Wednesday, May 13, 2009

ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီဖွဲ့စည်းရန် မွန်ပြည်နယ်တွင် စတင်လှုပ်ရှား

ဝီရ / ၁၃ မေ ၂၀၀၉

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဝင်မည့် ပြည်နယ်၊ တိုင်းများ တွင် ကြံ့ဖွံ့ အသွင်ပြောင်း နိုင်ငံရေး ပါတီ ဖွဲ့စည်းရန် နေပြည်တော် ဝန်ကြီး အချို့အား ရာထူးမှ နုတ်ထွက် ခိုင်းပြီး နိုင်ငံရေး လိုင်းဝင်ရမည့် ဝန်ကြီးများ စာရင်းတွင် သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့် လည်း ပါဝင် ကြောင်း စုံစမ်း သိရှိ ရသည်။

အသက် (၆၀) ကျော်ပြီးဖြစ်သည့် လက်ရှိဝန်ကြီးများကို သက်ဆိုင်ရာ ဇာတိမြေအလိုက် ပြည်နယ်ကိုယ်စားပြု ကြံ့ဖွံ့နိုင်ငံရေးပါတီ ဖွဲ့ရန် ဗိုလ်မှူးချုပ် အုန်းမြင့်အား မွန်ပြည်နယ်တွင် တာဝန်ပေးထားကြောင်း ဝန်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောကြားသည်။

အငြိမ်းစားပေးခံရတော့မည့် ဝန်ကြီးအချို့တို့သည် အရပ်ဝတ်ဖြင့် နိုင်ငံရေး လိုင်းဘက်ဝင်ရန် ဆန္ဒမရှိကြ၍ ဝန်လေးနေကြသော်လည်း ၎င်းတို့၏ လူယုံတပည့်များကို နိုင်ငံရေးပါတီတွင် ဝင်ရောက်နိုင်ရန် စီစဉ်ညွှန်ကြားထား ကြောင်း လုံခြုံရေးကြောင့် အမည်မဖော်လိုသူ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

သတ္တုတွင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်သည် မွန်ပြည်နယ် မုဒုံမြို့ဇာတိ ဖြစ်သောကြောင့် ထိုဒေသသို့ မဲဆွယ်စည်းရုံးရန် တာဝန်ပေးခံရခြင်း ဖြစ်နိုင်ကြောင်း မုဒုံမြို့မှ ၎င်း၏ကျောင်းနေဘက် အငြိမ်းစားကျောင်းအုပ်တဦးကပြောသည်။

ဗိုလ်မှူးချုပ် အုန်းမြင့်၏ ညွှန်ကြားမှုဖြင့် မွန်ပြည်နယ် ကိုယ်စားပြု ကြံ့ဖွံ့ပါတီအတွက် ၎င်းဌာနလက်အောက်ရှိ အရွေးခံမည့် ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်တို့က နယ်မြေခံ ကြံ့ဖွံ့တာဝန်ခံများနှင့် လွန်ခဲ့သော ဧပြီလမှ စ၍ လာရောက်တွေ့ဆုံ၍ တိတ်တဆိတ် ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်း မွန်ပြည်နယ်မှ ကြံ့ဖွံ့အဖွဲ့ မြို့နယ်တာဝန်ခံ တဦးကလည်း အတည်ပြုပြောကြားသည်။

“ငွေကြေးချမ်းသာတဲ့ နယ်မြေခံ ကြံ့ဖွံ့တာဝန်ခံတွေနဲ့ သူတို့နဲ့အဆက်အသွယ်ရှိပြီးသား၊ အစတုန်းက သူတို့လူဟောင်း တွေ၊ တက္ကသိုလ်ကျောင်းက ပါမောက္ခတွေကိုပဲ ကွက်ပြီး သူတို့ (ဗိုလ်မှူးချုပ် အုန်းမြင့် ရွေးချယ်ထားသည့်သူများ) က လာတွေ့တာရှိတယ်။ မြို့နယ်အလိုက် ဘယ်သူဝင်ပြိုင်မယ်ဆိုတာကိုတော့ ဆွေးနွေးနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။

နေပြည်တော်ဝန်ကြီးများကို နိုင်ငံရေးပါတီဖွဲ့ရန် တာဝန်ပေးရာတွင် စက်မှု (၁) ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်း အား မန္တလေးတိုင်း၊ စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးလွန်းသီအား ကွမ်းခြံကုန်း စသဖြင့် ၎င်းတို့ဇာတိမြေအလိုက် ကြံ့ဖွံ့အသွင်ပြောင်း နိုင်ငံရေးပါတီများကို ဦးဆောင်ခိုင်းမည်ဟု သိရသည်။

No comments: