ အဲဒါကြောင့် အမှန်တကယ် မရိုးသားတာ ဘယ်သူလဲ သေချာပြန်စဉ်းစား ချမ်းမြအေးရေ၊ သူခိုးက လူမဟစ်နဲ့လို့ ပြောပါရစေ။။

နောက်ပြီး အထောက်အထား မပါဘဲနဲ့ ဗလာချီစွပ်စွဲရေးသားပုံက “သေချာစွာ လေ့လာသုံးသပ်ကြည့်ရင် တချိန်တုန်းက ပိတ်ဆို့ရေးကို သူမတို့ တောင်းဆိုခဲ့တာ အမှန်ပါပဲ” တဲ့။ သြော် … ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေက ‘ဟုတ်ကဲ့’ လို့ ခေါင်းညိတ်ပြီး စီးပွားရေးပိတ်ဆို့ပေးရတာဆိုရင် ကျနော်တို့ခေါင်းဆောင်က စူပါမင်း (အဲလေ … စူပါဝူးမင်း) ပဲနော်။ ဒီလောက်ပါဝါကြီးနေရင် (ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ အမေရိကန်၊ အနောက်နိုင်ငံတွေက တသဝေမတိမ်း နာခံလုပ်ဆောင်တယ်ဆိုရင်) မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ ဗိုလ်သန်းရွှေတို့လူသိုက် တခါတည်း စိစိညက်ညက်ကျေသွားအောင် နေပြည်တော်ကို ဗုံးလာကြဲဖို့ ကျနော်တို့ခေါင်းဆောင်ကို တောင်းဆိုခိုင်းလိုက်မှနဲ့ တူတယ်နော် (ဤနေရာတွင် စာရေးသူ အကြာကြီး ရယ်နေမိ)။ ချမ်းမြအေးလည်း အရိုးအရင်းကျွေးဖော်ရတဲ့ ကျေးဇူးရှင်တွေနဲ့အတူ ကြိုပြေးချင်ပြေးဖို့ လိုဏ်ခေါင်းတူးထားပေတော့။

နအဖ အသုံးမကျလို့၊ ရစ်လို့ (စီမံခန့်ခွဲမှုညံ့ဖျင်းလို့) လာရောက်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ မလုပ်သာတော့ဘဲ ပြန်ထွက်သွားကြတာကို ချမ်းမြအေး သိပုံမရဘူး။ နောက်ပြီး နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေ၊ ဖိနှိပ်ရက်စက်တာတွေ ရပ်တန့်အောင်လို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လုပ်အောင်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတာကို ချမ်းမြအေးတယောက် မသိရှာဘဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ အသားလွတ် အထင်ကြီးတာ ကျေးဇူးပါပဲဗျာလို့ ရွဲ့ပြောရမလိုဘဲ။ စဉ်းစဉ်းစားစား၊ ယုတ္တိယုတ္တာရှိရှိလည်း စွပ်စွဲစမ်းပါ ချမ်းမြအေးရယ်။

တကယ့်တော့ ချမ်းမြအေးတို့ရဲ့ ဗိုလ်ချုပ်မှူးကြီးက ရွှေဝါရောင်နဲ့ မျက်ဖြူဆိုက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါမယ်ဆိုတဲ့ ကြေညာချက်ကို လိမ်လည်ထုတ်ပြန်ပြီး ထွက်ပေါက်ရှာခဲ့တာပါ။ တနည်းပြောရရင် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးကို ဗိုလ်သန်းရွှေ ခုတုံးလုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ်ဆွေးနွေးချင်လို့ မဟုတ်ပါဘူး။ မဆွေးနွေးချင်လို့လဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်တာမဟုတ်တဲ့ စီပွားရေးပိတ်ဆို့ခံရတဲ့ ကိစ္စကြီးကို သူ တမင်တကာ ထည့်သွင်းခဲ့တာပေါ့။ တကယ့်ကို မရိုးမသားလုပ်နေတာက ချမ်းမြအေး ဖားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမှ ဗိုလ်ချုပ်မှူးကြီးအစစ်ပါဗျာ။ တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒကို မရှိလို့ သူ အမျိုးမျိုး ကလိန်ကကျစ်လုပ်နေတာပါ။

အဲဒါကြောင့် ချမ်းမြအေးကို ‘ဖားတာလည်း ကြည့်ဖား၊ မရိုးမသား ကလိန်ကကျစ်လုပ်နေတဲ့ သူတွေကို ဖားမိရင် ပါးစပ် ၀ဲစွဲမယ်၊ စာရေးတဲ့လက် နူသွားလိမ့်မယ်’ လို့ စေတနာနဲ့ သတိပေးစကား ပြောကြားလိုက်ပါရစေ။

No comments: